၂ဝဝ၈ ခုနှစ်အတွင်း ရေးပြီးခဲ့သမျှ ဆောင်းပါးတွေ ဖြစ်ပါတယ်။

Saturday, January 19, 2008

မြန်မာကို ကမ္ဘာက စောင့်ကြည့်နေသည်

၂၀၀၈ ဇန်န၀ါရီ (၁၇)ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြင်ပမှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံကို ကိုင်ဆောင်ပြီး ဒီမိုကရေစီ ထောက်ခံပွဲ ဆန္ဒပြကြပါတယ်။ အဲဒီအကြောင်း အေအက်ဖ်ပီ သတင်းဌာနက ကမ္ဘာ့သတင်း မီဒီယာသို့ တင်ပြလိုက်လို့ မြန်မာအကြောင်း နိုင်ငံတကာက သိခွင့်ရလိုက်ပြန်ပါတယ်။ (ဓါတ်ပုံ - အေအက်ဖ်ပီ၊ Kazuhiro Nogi)

ကမ္ဘာ့မီဒီယာက မြန်မာ့အကြောင်းကို နေ့စဉ်နေ့တိုင်း ဖော်ပြပေးနေပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့ပြည်သူတွေဟာ မြန်မာနိုင်ငံအကြောင်း ကောင်းကောင်း သိနေကြပါတယ်။ နိုင်ငံတကာက မြန်မာနိုင်ငံမှာ အပ်ကျတာကအစ စိတ်ဝင်စားပါတယ်။ စိတ်ဝင်စားတဲ့အတိုင်းလည်း လိုအပ်တာတွေကို အဖြစ်နိုင်ဆုံး ကူညီ လုပ်ဆောင်ပေးနေတာတွေလည်း ရှိပါတယ်။

ဘာကြောင့်လဲဆိုတော့ မြန်မာပြည်သူတွေကို ခေတ်သစ် ကမ္ဘာ့ပြည်သူတွေလို ဒီမိုကရေစီကို ခံစား စေချင်လွန်းလို့ပါ။ မြန်မာနိုင်ငံသားတွေ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်ခံနေရတဲ့ ဘ၀က အမြန်ဆုံး လွတ်မြောက်စေချင်လို့ပါ။

ကမ္ဘာ့ငြိမ်းချမ်းရေးရဲ့အနှစ်သာရဟာ တကမ္ဘာလုံးမှာရှိတဲ့ ပြည်သူတွေ အသက်-အိုးအိမ်-စည်းစိမ် လုံခြုံပြီး စိတ်ချမ်းသာစွာ ပျော်ရွှင်နိုင်ဖို့ ဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတိုင်း၊ အဖွဲ့အစည်းတိုင်း၊ ပြည်သူတိုင်းက ကိုယ်ပိုင်အသိတရားတွေနဲ့ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေ၊ သဘောတူညီချက်တွေကို တတ်နိုင်သမျှ လိုက်နာစောင့်ထိန်းကြရပါတယ်။ အတူတကွ ၀ိုင်းဝန်းပူးပေါင်း ဖြေရှင်းကြပါတယ်။

မြန်မာ့အရေးကို ကြည့်ရင် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးမှု၊ ကျန်းမာရေး၊ စီးပွားရေး အစရှိတဲ့ နေရာတိုင်းနီးပါးလောက်မှာ နိုင်ငံတကာက အများသဘောတူ သတ်မှတ်ထားတဲ့ စံညွှန်းတွေထက် အများကြီးကို လျော့နည်းနေတာ တွေ့ရပါတယ်။ ဒါကြောင့် မြန်မာကို ကမ္ဘာက အမြဲတစေ စောင့်ကြည့် နေတာပါပဲ။ မီဒီယာ အားကောင်းတဲ့ (၂၁)ရာစု ခေတ်သစ်ဖြစ်လို့ မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာ ကမ္ဘာက မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း သိရှိနေပါတယ်။

နိုင်ငံတကာက စောင့်ကြည့်နေရတဲ့ အခြားအကြောင်းရင်းတခုကတော့ မြန်မာ့ပြဿနာတွေကို အခြေအနေပေးရင် ပေးသလို ၀င်ရောက် ကူညီ ဖြေရှင်းပေးနိုင်ဖို့လည်း ဖြစ်ပါတယ်။

နိုင်ငံတခုဟာ ကမ္ဘာ့ငြိမ်းချမ်းရေးရဲ့အနှစ်သာရကို အကောင်အထည် ဖော်နိုင်စွမ်း ရှိနေပြီလို့ နိုင်ငံတကာက စိတ်ချလက်ချ ဖြစ်သွားရင် အဲဒီနိုင်ငံကို ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်မီဒီယာကမှ အချိန်ကုန်ခံပြီး စောင့်ကြည့်မနေပါဘူး။ တကယ်လို့ မြန်မာနိုင်ငံကို စောင့်ကြည့်ရတဲ့စာရင်းထဲမှာ မပါစေချင်ဘူးဆိုရင် စောစောက ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေး အစရှိတာတွေမှာ နိုင်ငံတကာနဲ့ တန်းတူဖြစ်အောင် သက်ဆိုင်ရာ အာဏာပိုင်တွေက ပြည်သူတွေ တောင်းဆိုသလို အမှန်တကယ် လိုက်လျောပေးနိုင်ရင် ပြီးသွားမှာပါပဲ။

ဒါပေမယ့် ကမ္ဘာ့ငြိမ်းချမ်းရေးရဲ့အနှစ်သာရကို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးတွေက နားလည်နိုင်စွမ်း မရှိကြပါဘူး။ တန်ဖိုးထားရကောင်းမှန်းလည်း မသိကြပါဘူး။ ခေတ်နဲ့အမီ မလိုက်နိုင်ဘူးလို့ပဲ ပြောရမလား၊ ခေတ်နောက်ပြန် ဆွဲနေတယ်လို့ပဲ ဆိုရမလားပါပဲ။

ခေတ်နောက်ပြန် ဆွဲတာကတော့ ဒီကနေ့ ခေတ်မစားတော့တဲ့ ပြည်သူတွေအပေါ် ဥပဒေမဲ့ အကြမ်းဖက် နှိပ်ကွပ် အုပ်ချုပ်တဲ့ အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် လုပ်တာမျိုး ဖြစ်ပါတယ်။ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လို့ကတော့ တရားဥပဒေ စိုးမိုးမှု မရှိတာကြောင့် ပြည်သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှာပဲ ဖြစ်ပါတယ်။

လူ့အခွင့်အရေးကို အာမခံနိုင်တာကတော့ ဒီမိုကရေစီ နိုင်ငံတွေပါပဲ။ ဒီမိုကရေစီ စစ်မှန်လေ၊ လူ့အခွင့်အရေးကို ပိုမိုထိန်းသိမ်း ကာကွယ်ပေးနိုင်လေပါပဲ။ ဒါ့အပြင် လူ့အခွင့်အရေးတွေကို ပိုမိုမြှင့်တင် ပေးနိုင်ပါသေးတယ်။ ဒီတော့ ကမ္ဘာ့နိုင်ငံတွေမှာ ပြည်သူတွေက ဒီမိုကရေစီကို အသွင်ကူးပြောင်းဖို့ ပိုမို တောင်းဆိုလာကြတာ မဆန်းလှပါဘူး။

မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ ၁၉၈၈ ရှစ်လေးလုံး လူထုအုံကြွမှုကြီးကတည်းက စတင်ခဲ့တာပါ။ အခြားကမ္ဘာ့နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ အရေးမှာ မြန်မာနိုင်ငံဟာ ခေတ်နဲ့အမီ လိုက်နေပါတယ်။ အီရန်၊ ဖိလစ်ပိုင်တို့ကလွဲရင် ခေတ်ရှေ့ကို ပြေးနေတယ် လို့တောင် ပြောလို့ရတဲ့ အနေအထားမှာ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို စတင် မလုပ်ဆောင်နိုင်အောင် နှေးကွေးနေလို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဝေဖန်လိုက်ပါပြီ။ ကုလသမဂ္ဂက ကြားဝင်ညှိနှိုင်းပေးမယ့် အထူးကိုယ်စားလှယ် ဂမ်ဘားရီကို မြန်မာနိုင်ငံသို့ စောစောစီးစီး လာရောက်ခွင့် ပြုဖို့လည်း မြန်မာ စစ်အစိုးရကို တဆက်တည်း တိုက်တွန်းနေပါပြီ။

မြန်မာနိုင်ငံက နအဖစစ်ဗိုလ်ချုပ်တွေဟာ သူတို့အာဏာ သက်ဆိုးရှည်နိုင်ရေးကို ၁၉၈၈ခုနှစ် သြဂုတ်လ ရှစ်လေးလုံး လူထုအုံကြွမှု ပြီးကတည်းက နည်းအမျိုးမျိုးနဲ့ လှည့်စားလာခဲ့တာ မြန်မာနိုင်ငံသားတိုင်းက သိနေကြပါတယ်။ ကမ္ဘာ့နိုင်ငံတွေကလည်း သိနေကြပါတယ်။ အဲဒီလောက်ကြာတဲ့ နှစ်တွေအတွင်းမှာလည်း ပြည်သူတွေအပေါ် စေတနာထား ရိုးဖြောင့်စွာ အုပ်ချုပ်ခဲ့တာမျိုး တခါမှ မရှိခဲ့ဖူးပါဘူး။ ဒါကြောင့်လည်း မြန်မာပြည်သူတွေဟာ နအဖစစ်ဗိုလ်ချုပ်တွေကို မထောက်ခံခဲ့ကြဘူး။

လူထုထောက်ခံမှု မရတဲ့ ဘယ်အစိုးရမဆို လုပ်လေ့လုပ်ထ ရှိတာ အကြမ်းအားဖြင့် နှစ်မျိုး ရှိပါတယ်။ ပထမအမျိုးအစားကတော့ လူထုထောက်ခံမှု မရတဲ့အတွက် နိုင်ငံအုပ်ချုပ်ရေးတာဝန်ကနေ သိက္ခာရှိရှိ နှုတ်ထွက်ပေးပြီး တာဝန်ယူနိုင်စွမ်းရှိမယ့်သူတွေ လက်ကို တာဝန် လွှဲပြောင်းပေးလိုက်တာ ဖြစ်ပါတယ်။

ဒုတိယအမျိုးအစားကတော့ လူထုထောက်ခံမှု မရလည်း ဂရုမစိုက်ပဲ သိက္ခာ အကျခံပြီး အာဏာကို ဆက်လက်ချုပ်ကိုင်နိုင်ဖို့ မသမာတဲ့နည်းလမ်းတွေကို အသုံးချတတ်ကြပါတယ်။ ဒီအခါမှာ တရားဥပဒေကို ဖောက်ဖျက်ရတော့တာဖြစ်လို့ များသောအားဖြင့် အရင်တုန်းက လူအများ ထောက်ခံအတည်ပြုထားတဲ့ အခြေခံဥပဒေကို ဖျက်သိမ်းပြီး သူတို့အလိုကျ အခြေခံဥပဒေကို အဓမ္မ အတည်ပြုဖို့ ကောက်ကျစ်စဉ်းလဲစွာ ကြံစည်ကြိုးပမ်းတတ်ကြပါတယ်။ ဒါ့အပြင် နိုင်ငံတကာ စည်းမျဉ်းဥပဒေတွေ၊ စံထားရတဲ့ သတ်မှတ်ချက် တွေကိုလည်း မလိုက်နာတတ်ကြပါဘူး။

လက်ရှိမြန်မာနိုင်ငံမှာ အုပ်ချုပ်နေတဲ့ အစိုးရကတော့ ဒုတိယ အမျိုးအစားထဲကပါပဲ။

အမှန်ဆိုရင် ဂမ်ဘားရီဟာ ၂၀၀၇ခုနှစ် ဒီဇင်ဘာလထဲမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ အစီအစဉ် ရှိထားခဲ့ပါတယ်။ ဒီဇင်ဘာမှာ မဖြစ်တော့ ဇန်န၀ါရီလထဲမှာ လာဖို့ စီစဉ်ပြန်ပါတယ်။ ဒါလည်း ရွှေ့ဆိုင်းပေးရမလို ကြုံနေရပါပြီ။ အကြောင်းကတော့ လောလောဆယ်မှာ ဂမ်ဘားရီရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ အဆင်မပြေသေးလို့ ဒီနှစ် ဧပြီလလောက်မှပဲ ဖြစ်နိုင်ဖွယ် ရှိလိမ့်မယ်လို့ နအဖဘက်က ပြောလာပြန်လို့ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာဖိအားတွေ တိုးပွားလာတာနဲ့အတူ လုံခြုံရေးကောင်စီက ကြေညာချက် ထုတ်ပြီး ဝေဖန်တဲ့အဆင့်ကို ရောက်လာရတာပါပဲ။

အခုတကြိမ် ဂမ်ဘားရီ ခရီးစဉ်ကို နောက်အကျဆုံး ဖြစ်အောင် ရွှေ့ဆိုင်းနိုင်ဖို့ နအဖ စစ်ဗိုလ်ချုပ်ကြီးတွေက လိမ်လည်လှည့်စားနေပြန်ပါတယ်။ နအဖဘက်က အခုအချိန်ထိ တရားဝင် ထုတ်ပြန်ထားတာ မရှိသေးပေမယ့် ဂမ်ဘားရီ လာနိုင်ဖို့ လုံခြုံရေးကောင်စီက ဖိအားပေးတာ များလာရင် အဆင်သင့် ပြင်ထားတဲ့ ဆင်ခြေဆင်လက်တခု ရှိနေပါတယ်။

အဲဒါကတော့ ကုလသမဂ္ဂ ကိုယ်စားလှယ် လာရောက်ညှိနှိုင်းဖို့ မဖြစ်နိုင်လောက်အောင် ပြည်တွင်းမှာ အကြမ်းဖက် ဗုံးပေါက်ကွဲမှုတွေ ရှိနေတယ်လို့ ဆင်ခြေဆင်လက် ပေးနိုင်ဖို့် ဖြစ်ပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ ဗုံးခွဲတဲ့သတင်းတွေ၊ ဗုံးခွဲလို့ ပြည်သူတွေ သေဆုံး၊ ဒဏ်ရာရတဲ့ သတင်းတွေကို နအဖပိုင် သတင်းစာတွေက အတိအလင်း ထုတ်ဖော် အသိပေးလာပါတယ်။ ပြီးခဲ့တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးနဲ့ အာဆီယံ ထိပ်သီးညီလာခံတို့မှာ မြန်မာဘက်က ပြောသွားတာတွေကို မှတ်မိနေကြဦးမှာပါ။ အဲဒီတုန်းက အစည်းအဝေး တက်လာတဲ့ မြန်မာနအဖ စစ်ခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာ စက်တင်ဘာ ဆန္ဒပြပွဲတွေရဲ့နောက်ပိုင်း တိုင်းပြည် အခြေအနေကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ပြီး ပုံမှန် ပြန်ဖြစ်သွားပါပြီလို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အဲဒီလိုသာ ဖြစ်နေရိုးမှန်ရင်၊ ဒါမှမဟုတ် အခြေအနေကို တကယ်တမ်း ထိန်းချုပ်လိုတဲ့ ဆန္ဒရှိရင် မြန်မာ သတင်းစာတွေကနေ ဗုံးပေါက်ကွဲတဲ့ သတင်းမျိုးကို ထုတ်ပြန်မှာ မဟုတ်ပါဘူး။ သူတို့ အမြဲလုပ်နေကျ အတိုင်း တတ်နိုင်သမျှ ဖုံးဖိပြီး သတင်း အမှောင်ချထားမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းနဲ့ နိုင်ငံခြားငွေမာ ရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေးတွေကို ထိခိုက်စေမှာ ဖြစ်လို့ပါပဲ။

ဒါပေမယ့် နိုင်ငံခြားနဲ့ ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်းတွေကို အထိခိုက်ခံပြီး နအဖ အာဘော် သတင်းစာတွေကနေ မြန်မာနိုင်ငံမှာ ဗုံးပေါက်ကွဲတဲ့အကြောင်း အမှန်တကယ်ကိုပဲ လူသိရှင်ကြား ထုတ်ဖော်လာခဲ့ပါတယ်။

ဒီလိုမျိုး ရှေ့နောက်မညီတဲ့ အဖြစ်မျိုးကို နှစ်လ၊ သုံးလအတွင်းမှာ ဖြစ်အောင်လုပ်လာပြီ ဆိုရင် နအဖ စစ်ဗိုလ်ချုပ်တွေဟာ အကြံကုန် ဂဠုန် ဆားချက်နေရပြီ ဆိုတာ သိသာထင်ရှားပါတယ်။

မြန်မာနိုင်ငံကို ဂမ်ဘားရီ နောက်တကြိမ် ရောက်လာမယ်ဆိုရင် စစ်အစိုးရ နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်တဲ့ ဗိုလ်ချုပ်သန်းရွှေနဲ့ တွေ့ကိုတွေ့မှ ဖြစ်မယ့်ကိစ္စပါ။ ဂမ်ဘားရီဟာ သာမန်ပုဂ္ဂိုလ် တဦးတယောက် မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ခရီးစဉ်အကြောင်း လုံခြုံရေးကောင်စီကို သတင်းပြန်ပို့ဖို့ အထူးတာဝန်ရှိနေသူ ဖြစ်ပါတယ်။ ဂမ်ဘားရီဟာ အရင်တခေါက်မှာ ဗိုလ်ချုပ်သန်းရွှေနဲ့ တွေ့ခွင့် မရလို့ ဒီတခေါက် မဖြစ်ဖြစ်အောင် တွေ့ရပါတော့မယ်။ ဗိုလ်ချုပ်မောင်အေးနဲ့ ဂမ်ဘားရီတို့ သီးသန့်တွေ့ဆုံဖို့ကိုလည်း ဗိုလ်ချုပ်သန်းရွှေက လိုလားပုံ မရပါဘူး။

ဒါ့အပြင် ဂမ်ဘားရီ ရောက်လာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပေးဖို့ကလည်း မဖြစ်ဖြစ်အောင် လုပ်ပေးရမယ့် ကိစ္စဖြစ်နေတော့ ဗိုလ်ချုပ်သန်းရွှေအနေနဲ့ အတော်လေး အကြပ်ရိုက်ရတဲ့ အနေအထားမှာ ရှိပါတယ်။ ဂမ်ဘားရီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးလို့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကို နအဖအနေနဲ့ ဥာဏ်မမီနိုင်အောင် ဖြစ်နေရတာကလည်း မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေအတွက် ပြဿနာကြီးတခုပါ။

ဒါတွေတင် မကသေးပါဘူး။ ဂမ်ဘားရီ မြန်မာနိုင်ငံကို ရောက်နေတဲ့သတင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်ဆိုတဲ့ သတင်းတွေက ကမ္ဘာ့စာမျက်နှာမှာ ထိပ်ဆုံးက ပါလာနေဦးမှာ ဖြစ်ပါတယ်။ ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားနိုင်ငံရေး အကျဉ်းသမားတွေကို ပြန်လွှတ်ပေးဖို့ ဂမ်ဘားရီနဲ့တကွ နိုင်ငံတကာက တောင်းဆိုသံတွေ ထပ်မံ ကျယ်လောင်လာဦးမှာ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ပီညဲရိုးက နောက်ထပ် စုံစမ်းအတည်ပြုမယ့် ခရီးစဉ်ကို နအဖက ခွင့်ပြုဖို့ တောင်းဆိုတဲ့ကိစ္စကလည်း ရှိနေပါသေးတယ်။

ဒီထက်ပိုပြီး မျက်ခုံးလှုပ်ရတာကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ကြားဝင်ဆောင်ရွက်မှုအရ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဂမ်ဘားရီ မြန်မာနိုင်ငံကို ရောက်လာရင် မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုက ပြည်တွင်းပြည်ပမှာ အထူးကို အရှိန်တက်သွားတတ်လို့ ဖြစ်ပါတယ်။ ရွှေဝါရောင် တော်လှန်ရေးက ပြီးဆုံးသေးတာ မဟုတ်လို့ နောက်တပွဲ နွှဲဖို့ တာစူနေကြတာ အားလုံးအသိပါ။

အခုရက်ပိုင်း အတွင်းမှာကိုပဲ တောင်ကုပ်မှာ အင်အားနဲ့ လူထုဆန္ဒပြဖို့ လုပ်နေတာကို နအဖ အာဏာပိုင် တွေက အဓိကရုဏ်းပုံစံ နှိမ်နှင်းဖို့ အင်အား အလွန်အကျွံ သုံးနေတယ်ဆိုတာ ကြားသိနေရပါတယ်။ အမှန်ဆိုရင် အစိုးရတရပ်အနေနဲ့ အရေးပေါ် အခြေအနေ ကြေညာချက် ထုတ်ပြန်ပြီးမှ အဓိကရုဏ်းပုံစံ နှိမ်နှင်းဖို့ လုပ်ရပါတယ်။

ကမ္ဘာက အာရုံစိုက်ခံနေရတဲ့ နိုင်ငံတခုဟာ မဟုတ်တာတွေကို လုပ်လို့ မရပဲ ဖြစ်နေတတ်တာကြောင့် ဖြစ်နိုင်ရင် ဂမ်ဘားရီ၊ ပီညဲရိုးတို့လို ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေ၊ မကြာခင် ရောက်လာဖို့ စိုင်းပြင်းနေတဲ့ ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ် ဖာစီနို တို့ကို မြန်မာနိုင်ငံထဲမှာ ရှိမနေစေချင်တာ ကတော့ ဗိုလ်ချုပ်သန်းရွှေ ဦးဆောင်တဲ့ နအဖရဲ့ ဆန္ဒဆိုရင် မှားမယ် မထင်ပါဘူး။

မြန်မာနိုင်ငံကို ဂမ်ဘားရီ မလာရောက်နိုင်အောင် လုံခြုံရေး အကြောင်းပြနိုင်ဖို့ ဗိုလ်ချုပ်သန်းရွှေဟာ အမျိုးမျိုး ကြံဖန်လှည့်စားနေဦးမှာ ဖြစ်ပါတယ်။ နအဖ ရုံးစိုက်ရာ ကြပ်ပြေးမှာတောင် ဗုံးဖေါက်ခွဲတာတွေ ရှိနေရုံမက ရန်ကုန်နဲ့ အခြားမြို့တွေမှာလည်း ဗုံးခွဲတာတွေ ရှိနေတယ်၊ ဗုံးတွေက နေ့စဉ်ရက်ဆက် ဆိုသလို ပေါက်ကွဲနေတယ် စတဲ့ ပြည်တွင်း မငြိမ်မသက် အနေအထားကို နအဖက တမင်တကာ ဖန်တီးနေတယ်လို့ သုံးသပ်ရပါတယ်။

နောက်ထပ်ပြောနိုင်တာကတော့ မြန်မာနိုင်ငံ ပြည်တွင်းမှာ ဗုံးခွဲ အကြမ်းဖက်မှုတွေ ရှိနေတာကို တရုတ်က မလိုလားတဲ့ ကိစ္စပါ။ ဒေသတွင်း တည်ငြိမ်မှုရှိပြီး ပတ်ဝန်းကျင် အိမ်နီးချင်း နိုင်ငံတွေကို ခြိမ်းချောက်တဲ့ အနေအထား မရှိပါဘူးလို့ အာဆီယံနဲ့ အိန္ဒိယအပြင် တရုတ်နိုင်ငံက တွင်တွင်ကြီး ပြောနေခဲ့ဖူးပါတယ်။ အကြမ်းဖက်တဲ့ ရည်ရွယ်ချက်နဲ့ ဗုံးတွေ ဖေါက်ခွဲနေတဲ့ နိုင်ငံတခုရဲ့ပြည်တွင်းရေးဟာ တည်ငြိမ်မှု ရှိတယ်လို့ ဘယ်တုန်းကမှ သတ်မှတ်မခံရပါဘူး။ ပြီးတော့ အဲဒီနိုင်ငံ ပါဝင်နေတဲ့ ဒေသတွင်း တည်ငြိမ်ရေးကိုလည်း အနည်းနဲ့အများ ခြိမ်းချောက်နေတယ် ဆိုတာ အားလုံးက လက်ခံတတ်ကြပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းအနေအထားဟာ ဒေသတွင်း တည်ငြိမ်ရေးကို ထိခိုက်ဖို့ တလှမ်းချင်း ရှေ့ကို တိုးလာနေပါတယ်။ ဒေသတွင်း တည်ငြိမ်မှု မရှိရင် တရုတ်က အကြီးအကျယ် မျှော်မှန်းထားတဲ့ ၂၀၀၈ ဘေ့ဂျင်း အိုလံပစ်ကိုလည်း အလိုလို ထိခိုက်လာနိုင်ပါတယ်။ အိုလံပစ် သပိတ်မှောက်ရေး လှုပ်ရှားသူတွေက ဒေသတွင်း တည်ငြိမ်ရေးကို အဓိက ပစ်မှတ်ထဲက တခုအဖြစ် သတ်မှတ်ပြီး ကမ္ဘာနဲ့အ၀ှမ်း လှုပ်ရှားမှု ကျယ်ပြန့်လာနေတာကို တရုတ်နိုင်ငံက အထူး ဂရုစိုက်နေရပါတယ်။

တရုတ်ဟာ မျှော်လင့်ချက် အနည်းငယ်အတွက် နအဖဘက်ကိုလိုက်ပြီး လုံခြုံရေးကောင်စီမှာ သူ့ကိုယ်ပိုင် ဗီတိုအာဏာကို သိက္ခာမဲ့စွာ သုံးပေးနေရပါတယ်။ ဒါကြောင့် တရုတ်က လက်နဲ့ရေးသမျှ နအဖ စစ်ဗိုလ်ချုပ်တွေက ခြေနဲ့ လိုက်ဖျက်နေတာမျိုးကို တရုတ်က ဘ၀င်ကျမှာ မဟုတ်ပါဘူး။ ရှေ့နောက်မညီ၊ စကားမတည်တဲ့ နအဖရဲ့ လုပ်ရပ်တွေကြောင့် တရုတ်အနေနဲ့ ကမ္ဘာကို မျက်နှာ အပျက်ခံချင်မှာ မဟုတ်ပါဘူး။ မြန်မာစစ်ဗိုလ်ချုပ်တွေ ဆိုးသွမ်း ဟော့ရမ်းနေသမျှ လိုက်လံ ကာကွယ် ဖာထေးပေးနေရတဲ့ ကမ္ဘာ့နိုင်ငံကြီး တနိုင်ငံအဖြစ် တရုတ်က ရေရှည်ရပ်တည်ဖို့ ဖြစ်နိုင်မှာလည်း မဟုတ်တော့ပါဘူး။

တရုတ်ဘက်ကသာ လမ်းကြောင်းတခုခုကို သိသိသာသာ ပြောင်းလဲ ဖန်တီးလိုက်မယ်ဆိုရင် အိန္ဒိယ၊ ဂျပန်နဲ့ အာဆီယံနိုင်ငံတွေကလည်း တရုတ်နောက်ကို လိုက်ပြီး ရပ်တည်ပေးကြဖို့ အသင့်ဖြစ်နေတဲ့ နိုင်ငံရေး အရိပ်လက္ခဏာတွေကို သိသိသာသာ မြင်နေရပါတယ်။

ဒါကြောင့် တရုတ် အစိုးရအနေနဲ့ သဘောမကျနိုင်တဲ့ လုပ်ရပ်မျိုးကို မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေက လုပ်ဖို့ ဆိုတာ အင်မတန် စွန့်စားရတဲ့ နိုင်ငံရေးကိစ္စ ဖြစ်ပါတယ်။ တရုတ် မကြိုက်တဲ့ အလုပ်မျိုး ဖြစ်နေသည့် တိုင်အောင် နအဖက နောက်ဆုံး မတတ်သာပဲ လုပ်လာပြီဆိုရင် ဗိုလ်ချုပ်သန်းရွှေတို့မှာ အကြံကုန်နေပြီ လို့သာ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။

ဒီကြားထဲမှာ မြန်မာပြည်သူတွေအနေနဲ့ အထူး ဂရုစိုက်ရမှာကတော့ မိမိတို့ရဲ့ အသက်အန္တရာယ် လုံခြုံရေး ဖြစ်ပါတယ်။ နအဖက နိုင်ငံရေး လှည့်ကွက်လုပ်ဖို့ ကြံစည်အားထုတ်နေချိန် ဖြစ်တယ်ဆိုတာလည်း သတိ ရှိနေကြရပါလိမ့်မယ်။

လွင်အောင်စိုး

၂၀၀၈ ဇန်န၀ါရီ (၁၉)ရက်

Download article:

PDF : the-world-is-watching-burma.pdf

Word: the-world-is-watching-burma.doc

တရုတ်နိုင်ငံမှာ ဒီမိုကရေစီ မရမီ တည်ငြိမ်နေဖို့လို

Saturday, January 12, 2008

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ရည်မှန်းချက်

မြန်မာနိုင်ငံမှာ ရဟန်းသံဃာတွေ၊ ပြည်သူတွေက သောင်းနဲ့ သိန်းနဲ့ချီပြီး ဆန္ဒပြတာကို ရက်ရက်စက်စက် နှိမ်နှင်းဖြိုခွဲတာတွေ ရပ်ဆိုင်းဖို့ ကမ္ဘာ့နိုင်ငံတွေက အာဏာရှင် ဗိုလ်ချုပ်သန်းရွှေနဲ့ ဗိုလ်ချုပ်မောင်အေးတို့ကို တောင်းဆိုနေခဲ့တာ အခုဆိုရင် သုံးလရှိသွားပါပြီ။ တဆက်တည်းမှာပဲ ကမ္ဘာ့နိုင်ငံတွေက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ ရည်မှန်းချက်အတွက် တွေ့ဆုံဆွေးနွေးပွဲကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ စတင်ကြဖို့လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးတွေကို တောင်းဆို နေခဲ့ကြပါတယ်။ မြန်မာပြည်သူတွေရဲ့တောင်းဆိုချက်၊ ကမ္ဘာ့နိုင်ငံတွေရဲ့တောင်းဆိုချက်တွေကို မြန်မာစစ် အစိုးရအနေနဲ့ ဖြည့်ဆည်းပေးဖို့ အချိန်တန်နေပါပြီ။

စက်တင်ဘာဆန္ဒပြပွဲကို စစ်အစိုးရက နှိပ်ကွပ်ဖြိုခွဲနေကတည်းကစပြီးတော့ ကုလသမဂ္ဂအထူး အကြံပေး အီဘရာဟင် ဂမ်ဘားရီဟာ လုံခြုံရေးကောင်စီရဲ့ ခိုင်မာတဲ့ ထောက်ခံချက်နဲ့အတူ မြန်မာနိုင်ငံကို နှစ်ကြိမ် တိုင်တိုင်ရောက်ရှိပြီး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်အောင် ကြိုးပမ်းကြဖို့ တိုက်တွန်း အကြံပေးခဲ့ပါတယ်။

ဒီမိုကရေစီ ခေါင်းဆောင်လည်းဖြစ်၊ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဂမ်ဘားရီ ကတဆင့် ကြေညာချက်တစောင် ထုတ်ပြန်ထားပါတယ်။ အဲဒီကြေညာချက်မှာ မြန်မာနိုင်ငံရဲ့ လူနည်းစု တိုင်းရင်းသားကိုယ်စားလှယ်တွေလည်း ပါဝင်နိုင်မယ့် အကျိုးဖြစ်ထွန်းနိုင်စေတဲ့ တွေ့ဆုံဆွေးနွေး ပွဲကို အချိန်ဇယား သတ်မှတ်ပြီး ကျင်းပတဲ့အခါ သူမအနေနဲ့ ပါဝင်ဖို့ဆန္ဒရှိတယ်လို့ ထပ်လောင်း အတည်ပြု ထားပါတယ်။

လှုပ်ရှားသူတွေကို ဖမ်းနေ

အခုချိန်ခါမှာ မြန်မာနိုင်ငံကို အရပ်ဘက် ဒီမိုကရေစီ အစိုးရ အုပ်ချုပ်နိုင်မယ့် လမ်းကြောင်းပေါ် ရောက်ရှိလာ စေဖို့၊ နိုင်ငံတွင်း ပိုမိုတည်ငြိမ်စေပြီး ဖွံ့ဖြိုးတိုးတက်စေဖို့ ကမ္ဘာက ကူညီပေးနိုင်မယ့် ရှားရှားပါးပါး အခွင့် ကောင်းကြီး ဖြစ်နေပါတယ်။ ဒါပေမယ့် စစ်အစိုးရကတော့ အစပိုင်းမှာ သိပ်ပြီး ထူးထူးခြားခြား ထိရောက်ဖို့ မရှိနိုင်တာတွေပဲ လုပ်ပြနေခဲ့ပါတယ်။ နမူနာပြရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ဆက်ဆံရေး အရာရှိတဦးကို ခန့်ပေးလိုက်ရုံ၊ သူမကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုပ်ဖော်ကိုင်ဖက် အနည်းငယ်နဲ့ တကြိမ် တွေ့ခွင့်ပေးလိုက်ရုံ ပါပဲ။ အဲဒီကတည်းကစပြီး မြန်မာနိုင်ငံကို တိုးတက်အောင် ကူညီပေးနိုင်ဖို့ ရှိနေ တဲ့ အရိပ်အယောင်တွေ ရပ်ဆိုင်းနေခဲ့ရတဲ့အပြင် အမှန်ဆိုရင် နောက်ကိုတောင် ပြန်ဆုတ်သွားနေပါပြီ။

ဒီကြားထဲမှာ စစ်အစိုးရက လှုပ်ရှားသူတွေကို လိုက်လံဖမ်းဆီးနေခဲ့ပါတယ်။ ဘုန်းကြီးတွေကိုလည်း ပိတ်ဆို့ နှောင့်ယှက်နေခဲ့ပါတယ်။ တလောကဆိုရင် အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေ တထောက်ကွန်းခိုနေရတဲ့ ဘုန်းကြီးကျောင်း တကျောင်းကို ပိတ်ပစ်လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွှတ်ပေးသေးပဲ နေအိမ် အကျယ်ချုပ်နဲ့ ဆက်လက် ထိန်းသိမ်းထားနေပါတယ်။ အစိုးရနဲ့ ဆက်သွယ်ဖို့ သူမအတွက် ဆက်ဆံရေးအရာရှိ နှစ်ဦးထားပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံတာကိုလည်း ငြင်းဆန်နေခဲ့ပါ တယ်။

၂၀၀၇ ဒီဇင်ဘာ (၃)ရက်နေ့မှာတော့ စစ်အာဏာပိုင်တွေဘက်က အပြင်းထန်ဆုံး ထုတ်ဖော်ပြောဆိုလာတာ တွေ့ရပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရာမှာ အတိုက်အခံတွေ ပါဝင်တာကို ငြင်းပယ်လိုက်ပြီး တွေ့ဆုံဆွေးနွေးပွဲ မတိုးတက်နိုင်ရတာတွေအတွက် ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြစ်တင်ထားတဲ့အပြင် စစ်အစိုးရက နှိမ်နှင်းဖြိုခွဲနိုင်ခဲ့တဲ့ စက်တင်ဘာ ဆန္ဒပြပွဲဆိုတာ အသေးအဖွဲမျှသာ ဖြစ်တယ်လို့ ပြောဆိုသွား ပါတယ်။

ငြိမ်းချမ်းစွာ အကြမ်းမဖက် ဆန္ဒပြတဲ့ ရဟန်းသံဃာတွေ၊ ပြည်သူတွေကို စစ်အစိုးရက ရိုက်နှက် သတ်ဖြတ် ဖမ်းဆီး ထောင်ချတာတွေ၊ သတင်းရထားတဲ့ နှိပ်စက်ညှင်းပမ်းတွေ ဒီလိုမျိုး အကြမ်းဖက် နှိပ်ကွပ်ဖြိုခွဲတာ တွေကို အမေရိကန် အစိုးရက အသေးအဖွဲကိစ္စလို့ သဘောမထားပါဘူး။ “မြန်မာစစ်ဗိုလ်ချုပ်တွေဟာ ပြည်သူလူထု ခံစားနရတာတွေကို စိတ်ကူးထဲတောင် ထည့်ပုံမရပါဘူး။ ဒါပေမယ့် ကမ္ဘာ့နိုင်ငံတွေကတော့ အဲဒီလို မဟုတ်ပါဘူး။ (မြန်မာပြည်သူတွေ ခံစားနေရတာတွေကို ကမ္ဘာ့နိုင်ငံတွေက ကူညီဖို့ အလေးအနက် စိတ်ကူးနေကြပါတယ်) ” လို့ အမေရိကန် သမတ ကတော် လော်ရာဘွတ်ရှ် ပြောသလိုပါပဲ။

တွေ့ဆုံဆွေးနွေးပွဲဆိုတာ မြန်မာပြည်သူတွေက စစ်အာဏာပိုင်တွေနဲ့ ဆွေးနွေးနိုင်ဖို့ ဖြစ်ပါတယ်။ လက်ရှိ အားဖြင့် တရားဝင်ရပ်တည်နေတဲ့ နိုင်ငံရေး ကိုယ်စားပြုသူတွေ၊ တိုင်းရင်းသားများအရေး ကိုယ်စားပြု သူတွေကတဆင့် ပြည်သူတွေက ဆွေးနွေးတာ ဖြစ်ပါတယ်။ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းရေးဆွဲ ရာမှာ ပြည်သူတွေ ပါဝင်ဖို့ ကိစ္စအပါအ၀င် နိုင်ငံရေးလမ်းကြောင်းကို ပိုမိုကျယ်ပြန့်စေနိုင်မယ့် နည်းလမ်း တွေကို ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုသာ လုပ်နိုင်မယ်ဆိုရင် တရားဝင်လည်း ဖြစ်မယ်၊ လူထု ထောက်ခံမှုလည်း ရရှိလာပါလိမ့်မယ်။ ဒီအခါမှာ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ပြဿနာပေါင်းများစွာကို ဖြေရှင်းဖို့ အတွက် မြန်မာ့လူနေမှု အသိုင်းအ၀ိုင်းထဲက အစွမ်းအစရှိမယ့်သူတွေ အလုံအလောက် ထွက်ပေါ်လာကြမှာ ဖြစ်ပါတယ်။

အကြီးမားဆုံး ခြိမ်းချောက်မှု

နိုင်ငံကို စုစည်းနိုင်ဖို့ သူတို့စစ်အစိုးရ တဖွဲ့တည်းကသာ လုပ်နိုင်စွမ်း ရှိနေပြီး သူတို့ထိန်းချုပ်မှု ပြင်ပကနေ ပြောင်းလဲစေတာမှန်သမျှ တိုင်းပြည်ကို ဖရိုဖရဲ ဖြစ်စေလိမ့်မယ်၊ မတည်မငြိမ် ဖြစ်စေလိမ့်မယ်လို့ စစ်အစိုးရ ကတော့ စောဒက တက်နေတုန်းပါပဲ။ ဒါပေမယ့် လက်တွေ့မှာတော့ မြန်မာနိုင်ငံကို စည်းလုံးညီညွတ်စေဖို့နဲ့ တိုင်းပြည်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် စစ်အစိုးရနဲ့ သူ့မူဝါဒတွေကသာ အကြီးမားဆုံး ခြိမ်း ချောက်နေပါတယ်။

စစ်ခေါင်းဆောင်တွေကြောင့် မြန်မာပြည်သူတွေရဲ့လူနေမှုအဆင့်အတန်းတွေ နိမ့်ကျသထက် နိမ့်ကျလာနေ ရပါတယ်။ ပညာရေးနဲ့ ပြည်သူ့ကျန်းမာရေး ကဏ္ဍတွေမှာလည်း အခြေအနေတွေ ဆိုးသထက် ဆိုးလာနေ ရပါတယ်။ စစ်အာဏာပိုင်တွေကြောင့် ပြည်သူတွေဟာ တဖက်နိုင်ငံတွေဆီကို ဆက်လက် ထွက်ပြေး ခိုလှုံနေရတုန်း ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ အန္တရာယ်ကြီးမားတဲ့ ရောဂါဘယတွေရဲ့ ဆိုးကျိုးကို အိမ်နီးချင်းနိုင်ငံတွေကလည်း ဆက်လက်ခံနေရတုန်း ဖြစ်ပါတယ်။ ပြည်သူလူထုကို စိတ်ထောင်း ကိုယ်ကြေ ဖြစ်စေရုံမက မခံမရပ်နိုင်လောက်အောင် ဖိနှိပ်လွန်းလို့ ပြည်သူတွေဟာ ရက်ရက်စက်စက် ဖြိုခွဲခံရမှန်း သိသိနဲ့ပဲ ထောင်သောင်းချီပြီး လမ်းပေါ်ထွက် ဆန္ဒပြလာရတာဖြစ်ပါတယ်။

စစ်အစိုးရရဲ့လုပ်ရပ်တွေဟာ အင်မတန် မနှစ်မြို့နိုင်စရာ ကောင်းလှပါတယ်။ ဒီလောက်ဆိုးဝါးနေပေမယ့် လည်း မြန်မာစစ်အစိုးရရဲ့ အခန်းကဏ္ဍဟာ ဒီမိုကရေစီကို ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းဖို့ အရေးပါနေ တယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား ဒီမိုကရေစီ ခေါင်းဆောင်တွေက ပြောပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေနဲ့ ဗိုလ်ချုပ်မောင်အေးတို့ နှစ်ဦးက ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးကို ဆန္ဒရှိကြောင်း မပြသပါဘူး။ ဒါကြောင့် စစ်အစိုးရဆီမှာ တာဝန်ထမ်းဆောင်နေရသူ အများစု ဟာ စစ်အစိုးရ မူဝါဒတွေအတိုင်း တိုင်းပြည် ဦးတည်နေတာကို ပိုမို စိတ်ပျက်လက်ပျက် ဖြစ်လာပုံရပါတယ်။

မြန်မာနိုင်ငံကို ခိုင်မာတောင့်တင်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအဖြစ်၊ တည်ငြိမ်အေးချမ်းပြီး ပြည်သူတွေ လွတ်လပ်တဲ့ နိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စုက မြင်တွေ့လိုပါတယ်။ ဒီရည်မှန်းချက် ရောက်ဖို့အတွက် ကုလသမဂ္ဂ အထူးအကြံပေး ဂမ်ဘားရီက လုံခြုံရေးကောင်စီရဲ့ထောက်ခံမှုနဲ့ ပြေလည်အောင် ကြားဝင် ကူညီပေးနိုင်ဖို့ ရှိနေတဲ့ မြန်မာနိုင်ငံ အမျိုးသားရေးဆွေးနွေးပွဲကို ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ကြဖို့ နည်းလမ်း တခုပဲ ရှိတယ်လို့ အမေရိကန်က ယုံကြည်ထားပါတယ်။

အဲဒါကြောင့် မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးပွဲ စတင်ဖြစ်မြောက်ဖို့ ကုလသမဂ္ဂရဲ့ ကြားဝင်ကြိုးပမ်းနေတာ တွေ၊ စစ်အစိုးရကို တိုက်တွန်း-ဖိအားပေးတာတွေ အပေါ်မှာ တရုတ်၊ အိန္ဒိယ၊ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံ တွေက ရှိရှိသမျှ ဖြစ်နိုင်သမျှ သြဇာသက်ရောက်ပေးဖို့ အလွန်အမင်း အရေးကြီးနေပါတယ်။ ကုလသမဂ္ဂ အနေနဲ့လည်း သံတမန်ရေးရာကိစ္စတွေကို သွက်သွက်လက်လက် လုပ်ဆောင်သင့်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့

အဲဒီလို ၀ိုင်းဝန်းလုပ်ဆောင်ကြရာမှာ အမေရိကန်ပြည်ထောင်စုကလည်း တစိတ်တပိုင်းပါဝင်မှာ ဖြစ်ပါတယ်။ အမေရိကန်က မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့နောက်လိုက် အသိုင်းအ၀ိုင်းတွေအပေါ်မှာ ဆက်လက်ပြီး စီးပွားရေးအရ ပြစ်ဒဏ်ခတ် ပိတ်ဆို့ထားနေမှာ ဖြစ်ပါတယ်။ ပုံမှန်အနေအထား ပြန်မရောက် မချင်း မြန်မာစစ်အာဏာရှင်တွေအပေါ် အမေရိကန်က ဆက်လက် ဖိအားပေးနေမယ်လို့ သမတ ဘွတ်ရှ်က ကတိပေးထားပါတယ်။ ကမ္ဘာ့နိုင်ငံတွေကလည်း မြန်မာပြည်သူတွေကို ကျောခိုင်းမသွားရပါဘူး။ မြန်မာစစ် အစိုးရက ပြည်သူတွေရဲ့ဂုဏ်သိက္ခာ၊ ပြည်သူတွေရဲ့တန်ဖိုးတွေ ဆက်လက်ကျဆင်းအောင် ဥပေက္ခာပြု နေတာကိုလည်း ကမ္ဘာ့နိုင်ငံတွေက ခွင့်မပြုရပါဘူး။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အသွင်ကူးပြောင်းတာကို နိုင်ငံတကာ စံနှုန်းအတိုင်း အပြည့်အ၀ ပြန်လည် ဖြစ်ပေါ်လာနိုင်စေမယ့် တွေ့ဆုံဆွေးနွေးပွဲ သေသေချာချာ အောင်မြင်လာဖို့ ကျနော်တို့အားလုံး အတူတကွ မြန်မာစစ်အစိုးရအပေါ် ကြံ့ကြံ့ခံ ဆက်လက် ဖိအားပေး တိုက်တွန်းနေရပါမယ်။

မြန်မာစစ်အစိုးရအနေနဲ့ အလေးအနက်ထား လုပ်ဆောင်ဖို့ သတိပေးနေတဲ့ ချက်ချင်းလက်ငင်း လုပ်ဆောင် ရမယ့် အချက်တွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားနိုင်ငံရေး အကျဉ်းသမားတွေကို ပြန်လွှတ် ပေးဖို့၊ သူတို့ကို နိုင်ငံရေးအရ လွတ်လပ်စွာ စုစည်း လုပ်ဆောင်နိုင်စေဖို့နဲ့ နိုင်ငံရေး လှုပ်ရှားသူတွေအပေါ် လက်ရှိအနေအထားမှာ နှိပ်ကွပ်ဖြိုခွဲနေတာတွေကို ရပ်ဆိုင်းပေးဖို့ ဖြစ်ပါတယ်။

ဒီအတောအတွင်း မကြာခင်မှာပဲ ဂမ်ဘားရီဟာ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာဖို့ စီစဉ်နေပါတယ်။ မြန်မာစစ်အစိုးရဟာ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲကို စတင်တော့မှာ ဖြစ်တဲ့အကြောင်း၊ ဆွေးနွေးပွဲ အောင်မြင်စေဖို့ လိုအပ်တာတွေကို လုပ်တော့မယ် ဆိုတဲ့အကြောင်း ဂမ်ဘားရီနဲ့ မြန်မာပြည်သူတွေကို ပြောဖို့ အချိန်တန်နေပါပြီ။ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ ဒီအချိန်မှာ ဘာကို မျှော်လင့် စောင့်စားနေတာလဲလို့ မေးဖို့ အချိန်လည်း တန်နေပါပြီ။

မြန်မာဘာသာပြန် - လွင်အောင်စိုး

၂၀၀၈ ဇန်န၀ါရီလ (၁၂)ရက်

ဆောင်းပါးရှင် - R. Nicholas Burns, U.S. undersecretary of state for political affairs www.state.gov

မူရင်းဆောင်းပါး - The goal: A transition to democracy

Link: http://www.miamiherald.com/851/story/375058.html

Post dated: Fri, Jan. 11, 2008

©2007 The Washington Post

Wednesday, January 9, 2008

ပြန်လည်သတိရလာသော စာချွန်တော် အမိန့်များ


မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်၌ ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သော တော်လှန်ရေးကောင်စီက စစ်အာဏာ သိမ်းလိုက်သည့် အချိန်မှစ၍ ယနေ့လက်ရှိ နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အုပ်စိုးနေသည့် အချိန်ထိ စစ်အာဏာရှင်စနစ်ကို တောက်လျှောက် ကျင့်သုံးနေခဲ့သည်။ လူတဦး-တဖွဲ့-တပါတီ ကောင်းစားရေး အတွက် ယင်းစနစ်၏ ဆိုးကျိုးပေါင်းများစွာကို မြန်မာပြည်သူတရပ်လုံးက လွန်လွန်ကဲကဲ ခံစားနေရသည်။ ဆိုးကျိုးများအနက် နိုင်ငံ၏ တရားရေးမဏ္ဍိုင် ပျက်စီးနေပုံများ အကြောင်းကလည်း အဓိက အခန်းမှ ပါဝင်နေသည်ကို သတိရှိကြစေရန်နှင့် ပြုပြင်သင့်သည်များကို ပြုပြင်နိုင်ကြစေရန် အထူး လိုအပ်နေပါသည်။ မောင်သိန်းညွန့် (ကော့ကရိတ်) ရေးသားသည့် RFA (Burmese)၏ အသံလွှင့် ဆောင်းပါးကို စာသားအနေဖြင့် ဖော်ပြလိုက်ပါသည်။

ပြန်လည်သတိရလာသော စာချွန်တော် အမိန့်များ


RFA ပြင်ပ ဆောင်းပါးရှင် မောင်သိန်းညွန့် (ကော့ကရိတ်)ရဲ့ မြန်မာနိုင်ငံ တရားဥပဒေနဲ့ လက်တွေ့ ပြဿနာများ
(တရားဥပဒေ အကြောင်း သိကောင်းစရာ အခန်းဆက်ဆောင်းပါး)မှာ ဥပဒေမဲ့ ဖမ်းဆီးခံရမှု တွေ၊ တရားရုံးထုတ် အမှုမစစ်ဆေးပဲ ကာလရှည်ကြာ ထိန်းသိမ်းဖမ်းဆီးထားမှုတွေ၊ မရေရာတဲ့ စွဲချက် တွေနဲ့ ထောင်ဒဏ် ချမှတ်မှုတွေ စတာတွေနဲ့ ပတ်သက်လို့ ရေးသား ဖော်ပြထားပါတယ်။
(၈-၁-၂၀၀၈ RFA အသံလွှင့်ဆောင်းပါး)

တရားမဲ့ ဖမ်းဆီးခံရတဲ့ မှုခင်းကိစ္စတွေကို ကျနော့် ရှေ့နေသက်တမ်း အတွင်းမှာ ကိုင်တွယ်ခဲ့ရဖူးပါတယ်။ ဒီအမှုကိစ္စတွေကို သက်ဆိုင်ရာတရားရုံးထံ မတင်ပြမချင်း ဖမ်းဆီးခံရသူတွေအတွက် ဥပဒေကြောင်းအရ ဘာမှ ဆောင်ရွက်နိုင်ခွင့် မရှိပါဘူး။ သိပ်မောခဲ့ရတဲ့ ဘ၀မှုခင်း ဖြစ်ရပ်တွေလို့ ဆိုရပါလိမ့်မယ်။ အထူးသဖြင့် ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရတဲ့ နိုင်ငံရေးသမားတွေ၊ ကျောင်းသားတွေရဲ့ အမှုတွေ ဖြစ်ပါတယ်။

အဖမ်းခံရသူတွေဟာ ဘယ်လိုပြစ်မှုတွေနဲ့ ဖမ်းဆီး ချုပ်နှောင်ခံကြရတာလဲ၊ ဘယ်ဒေသ ဘယ်နေရာတွေ မှာ ဖမ်းဆီး ချုပ်နှောင်ခံထားကြရတာလည်း ဆိုတာကို သူတို့ရဲ့ သက်ဆိုင်ရာ မိဘတွေ၊ သူတို့ရဲ့ ရဲဘော် မိတ်ဆွေတွေက အလွန်အမင်း သိချင်ကြပါတယ်။

ဒီအချိန်မှာ ကျနော်တို့ ဥပဒေပညာ သင်ကြားတုန်းက လေ့လာမှတ်သားခဲ့ရတဲ့ စာချွန်တော်အမိန့်တွေကို ပြန်လည် သတိရမိပါတယ်။ ဒီစာချွန်တော်အမိန့်တွေဟာ အခုတော့ ဥပဒေ သမိုင်းပြတိုက်ထဲ ရောက် သွားခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ရုပ်သိမ်းခံရချိန်နဲ့ တဆက်တည်းမှာပဲ ဒီစာချွန်တော်အမိန့်တွေ ရုပ်သိမ်းခံလိုက်ရတာပါ။ ဒီအချက်ကို အမှန်တရားဘက်က မရပ်တည်ရဲတဲ့ ဥပဒေ ပညာရှင်တချို့က အခုလို အကြောင်းပြကြပါတယ်။

တရားလွှတ်တော်ချုပ်သို့ စာချွန်တော်အမိန့်များ လျှောက်ထား၍ မိမိ၏ အခွင့်အရေး နစ်နာဆုံးရှုံးမှု အတွက် ကြိုးပမ်းရာမှာ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်များလှ၍ အခက်အခဲများ ရှိခြင်း၊ ငွေကုန်ကြေးကျ များခြင်း၊ အချိန်ကြန့်ကြာခြင်း၊ ရှေ့နေရှေ့ရပ်များကသာ ဆောင်ရွက်ပေးနိုင်ခြင်း စသဖြင့် သာမန် လူတန်းစားများအတွက် မလွယ်ကူသောကိစ္စများ ဖြစ်သည့်အလျောက် မိမိ အခွင့်အရေး နစ်နာဆုံးရှုံးသူ တိုင်း မဆောင်ရွက်နိုင်ချေ ဆိုပြီး အကြောင်းပြခဲ့ကြတာပါ။

ပြောမယ်ဆိုရင် စာချွန်တော်အမိန့်တွေ ရုပ်သိမ်းခံရတာဟာ ဒီမိုကရေစီကို အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံသားတွေ အနေနဲ့ အကာအကွယ် ရယူနိုင်တဲ့ အခွင့်အရေးတွေ ဖျက်သိမ်းခံလိုက်ရတာ ပါပဲ။ အဲဒီအကျိုးဆက်ကတော့ အပြစ်ကင်းမဲ့သူတွေဟာ စွဲချက်မရှိပဲ အဖမ်းခံခဲ့ကြရ၊ ရှေ့နေငှားရမ်းခွင့် မရပဲ အပြစ်ပေးခံခဲ့ကြရ၊ အမှုစစ်ဆေးခြင်း မရှိပဲ ကာလရှည်ကြာ အချုပ်အနှောင်ခံကြရတာ ပါပဲ။ ဒီလို တုန်လှုပ်ချောက်ခြားစရာကောင်းတဲ့ ဖြစ်ရပ်တွေအတွက် တရားဥပဒေ အကာအကွယ် မုချ လိုအပ် ပါတယ်။

မြန်မာနိုင်ငံက ပါဝင် အတည်ပြု လက်မှတ်ရေးထိုးခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်း အပိုဒ်(၈)မှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အခြား ဥပဒေတွေက ပေးအပ်ထားတဲ့ အခြေခံ အခွင့်အရေးတွေ ချိုးဖောက် ဖျက်ဆီးခံရမယ်ဆိုရင် နစ်နာဆုံးရှုံးသူတွေအနေနဲ့ တရားရုံးမှာ ထိရောက်စွာ သက်သာခွင့် ရနိုင်စေရမည် လို့ ဆိုထားပါတယ်။

တရားဥပဒေ စိုးမိုးမှုရှိတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာတော့ အဆင့်အမြင့်ဆုံးဖြစ်တဲ့ နိုင်ငံတော် တရားရုံးချုပ် မှာ ရှေ့တော်သွင်း စာချွန်တော်အမိန့်၊ အာဏာပေး စာချွန်တော်အမိန့်၊ တားမြစ်စေ စာချွန်တော်အမိန့်၊ အာဏာပိုင်မေး စာချွန်တော်အမိန့်၊ အမှုခေါ် စာချွန်တော်အမိန့်တွေကို ထုတ်ပိုင်ခွင့်အာဏာ ရှိပါတယ်။

စီရင်ထုံးတွေကို လေ့လာကြည့်မယ်ဆိုရင် လူတဦးတယောက် ဒါမှမဟုတ် လူတစု-တဖွဲ့ကို တရားမဲ့ ဖမ်းဆီး ချုပ်နှောင်တဲ့အခါမှာ စာချွန်တော်အမိန့်ဟာ နိုင်ငံသားတွေအတွက် ဥပဒေလက်နက်တွေ ဖြစ်နေ တာ တွေ့ရမှာဖြစ်ပါတယ်။ စာချွန်တော်အမိန့်ဟာ အကြောင်းမရှိပဲ တရားမဲ့ဖမ်းဆီး ချုပ်နှောင်မှုမျိုးတွေကို တားဆီးဟန့်တားပြီး ဥပဒေအရ ရုံးတင်စစ်ဆေးဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ရုံးတင် စစ်ဆေးခြင်းမပြုပဲ ချုပ်နှောင်ထားခံရသူတွေ၊ ဥပဒေလက်လွှတ် ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေကို ရုံးတော်သို့သွင်းပြီး ဖမ်းဆီးသူ အာဏာပိုင်တွေက ဥပဒေအရ ထုချေရှင်းလင်းရပါတယ်။ ရုံးတော်က ကျေနပ်လောက်အောင် ထုချေ ရှင်းလင်းခြင်း မပြုနိုင်ဘူးဆိုရင် အာဏာပိုင်တွေအနေနဲ့ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ တရားရုံးချုပ်က အမိန့်ထုတ်ဆင့်နိုင်ပါတယ်။

ရှေ့တော်သွင်း စာချွန်တော်အမိန့်နဲ့ ပတ်သက်လို့ ၁၉၅၀ ပြည့်နှစ် မြန်မာနိုင်ငံ တရားစီရင်ထုံးမှာ ဖော်ပြ ထားတာကို တင်ပြလိုပါတယ်။

ရထားတစီးပေါ်မှာ ပစ္စတိုတလက်နဲ့ ကျည်ဆန်တချို့ကို လူပုဂ္ဂိုလ် (၅)ဦးထံက မိတဲ့ကိစ္စမျိုးမှာတောင် အပြစ်မပေးနိုင်ခဲ့ပါဘူး။ ပြည်သူ့ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၅(က)နဲ့ ဖမ်းဆီး ချုပ်နှောင်ရာမှာ မရေရာ မသေချာတဲ့ စွဲချက်တွေကို အခြေခံရန် မသင့်ကြောင်း အခြေခံဥပဒေအရ ခွင့်ပြု ထားတဲ့ နိုင်ငံသားတို့ရဲ့လွတ်လပ်ခွင့်ကို ပေါ့ပေါ့တန်တန် သဘောထားပြီး ချိုးဖောက်ခြင်း မပြုအပ် ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် တရားစွဲဆိုခံရတဲ့ ပုဂ္ဂိုလ်ဟာ နောက်လိုက်နောက်ပါတွေ ၀ိုင်းရံပြီး သူ့ရဲ့ခေါင်းဆောင်မှုနဲ့ လက်နက်ကိုင် ပုန်ကန်ထကြွမှု ကျယ်ပြန့်သွားနိုင်ကြောင်း ရန်ကုန် ရဲမင်းကြီးရဲ့အကြောင်းပြချက်ဟာ ဖြစ် နိုင်စရာရှိမှုမျှ အပေါ်မှာသာ အခြေခံထားခြင်းသာဖြစ်လို့ ဒီအမှုမှာ ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းစောင့်ရှောက် ရေး အက်ဥပဒေ ၅(က)က ခွင့်ပြုထားတဲ့အာဏာကို အသုံးပြုခွင့် မရှိကြောင်း တရားရုံးချုပ်က ဆုံးဖြတ်ပြီး နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတွေကို အကာအကွယ် ပေးခဲ့ပါတယ်။

ဒီတော့ ပြစ်မှု မကျူးလွန်ရသေးသော်လည်း ပြစ်မှု ကျူးလွန်နိုင်စရာရှိတယ် ဆိုတဲ့ ထင်မြင်ချက်တွေနဲ့ ဖမ်းဆီး ချုပ်နှောင်နေတဲ့ ခေတ်ကာလမျိုးမှာတော့ စာချွန်တော်အမိန့်တွေဟာ နိုင်ငံသားတွေအတွက် ဥပဒေအရ အားကိုးစရာ ပါပဲ။

ဒီမိုကရေစီကျင့်စဉ်ကို လိုက်နာကျင့်သုံးခဲ့တဲ့ ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ် ကာလမှာ ချမှတ်ခဲ့တဲ့ တရားလွှတ်တော်ချုပ်ရဲ့ ရှေ့တော်သွင်း စာချွန်တော်တွေဟာ အင်မတန် မှတ်သားဖို့ ကောင်းပါတယ်။ ကျန် စာချွန်တော်တွေရဲ့ ဥပဒေဆိုင်ရာ ဖွင့်ဆိုချက်နဲ့ စီရင်ထုံးတွေကိုလည်း နောင်မှာ အလျဉ်းသင့်သလို ကိုးကား ဖော်ပြသွားပါမယ်။

တကယ်တော့ တရားမျှတမှု ကင်းမဲ့တဲ့ ဘ၀တွေကို ဖြတ်သန်းရချိန်မျိုး၊ လူ့အခြေခံအခွင့်အရေးတွေ ရုပ်သိမ်းခံရတဲ့ ဘ၀တွေကို ရင်ဆိုင်လာရချိန်မျိုးတွေမှာတော့ ဘယ်လူသားမဆို အမှောင်ထုထဲမှာ ဥပဒေ အလင်းရောင်ကို ရှာဖွေကြတာ ဓမ္မတာ ပါပဲ။

ကျနော်တို့ ရှေ့နေသက်တမ်းအတွင်းမှာ မရခဲ့တဲ့ ပျောက်ဆုံးသွားတဲ့ စာချွန်တော်အမိန့်တွေ၊ ဆိုင်ရာ ဥပဒေ ပြဌာန်းချက်တွေဟာ ဒီမိုကရေစီစနစ် ဖြစ်ပေါ်တိုးတက်မှုနဲ့အတူ ပြန်လည် အသက်ဝင်လာပါလိမ့် မယ်။

ဒီနေရာမှာ တခု သတိချပ်ရမှာကတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ရလာတဲ့အခါမှာ စာချွန်တော်က ပေးထား တဲ့ ဥပဒေ အခွင့်အရေးတွေကို နိုင်ငံသားတွေ အမှန်တကယ် ရလိမ့်မယ် ဆိုတဲ့အချက်ပါပဲ။

တရားဥပဒေရဲ့ အကာအကွယ်ကို မြန်မာနိုင်ငံသားအားလုံး ခံစားနိုင်ကြပါစေ။

မောင်သိန်းညွန့် (ကော့ကရိတ်)

-----------------

ပြည်တွင်း၌ သတင်းမှန်များ စီးဆင်းပြန့်ပွားရေး NLD လူငယ်အဖွဲ့ စတင်လုပ်ဆောင်ပြီ



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) လူငယ်အဖွဲ့က ဇန်နဝါရီ ၄ ရက် နှစ် ၆၀ ပြည့် လွတ်လပ်ရေးနေ့မှ စတင်၍ အရုဏ်သစ်အမည်ရှိ သတင်းစာစောင် တခုကို ထုတ်ဝေဖြန့်ချိလိုက်သည်။
ဧရာဝတီ အင်တာနက် မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။
သတင်းအပြည့်အစုံ ဖတ်ရန်


ပြည်တွင်း၌ သတင်းမှန်များ စီးဆင်းပြန့်ပွားရေး NLD လူငယ်အဖွဲ့ စတင်လုပ်ဆောင်ပြီ

ဘာတွေဖြစ်ခဲ့သည်၊ ဘာတွေဖြစ်နေသည်၊ ဘာတွေဖြစ်လာတော့မည် စသည့် သတင်းများကို လူတိုင်း နီးပါးလောက်ပင် စိတ်ဝင်စားကြသည်။ သတင်းဟူသည် လူထု၏ နေ့စဉ်ကိစ္စများနှင့် ဆက်စပ်နေသော ကြောင့် သတင်းများကို သိရှိနေမှသာ မိမိတို့နှင့် သက်ဆိုင်ရာများကို ကြိုတင်ပြင်ဆင် လုပ်ဆောင်နိုင် စရာများ ရှိကောင်း ရှိလာနိုင်သောကြောင့်ဖြစ်သည်။

ဥပမာအားဖြင့် အနီးအနားရပ်ကွက်တခု၌ ကြက်ငှက်တုပ်ကွေးရောဂါ စတင်ပြန့်ပွားနေသည့် သတင်းကို သိထားလျှင် ကြက်သား ၀ယ်စားမိခြင်းမျိုးမှ ရှောင်ကြဉ်နိုင်စရာ ရှိသည်။ ထို့အတူ မိမိသွားလာနေကျ ခရီးစဉ်၌ ယာဉ်စီးခများ ရုတ်တရက် ခုန်တက်သွားသည်ကို မသိပဲ နေပါက လိုရာခရီးသို့ ရောက်ရန် အခက်အခဲများ ရှိနိုင်သည်။

သို့ဖြစ်၍ သတင်းမှန်များ လူထုအကြားသို့ အချိန်မီ ရောက်ရှိရေးမှာ အလွန်အရေးကြီးသည်။ နိုင်ငံ့ အစိုးရမှ ဖြစ်စေ၊ ပုဂ္ဂလိကအစုအဖွဲ့တို့မှ ဖြစ်စေ သတင်းများကို ရေးသား ဖော်ပြပေးရသည်။ ထုတ်ဝေ ဖြန့်ချိပေးရသည်။ အသံ၊ စာသား၊ ရုပ်ပုံ တခုခုဖြင့် (သို့) ဖြစ်နိုင်လျှင် အားလုံးစု၍ လူထု သိရှိနေစေရန် သတင်း ဖြန့်ချိပေးရသည်။

ခေတ်ရေစီးကြောင်း ပြောင်းလဲ တိုးတက်မှုနှင့်အတူ အင်တာနက်ကို ပိုမိုတွင်ကျယ်စွာ အသုံးပြုလာနိုင် ကြသဖြင့် သတင်း စီးဆင်းပြန့်နှံ့မှုကို ကောင်းစွာ အထောက်အကူ ဖြစ်စေလျက်ရှိသည်။ ကမ္ဘာ၏ မည်သည့်နေရာမဆို ဖြစ်ပွားခဲ့သည့် သတင်းအကြောင်းကို တကမ္ဘာလုံးမှ မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း သိရှိနေသည်။ ဤမျှအထိ သတင်းစီးဆင်းမှုက မြန်ဆန်လွန်းလှသည်။ သတင်း မှန်သမျှ ဖုံးဖိရန် အခြေအနေမပေးတော့။

အင်တာနက်သတင်းများက မည်မျှပင် မြန်ဆန်အောင် သတင်းဖြန့်ချိပေးနိုင်သည် ဆိုစေကာမူ နေ့စဉ် သတင်းစာ ဖတ်ရှုခြင်း၊ ရေဒီယို နားထောင်ခြင်း၊ တီဗီ ကြည့်ရှုခြင်းများကလည်း မည်သည့်အခါမျှ တိမ်ကော ပပျောက်သွားမည် မဟုတ်ပါ။ သူ့နေရာနှင့်သူ အထိုက်အလျောက် တန်ဖိုး ကြီးကြီးမားမား ပေးနိုင်သဖြင့် အသုံးဝင်နေဆဲ ဖြစ်သည်။

အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ဆက်သွယ်ရေး တိုးတက်ကောင်းမွန်အောင် မလုပ်ဆောင်ပေးနိုင် သေးသည့် နိုင်ငံများ၌ ဖြစ်သည်။ အဆိုပါ နိုင်ငံများတွင် အစိုးရ မဟုတ်သော အသင်းအဖွဲ့များ၊ တသီး ပုဂ္ဂလများက တနိုင်တပိုင် ၀င်ရောက် လုပ်ဆောင်သင့်သည်။ ထိုသို့လုပ်ဆောင်ပေးခြင်းကိုလည်း အစိုးရများမှ အတတ်နိုင်ဆုံး အားပေးသင့်သည်။ သို့မှသာ ပြည်သူတို့အပေါ် သဘောထားကြီးကြောင်း၊ စေတနာထားကြောင်း ပေါ်လွင်မည် ဖြစ်သကဲ့သို့ အစိုးရ၏ ၀န်ထုပ်ဝန်ပိုးကိုလည်း တဖက်တလမ်းမှ လျော့ပါး သက်သာနိုင်စရာ ရှိလေသည်။

သတင်းမှန်သည်၊ မှားသည် ဆိုသည်ကတော့ သတင်းပေးပို့သည့်နေရာ၏ ဂုဏ်သိက္ခာကို ရေရှည် ထိန်းသိမ်းလိုသည့် ခံယူချက်အပေါ် မူတည်သည်။ သတင်းမှားတခုကို တမင်တကာထုတ် ပြန်လိုက် သည့်တိုင်အောင် အမှန်တရားကို မည်သူမျှ ဖုံးကွယ်နိုင်စွမ်း မရှိသောကြောင့် သတင်းထုတ်ပြန်သူနှင့် ထုတ်ပြန်သည့် သတင်းဌာနသာ နောက်ဆုံးတွင် လူထု၏ ယုံကြည်ကိုးစားမှု မရပဲ သိက္ခာကျဆင်းမည် ဖြစ်သည်။

သို့ဖြစ်၍ သတင်းအမှားများ ထုတ်လွှင့်လေမလား၊ ၀ါဒဖြန့်သတင်းများ ထုတ်လွှင့်လေမလား ဟူ၍ စိုးရိမ် ပူပန်နေစရာ မလို။ သူ့အရှိန်နှင့်သူ မှန်လျှင် စံ၍ မှားလျှင် ခံရပေလိမ့်မည်။ အမှန်-အမှားကို နိုင်ငံ့ အာဏာပိုင်တို့က ဆုံးဖြတ်ပိုင်ခွင့် မရှိပါ။ အချိန်ကုန်-ငွေကုန်ခံ၍ ဆုံးဖြတ်ပေးရန်လည်း မလိုပါ။ လူထု ကသာ ဆုံးဖြတ်မည် ဖြစ်သည်။ စေတနာ၏ အကျိုးသက်ရောက်ပုံကို လူထုကသာ လက်တွေ့ကျကျ ခံစား သိရှိရသောကြောင့် အမှန်အတိုင်း ဆုံးဖြတ်နိုင်ခြင်း ဖြစ်သည်။

ဤအချက် မှန်-မမှန် အစိုးရထုတ် သတင်းစာများကို လူထုက မည်မျှ လက်ခံ ဖတ်ရှုနေသည်၊ အစိုးရ ထုတ်လွှင့် နေသော တီဗီများကို လူထုက မည်မျှ ကြည့်ရှုနေသည်၊ အစိုးရထုတ် စာစောင်များ မည်မျှ ရောင်းနေရသည် စသည်တို့အား သုတေသနပြု စစ်တမ်း ကောက်ယူသင့်သည်။

မည်သို့ပင်ဖြစ်စေ၊ “သစ် မရှိခင် စပ်ကြား ၀ါးပေါင်းကွပ်” ဆိုသကဲ့သို့ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အစစ် အမှန် မပေါ်ထွန်းသေးမီ လူထုက ရွေးကောက် တင်မြှောက်ထားသော နိုင်ငံရေးပါတီတို့မှ ယခုကဲ့သို့ လူထုအကြား သတင်းဖြန့်ချိ ထုတ်ပြန်ရေးမျိုး တနိုင်တပိုင်လုပ်ဆောင်လာခြင်းကို ၀မ်းသာအားရ ကြိုဆို လိုက်ပါသည်။

လူထုအပေါ် စေတနာထားသည့် အလုပ်ဟူသည် မည်မျှပင် အခက်အခဲ ရှိစေကာမူ လူထု၏ အားပေး ထောက်ခံမှုကို မလွဲမသွေ ရရှိသည်ဖြစ်၍ နောက်ဆုံးတွင် အောင်မြင်ရမည်သာ ဖြစ်သည်။

လွင်အောင်စိုး

၂၀၀၈ ဇန်န၀ါရီ (၈)ရက်

သက္ကရာဇ် ၂၀၀၈ - အမျိုးသား ပြန်လည်သင့်မြတ်ရေး နှစ်

၂၀၀၈ ခုနှစ်သည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှစ် ဖြစ်သည်ဟု နှစ် (၆၀)ပြည့် လွတ်လပ်ရေးနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ပြီး ဖော်ပြလိုက်သည်။ အလွန်ကောင်းသော ရည်မှန်းချက် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပြည်သူတို့ အေးချမ်းသာယာရေးအတွက် အခြေခံအုတ်မြစ် ချပေးနိုင်ရန် မရှိမဖြစ် လိုအပ်သော အဆင့်တခုကို တက်လှမ်းလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်မှစ၍ နှစ်ပေါင်း(၆၀)တိုင်တိုင် ကိုယ့်မင်းကိုယ့်ချင်းဘ၀ဖြင့် အမှန်ပင် လွတ်လပ် နေခဲ့သည်။ တိုင်းတပါးသားတို့ ၀င်ရောက် ကျူးကျော် ချယ်လှယ်စိုးမိုးခြင်း မရှိ။ တိုင်းပြည်ခေါင်းဆောင်များ ထဲတွင် ဦးဆောင်နိုင်သော အရည်အချင်းနှင့် အမြော်အမြင် ကြီးမားသူများ ရှိနေခဲ့သည်။

လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းအစဉ်အလာကောင်းနှင့် လောလောလတ်လတ် ကိုယ်တိုင် ကြုံတွေ့လိုက် ရသဖြင့် နိုင်ငံသားအားလုံးတွင် တိုင်းပြည်ချစ်စိတ်များ၊ အမျိုး-ဘာသာ-သာသနာကို တိုးတက် ကောင်းစေ လိုသောစိတ်များ၊ ထိန်းသိမ်း စောင့်ရှောက်လိုစိတ်များ အရှိန်အဟုန် ကောင်းနေခဲ့သည်။

ပါလီမန်ခေတ် အစိုးရ၏ ဦးဆောင်မှု၊ စီးပွားရေး လုပ်ငန်းများ စီမံခန့်ခွဲမှုနှင့် ပြည်သူတို့၏ အစိုးရအပေါ် ထောက်ခံ ယိုင်းပင်မှုများက အံ့ဩဘနန်း လျှမ်းလျှမ်းတောက် ရှိနေခဲ့သည်။ ပြည်သူအများစုတို့၏ တူညီ သောဆန္ဒဖြင့် အေးချမ်းသာယာ ပျော်ရွှင်စွာ နေထိုင်နိုင်ခွင့်များ အပြည့်အ၀ရှိနေခဲ့သည်။ တိုင်းပြည်တိုးတက် သည်ထက် တိုးတက်လာနေအောင် ဖန်တီးနိုင်ခွင့်များ ရှိနေခဲ့သည်။ ပြည်သူတို့၏ လူနေမှုအဆင့်အတန်းနှင့် အသက်-အိုးအိမ် -စည်းစိမ်တို့ကိုလည်း နိုင်ငံတော်မှ လုံခြုံမှု အတော်အတန် ပေးနိုင်ခဲ့သည်။

ပတ်ဝန်းကျင် နိုင်ငံများ၊ အခြားကမ္ဘာ့နိုင်ငံများနှင့် ရင်ဘောင်တန်း၍ ခေတ်မီတိုးတက်အောင် ကြံဆောင် ကြိုးပမ်းနိုင်ခဲ့သည်။ ကမ္ဘာ့နိုင်ငံများကဆိုလျှင် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများကို တလေးတစား ဆက်ဆံ အသိအမှတ်ပြု နေခဲ့ရသည်အထိ အတင့်အတန်း မြင့်မားခဲ့ရသည်။

သို့သော် ထိုထိုသော တန်ဖိုးများ၊ အကျိုးသက်ရောက်မှုများနှင့် အခွင့်အရေးများမှာ အပြည့်အ၀ ရသင့်ပါ လျက်နှင့် မရနိုင်ပဲ ဆုံးရှုံးနေခဲ့ရသည်ကို မကွယ်မ၀ှက် ၀န်ခံကြရပေလိမ့်မည်။ အဓိကကျသော အကြောင်း ရင်းနှစ်ရပ်ရှိသည်။ ပထမအကြောင်းရင်းမှာ လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်း ယနေ့တိုင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြောင့်ဖြစ်ပြီး နောက်ထပ် အကြောင်းရင်းမှာ ၁၉၆၂ ခုနှစ်မှ စတင်လိုက်သော တဦး-တဖွဲ့-တပါတီ အာဏာရှင်စနစ်ကြောင့် ဖြစ်သည်။

အကယ်၍ ပြည်တွင်းစစ်သာ မဖြစ်ခဲ့သော်၊ အာဏာရှင်စနစ်သာ မရှိခဲ့သော် ယနေ့မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပျက်နေသော အနိဌာရုံများ ရှိနေမည်မဟုတ်။ ဤအချက်ကို လက်ရှိကာလ၌ နစ်နာဆုံးရှုံးနေသူတိုင်းက လက်ခံနိုင်ကြပါလိမ့်မည်။ သို့သော် နစ်နာဆုံးရှုံးခြင်း မရှိသူများကတော့ ဇွတ်အတင်း ငြင်းနေကြမည်မှာ သေချာသည်။

အကြောင်းကြောင့် အကျိုးဖြစ်ရမြဲ ဖြစ်သည်။ ဆိုးသော အကြောင်းရင်းခံကြောင့်သာ ဆိုးကျိုးများ ထွက်ပေါ် လာရသည်။ ဆိုးကျိုးများကို မြင်တွေ့နေပါလျက်၊ ကြုံကြိုက်နေပါလျက် မမြင်ချင်ယောင် ဆောင်၍မရ။ တိုင်းပြည်အရေး၊ နိုင်ငံ့အရေး ဖြစ်သဖြင့် ထိုဆိုးကျိုးများက မိမိထံ တနေ့နေ့ ရောက်လာပေလိမ့်မည်။ ခန္ဓာ ကိုယ်ထဲ ၀င်ရောက်လာသည့် ရောဂါပိုးကို အချိန်မီ ကာကွယ်ကုသခြင်း မရှိလျှင် ရောဂါပိုးပြန့်ပွား၍ အသက် ဆုံးရှုံးရသည်အထိ ထိခိုက်နိုင်သော ဥပမာကဲ့သို့ ဖြစ်သည်။

တိုင်းပြည် လွတ်လပ်ရေး ရလာသည် ဆိုခြင်းကို မိမိတကိုယ်ရည် စိတ်ထင်တိုင်း လုပ်ပိုင်ခွင့်များ ရလာခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်ကောက် လွဲ၍မဖြစ်။ တိုင်းတပါးသားတို့၏ ၀င်ရောက်ကျူးကျော် ချယ်လှယ်စိုးမိုးခြင်း မှ ကင်းလွတ်လျက် ပြည်သူတရပ်လုံး မတရားဖိနှိပ် အုပ်ချုပ်ခံရမှုမှ လွတ်မြောက်ခြင်း၊ ထိုသို့သော မတရား ဖိနှိပ်အုပ်ချုပ်မှုများကြောင့် နိုင်ငံရေး-စီးပွားရေး-လူမှုရေး-ကျန်းမာရေး-ပညာရေး-ဘာသာရေး အစရှိသည် တို့တွင် ပြည်သူတရပ်လုံး ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ခြင်းများ လက်တွေ့ကျကျ ပါဝင်နေမှသာ လွတ်လပ်ရေး၏ အဓိပ္ပာယ်နှင့် ပြည့်စုံသည်။

သို့ဖြစ်၍ လွတ်လပ်ရေး ရသည်နှင့်တပြိုင်နက် လွတ်လပ်ရေး၏အဓိပ္ပာယ်နှင့် ပြည့်စုံအောင် ဖန်တီးရန်၊ တဦးချင်းဖြစ်စေ၊ အများနှင့် လက်တွဲပူးပေါင်း၍ဖြစ်စေ ကြိုးပမ်းရန် လူတိုင်း၌ တာဝန်ရှိလာသည်။ အများ သူငါ သွားလာသည့်လမ်းပေါ်တွင် တေပေလေလွင့်နေသူတို့မှအစ တိုင်းပြည်ခေါင်းဆောင်များအဆုံး တဦး မကျန် တာဝန်ရှိသည်။ မိမိကြောင့် အများသူငါ၏ အခြေခံ လွတ်လပ်ခွင့်များ ဆုံးရှုံးရသော် တိုင်းပြည် လွတ်လပ်ရေးကို ထိခိုက်သည်ဟု စိတ်ထားမြင့်မြတ်စွာဖြင့် သဘောထားနိုင်ရန် လိုသည်။ နိုင်ငံကြီးသား ပီသသောစိတ်မျိုး ထားရန်လိုအပ်သည်။

လွတ်လပ်ရေး၏ အဓိပ္ပာယ်နှင့် ပြည့်စုံခြင်း မရှိသရွေ့ လွတ်လပ်သည်ဟု မဆိုနိုင်။ မလွတ်လပ်သရွေ့ လွတ်လပ်ရန် တနည်းအားဖြင့် ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ရန် ကြိုးပမ်းအားထုတ်မှုများ ရှိနေဦးမည်။ မည်သူမျှ မည်သို့မျှ တားဆီးနိုင်မည် မဟုတ်ပေ။

ယခုအချိန် မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရနေသည် ဆိုခြင်းမှာလည်း အမှန်စင်စစ် နယ်ချဲ့အင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန်တို့ လက်အောက်မှ လွတ်မြောက်သည်ဟု ပြောနိုင်ရုံမျှသာရှိသည့် လွတ်လပ်ရေးဖြစ်သည်။ တိုင်းတပါးသားတို့ ဖိနှိပ်အုပ်ချုပ်သကဲ့သို့သော အဖိနှိပ်ခံဘ၀မှ လူတိုင်းစေ့ အမှန်တကယ် လွတ်မြောက် သေးသည် မဟုတ်။

အမှန်တကယ် မလွတ်လပ်သေးသည့် ပြဿနာပေါင်းများစွာက တိုင်းပြည်နှင့် လူမျိုးကို အဖက်ဖက်မှ ဆုတ်ယုတ် နစ်နာစေသည်။ မိမိတယောက်တည်း ကြီးပွားချမ်းသာရုံမျှဖြင့်၊ အာဏာပိုင်စိုးရုံမျှဖြင့် တိုင်းပြည် တခုလုံး ကောင်းမလာနိုင်သည်ကို ဆင်ခြင်သင့်ကြပြီ။

နယ်ချဲ့အင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန်တို့ကိုပင် အမိမြန်မာပြည်မှ စည်းလုံးညီညွတ်စွာဖြင့် မောင်းထုတ်နိုင်ခဲ့ သေးသည် မဟုတ်လော။ မိမိတို့လူမျိုးအချင်းချင်း မိမိတို့ ကိုယ်ပိုင်ပြဿနာကို ဘာကြောင့် မဖြေရှင်းပဲ နေရ မည်နည်း။ မြန်မာနိုင်ငံသားတိုင်းပင် ယခု ၂၀၀၈ ခုနှစ်အတွင်း သမိုင်းတွင်မည့် အောင်မြင်မှုကို ရယူသင့် ကြပြီ။

မြန်မာနိုင်ငံအတွက် အဖြစ်ဆိုးတခုမှာ ကြိုးပမ်းအားထုတ်မှုများကို တာဝန်ရှိသူတို့က ရှုမြင်သုံးသပ်ပုံ၊ လက်ခံ ကျင့်သုံးပုံများ၌ ကွဲပြားနေသေးခြင်း ဖြစ်သည်။ အခြေခံအချက်များကို သဘောတူညီအောင် တယူသန်စိတ် မထားပဲ အမြော်အမြင်ကြီးကြီးဖြင့် တွေ့ဆုံဖြေရှင်းရန် လိုအပ်နေသည်။ တကိုယ်ကောင်းစိတ်များ ဖယ်ရှား၍ အများကောင်းကျိုးအတွက် ရှေ့ရှု ဦးတည်လိုက်ရုံဖြင့် ပြဿနာအားလုံး ပြေလည်သွားနိုင်သည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမခံရမီ လူထုတရပ်လုံးကို အမြော်အမြင် ကြီးမား စွာဖြင့် သတိပေးခဲ့ဖူးသည်။

လွတ်လပ်ရေး လိုချင်လျှင် လွတ်လပ်ရေးရတဲ့ စည်းကမ်း၊ ညီညွတ်မှုတွေကို ထိန်းသိမ်းထားကြပါ။ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေး အရသာ ကိစ္စအတွက် အလုပ် လုပ်တဲ့နေရာမှာ စည်းကမ်းရှိဖို့၊ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့ ခင်ဗျားတို့ စောက်ကျင့်တွေ ပြင်ဖို့ လိုနေပြီ လို့ ကျနော် ပြောခဲ့မယ်။

လွတ်လပ်ရေး ရပြီး နှစ်ပေါင်းများစွာ ကြာလာသောအခါ လွတ်လပ်ရေး၏ တန်ဖိုးကို မေ့လျော့သူတို့ ရှိလာ လေပြီ။ ဗိုလ်ချုပ်အောင်ဆန်း၏ အမှာစကားတို့ကိုလည်း သတိမရနိုင်ကြတော့ပြီ။ အထူးသဖြင့် နိုင်ငံတွင် တာဝန်ရှိသူတို့ ကိုယ်တိုင်က ဗိုလ်ချုပ် မှာခဲ့သည့်အတိုင်း မှန်ကန်စွာ ဦးဆောင်လမ်းပြရန် စဉ်းစားမိပုံမပေါ်။ တိုင်းပြည်အရေးထက် ငါ့အရေးက ပိုကြီးတယ် ဆိုသည့် အတ္တစိတ်များ ဖုံးလွှမ်းလာနေသည်။ တိုင်းပြည် ချောက်ထဲ ပြန်ကျဦးမည့် နိမိတ်လက္ခဏာ ဖြစ်သည်။

ယခု ၂၀၀၈ ခုနှစ်မှာ ပြန်ပြင်ရန် အချိန်မီနိုင်ပါသည်။ ဗိုလ်ချုပ် မှာခဲ့သလို ကျနော်တို့ စည်းကမ်းရှိရှိ စနစ် တကျ ပြန်လည်ပြင်ဆင်ရပါမည်။ ညီညွတ်မှုကို ပြန်လည်ထူထောင်ရပါမည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လမ်းညွှန်လိုက်သည့် သက္ကရာဇ် ၂၀၀၈ - အမျိုးသား ပြန်လည်သင့်မြတ်ရေး နှစ် ဆောင်ပုဒ်အတိုင်းပင် ဖြစ် တော့သည်။

လွင်အောင်စိုး

၂၀၀၈ ဇန်န၀ါရီ (၅)ရက်

လွတ်လပ်ရေး ကျေညာစာတမ်း

မြန်မာနိုင်ငံ၏ “လွတ်လပ်ရေး ကြေညာစာတမ်း”ကို ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့တွင် ကမ္ဘာသိ ထုတ်ပြန် ကြေညာခဲ့သည်။ မြန်မာ့သမိုင်းတွင် အလွန်တန်ဖိုးထားအပ်သည့် ကြေညာစာတမ်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ယာယီသမ္မတ စောရွှေသိုက်ကလည်း ထိုနေ့မှာပင် တိုင်းပြုပြည်ပြု လွှတ်တော်ပါလီမန်၌ “လွတ်လပ်သော မြန်မာနိုင်ငံ၏ ပန်းတိုင်များ”ကို ကြေညာခဲ့သည်။

မြန်မာနိုင်ငံကို လက်ရှိအုပ်စိုးနေသူတို့က သမိုင်း အစစ်အမှန်များကို မသမာသောနည်းလမ်းများဖြင့် ဖုံးကွယ် ထားရန် ကြိုးပမ်းလာနေသောအချိန်တွင် မြန်မာနိုင်ငံသား မျိုးဆက်သစ် အဆက်ဆက်တို့အနေဖြင့် မြန်မာ့ လွတ်လပ်ရေးကို တန်ဖိုးထား လေးစား ထိန်းသိမ်းနိုင်ကြစေရန်၊ မြန်မာ့သမိုင်း အစစ်အမှန်ကို သိရှိနေစေရန်၊ နိုင်ငံချစ်စိတ်များ တိုးပွားနေစေရန်နှင့် သမိုင်းသင်ခန်းစာများ ယူနိုင်ရန် ရည်ရွယ်၍ ပြန်လည် ရှာဖွေ ဖော်ပြလိုက် ပါသည်။

လွတ်လပ်ရေး ကျေညာစာတမ်း

အောင်စေသတည်း

၁။ မြန်မာသက္ကရ်ာဇ် ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက် (အင်္ဂလိပ် သက္ကရာ် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝ လွတ်လပ်သော အချုပ်အချာ အာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အဖြစ်သို့ ရောက်ပြီ။

၂။ ဤငါတို့ မြန်မာနိုင်ငံတော်ကြီးသည် လိုရာမတ ပြည့်စုံလှ၍ ဘူမိနက်သန်မှန်သော မြေထူးမြေမြတ် လည်းဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူး တရားမြတ်တို့တည်ရာ မြေကောင်းမြေမွန်လည်း မှန်၏။ မြေတွင်း မြေပြင် အထူးထူးသော ရတနာအပေါင်းတို့နှင့် ပြည့်စုံသဖြင့် သတ္တ၀ါအပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော် လည်း မသုဉ်းမကုန်နိုင်သော ပဒေသာစစ် အနှစ်သာရ ကြွယ်ဝပြည့်စုံသော မြေလည်းဖြစ်၏။ ဘူမိနက်သန် မှန်လှ ထူးချွန် ဤမြေမွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ စသည်ဖြင့် တသွေးတသား တမိဘ ဖြစ်ကြကုန်သော ငါတို့သည် နှစ်ပေါင်းထောင်ရာ သင်္ချာပွားတက် ရေတွက်ခြင်းငှာ မတတ်နိုင်ရာသော ရာဇ၀င် ရှည်ဝေး ရှေးပဝေဏီမှစ၍ တညီတညွတ် တစုတရုံး လွတ်လပ်သော လူမျိုးအဖြစ် တည်ခဲ့ကြ၏။ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ထို့နောက် မန္တလေးအထိ ငါတို့၏ လွတ်လပ်ရေးသည် နေရောင်လ၀ါ ပမာကဲ့သို့ တဖြာဖြာတ၀င်းဝင်း ကမ္ဘာချဉ်းအောင် ထွန်းလင်းခဲ့ပေ၏။ သို့ရာတွင် ကမ္ဘာ့တန်ဆာ ကာလအင်္သချေ တည်နေအပ်သော နေမင်းသူရိယာ လစန္ဒာတို့ပင် ဆီးနှင်းမြူတိမ် ဖုံးအုပ်၍ ခေတ္တခဏ အရှိန်အ၀ါ ညှိုးလျော်နွမ်းလျ မထွန်းမပ ဖြစ်ဘိသကဲ့သို့ ငါတို့၏လွတ်လပ်သော မြန်မာ နိုင်ငံတော်သည်လည်း လွန်ခဲ့သည့် နှစ်ပေါင်းလေးရာခန့်က ဥရောပတိုင်မှ ထွက်ပေါ်လာ၍ တကမ္ဘာလုံးကို ရစ်ပတ်အုပ်ဖုံးခဲ့သော နယ်ချဲ့ဝါဒကြီးနှင့် မရှောင်မကွင်းသာ ကြုံကြိုက်ဆုံတွေ့မိ၍ ပဌမ အင်္ဂလိပ်-မြန်မာစစ်၌ ရခိုင်-တနင်္သာရီ၊ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်၌ ဟံသာဝတီ-ပဲခူး၊ တတိယ အင်္ဂလိပ်-မြန်မာစစ်၌ မန္တလေးရတနာပုံ သုံးကြိမ်သုံးတန် ချအပ်ရခြင်းဖြင့် ဤမြေထူမြေမြတ်၌ နှစ်ပေါင်းထောင်ရာ စောင့်ထိန်း၍လာခဲ့ကြသော ငါတို့၏ လွတ်လပ်ရေးသည် ငါတို့လက်မှလွတ်၍ လက်အောက်ခံဘ၀သို့ လုံးဝရောက်ခဲ့ကြရသည်။ သို့သော် နေမင်း သူရိယာ လစန္ဒာတို့ကို ဆီးနှင်း မြူတိမ်တို့သည် မည်သို့ပင် ဖုံးလွှမ်းစေကာမူ နေလတို့၏ အရှိန်အတောက်ကို မခံနိုင်ရကား ခေတ္တမျှနှင့်ပင် လွင့်စင်ကွယ်ပျောက်၍ နေ၀ါလရောင်သည် ပကတိအရေကို ပြန်၍ဆောင်လေ ဘိသကဲ့သို့ ငါတို့အပေါ်၌ လွှမ်းဖုံးအုပ်သော နယ်ချဲ့ဝါဒသည် ငါတို့၏ ကမ္ဘာရှည်မြင့် ရင့်မာလှသော လွတ်လပ်ရေး စိတ်ဓါတ်၏ အရှိန်အတောက်ကို မခံနိုင်ရာကား ခြောက်ဆယ့်တနှစ် တလနှင့် တရက်သော အခိုက်အတန့် ကလေးမှာပင် အလိုအလျောက် ကွယ်ပျောက်သွားရသဖြင့် ဤနေ့ဤအခါမှစ၍ ငါတို့သည် အသူရိန် ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်အပ်သော လပြည့်စန်းပမာ သန့်ရှင်းစင်ကြယ် ချမ်းမြေ့သာယာစွာဖြင့် လုံးဝ လွတ်လပ် သော ဘ၀ထူး ဘ၀မြတ်ကို လက်ဆုပ်လက်ကိုင် အပိုင်ရရှိကြပြီ။

၃။ ယခု ငါတို့ရရှိအပ်သော လွတ်လပ်ရေးသည် ရေတွင်ရုပ်ရေး မြသွေးကောင်းကင် တိမ်ရိပ်ထင်သကဲ့ သို့သော လွတ်လပ်ရေး မဟုတ်။ ငါတို့အား လွတ်လပ်ရေးလမ်းစဉ်သို့ ညွှန်လည်းညွှန်ပြ လမ်းစရှာကြံ အမြန် ရောက်အောင် ပို့ဆောင်ခဲ့ကြပေသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အ၀၀သော ကူးတို့မှူး ခေါင်းဆောင်ကြီးတို့၏ မဆုတ်မနစ်သောလုံ့လ၊ မလျော့သောဝိရိယ၊ ဆီမီးတန်ဆောင်ကဲ့သို့ ထွန်းပအပ်သော ဥာဏ်မျက်စိ၊ ၀ဇီရစိန်သွား ကဲ့သို့ စူးရှသောသတ္တိတို့ကြောင့် အဟံမမ သံပကြုံးဝါး အခြားအခြားလွတ်လပ်သော နိုင်ငံကြီးတို့နှင့်တန်းတူ မြူ တခြမ်းမျှ မလျော့မလို ထိုထိုသော တန်ခိုးရှိန်ဝါ တေဇာအပေါင်းတို့နှင့် ပြည့်စုံသော အချုပ်အချာတည်း ဟူသော အာဏာထူးအမြတ်ကို ငါတို့လက်ကိုင် အပိုင်ရရှိကြပြီ။

၎။ ငါတို့သည် တမျိုးဘာသာ တစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား။ ကျောသားရင်သား သူကားငါကား ခွဲခြားခြင်းကို အလိုမရှိ။ မြစ်ချောင်းသီတာ သမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မတာ သဘာဝ အပိုင်းအခြား ထင်ရှားစွာ သတ်မှတ်အပ်သော ရာဇ၀င်ရှည်ဝေး ရှေးပဝေဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသား ဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေ နေထိုင်ရာ မြန်မာနိုင်ငံတော်တ၀ှမ်းကို တသွေး တသားတည်းဟူသော ကြိုးထူး၊ တစိတ်တ၀မ်းတည်းဟူသော ကြိုးထူး၊ အလိုအလျောက် သဘာဝ အထောက် အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာတည်းဟူသော ကြိုးထူး၊ ဤကြိုးသုံးပါးဖြင့် ကမ္ဘာဆုံးတိုင် မြဲခိုင် တည်တံ့အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆိုက်လက်ကိုင် ငါတို့အပိုင်ရလေပြီ။

၅။ ငါတို့နိုင်ငံတော်ကြီးသည် မည်သူတဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ် မဟုတ်။ မည်သူ တဦး တယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိက အပိုင်ပစ္စည်း မဟုတ်။ မည်သူ တဦးတယောက် တဖွဲ့တသင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံ မဟုတ်။ အတိတ်ကာလက၎င်း၊ ယခုမျက်မှောက်တွင်၎င်း၊ နောင်လာ လတ္တံ့သောအနာဂတ်ကာလ၌၎င်း ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီး ကျား-မ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့ ဒို့၏အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာ ဖြစ်သည်ဟူသော လူ့ ဘာသာ၊ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအ၀ှမ်း၏ အကျိုးကို ကောင်းစွာဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက် မပြန် မစွန်းမငြိ ပကတိ သန့်ရှင်းဖြူစင်သော မူလလူ့ဝါဒနှင့်လျော်စွာ စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြား သတ်မှတ် တူညီသောတရား၊ တူညီသောအခွင့်အရေး၊ တူညီသောအဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့် သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော၊ သမ္မတမြန်မာနိုင်ငံတော် တည်းဟူသော မြတ်သော အဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။

၆။ သိကြကုန်လော့။ ယနေ့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဤအချိန်မှစ၍ ငါတို့၏မူလအပိုင်ဖြစ်သော လုံးဝ လွတ်လပ်ရေးကို ငါတို့ပြန်၍ ယူပြီ။ တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေး၊ အဆင့်အတန်း တူညီသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင်တည်မည်။ ငါတို့သည် လွတ်လပ်သောနိုင်ငံ ဖြစ်သည် နှင့်အညီ ကမ္ဘာ့လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကို စောင့်ရှောက် ကျင့်ဆောင်မည်။ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ ချစ်မြတ်နိုးသည်နှင့်အညီ တပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့ လေးစား စောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့် လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။

ဤ ငါတို့ ကျေညာချက်ကို တကမ္ဘာလုံး တယောက်မကျန် ကြားသိစေသတည်း။

----------------------------------------------------

ပြန်လည် ရှာဖွေ ဖော်ပြသူ - လွင်အောင်စိုး

၂၀၀၈ ဇန်န၀ါရီ (၃)ရက်

လွတ်လပ်သော မြန်မာနိုင်ငံ၏ ပန်းတိုင်များ

လွတ်လပ်သော မြန်မာနိုင်ငံ၏ ပန်းတိုင်များ

(၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် ယာယီသမ္မတ စောရွှေသိုက်က တိုင်းပြုပြည်ပြု လွှတ်တော်ပါလီမန်၌ ကျေညာသည်။)

ပါလီမန်အမတ်များ

ယနေ့နံနက်မှစ၍ မြန်မာနိုင်ငံတော်သည် အချုပ်အချာ အာဏာပိုင် ပြည်ထောင်စုသမ္မတနိုင်ငံတော် ဖြစ်လေပြီ။ ဤ တိုင်းပြုပြည်ပြုလွှတ်တော်သည်လည်း ပြည်ထောင်စုပါလီမန် ဖြစ်လာလေပြီ။ ဤ ပါလီမန်၏ သဘောတူညီချက်အရ ၀န်ကြီးချုပ်နှင့်တကွ အခြားဝန်ကြီးများကိုလည်း ကျွန်ုပ်က ရာထူးအပ်နှင်းပြီးဖြစ်၍ မြန်မာ ပြည်ထောင်စုအစိုးရ ဖြစ်လာလေပြီ။ ကျွန်ုပ်၏ အစိုးရ၀ါဒကို အနည်းငယ် ပြောပြလိုပါသည်။

အမြဲထာဝစဉ် ရှေ့ရှုသုံးသပ်လျက်ရှိသော ကျွန်ုပ်တို့၏ မူလရည်ရွယ်ချက်သည်ကား မြန်မာ ပြည်ထောင်စုတွင် အရင်းရှင်ဝါဒကို ပိတ်ပင်ပယ်ဖျက်၍ နိုင်ငံ၏ လုပ်ငန်းဆောင်တာ အ၀၀ကို တိုင်းသူပြည်သား များသာ ပိုင်ဆိုင်ခွင့်ရှိသော ဆိုရှယ်လစ်နိုင်ငံတော် တည်ဆောက်ရန် ဖြစ်ပေသည်။ ထိုဝါဒတွင် ပိုင်ရှင်ရှိသော ပစ္စည်းများကို အတင်းအဓမ္မ လုယက်ယူသော ရည်ရွယ်ချက် လုံးဝမပါပဲ တိုင်းပြည်အတွင်း ရှိရှိသမျှ ပြည်သူ ပြည်သား အလုံးစုံတို့ကို ကျောသားရင်သား မခွဲခြားဘဲ ပြည့်ဝချမ်းသာစေလိုသော ၀ါဒသာလျှင် ဖြစ်လေသည်။ လူအတန်းအစား မခွဲခြားဘဲ အားလုံးပြည်သူ လူအများတို့ ကြွယ်ဝချမ်းသာမှသာလျှင် နိုင်ငံကောင်း နိုင်ငံမြတ်ဟု ဆိုထိုက်ပေသည်။

မြန်မာပြည်တဝှမ်းလုံး ချမ်းသာကြစေရန် အကျိုးနှင့် စစ်ကြောင့်ပျက်စီးနေသော စက်မှုလက်မှု လုပ်ငန်းဆောင်တာ ပစ္စည်းပစ္စယ အ၀၀တို့ကို ပြန်လည်ထူထောင်ရာတွင် စမ်းတ၀ါးဝါး အယောင်ယောင် အမှားမှား မပြုလုပ်ဘဲ စီမံကိန်းများနှင့်သာ ပြုလုပ်ရန် ကျွန်ုပ်၏အစိုးရက ထိုစီမံကိန်းများကို သေချာကျနစွာ ရေးဆွဲထားပြီး ဖြစ်လေသည်။ ထိုစီမံကိန်းများအတိုင်း လိုက်နာ၍ ပြန်လည်ထူထောင်ရေးနှင့် နိုင်ငံ သာယာဝပြော စည်ပင်ရေးတို့ကို လျင်မြန်စွာ ထမြောက်အောင်မြင်စေရန် ကျွန်ုပ်၏အစိုးရက ကြိုးစား ဆောင်ရွက်လိမ့်မည်။

မြန်မာ ပြည်သူပြည်သားတို့သည် မိမိတို့၏နိုင်ငံတော်ကို မိမိတို့အင်အားဖြင့် ပြင်ပရန်သူတို့၏ ဘေး အန္တရာယ်မှ ကာကွယ်နိုင်ရန် ခေတ်မှီသော သေနင်္ဂဗျူဟာကို ကျွမ်းကျင်တတ်မြောက်သော တိုင်းရင်းသား ကုန်းတပ်၊ ရေတပ်၊ လေတပ်များတို့ကို လျင်မြန်စွာ တည်ထောင်၍ ထိုတပ်ပေါင်းအလုံးစုံတို့သည် ပြည်သူ ပြည်သားများ၏တပ်များ ဖြစ်ကြရန်ကို အကျွန်ုပ်၏အစိုးရက ရည်ရွယ်သည်။ အမြဲတမ်းတပ်များအပြင် အရွယ် ရောက်၍ ကျန်းမာသန်စွမ်းကာ အခြားအလုပ်ကို လုပ်ကိုင်လျက်ရှိသော ပြည်သူပြည်သားတို့ ပါဝင်နိုင်သည့် အရံတပ်များကို ဖွဲ့စည်းရန်လည်း ကျွန်ုပ်၏အစိုးရက ရည်ရွယ်သည်။

နိုင်ငံခြားကိစ္စနှင့် စပ်လျဉ်း၍ ကျွန်ုပ်၏အစိုးရ ရည်ရွယ်ချက်မှာ အခြားနိုင်ငံများနှင့် သင့်မြတ်စွာ ပေါင်းသင်းဆက်ဆံ၍ လျောက်ပတ်ထိုက်တန်သော နိုင်ငံများနှင့် နှစ်ဦးသဘောတူ မဟာမိတ်များ ဖွဲ့စည်းရန် ရည်ရွယ်သည်။ အခြားနိုင်ငံများနှင့် သင့်မြတ်စွာ ပေါင်းသင်းလိုသော်လည်း မြန်မာနိုင်ငံတော်ကြီး၏ နယ်နိမိတ်ကို မည်သည့်အခြားနိုင်ငံကမျှ မကျူးလွန်နိုင်ရန် ကျွန်ုပ်၏အစိုးရက လုံးဝ ကာကွယ်လိမ့်မည်။ တနိုင်ငံနှင့် တနိုင်ငံ မိတ်ဆက်ရာ၌ လွယ်ကူစေသော သံတမန်ချင်း လဲလှယ်သည့် ကမ္ဘာ့နိုင်ငံများ၏ ထုံးတမ်းစဉ်လာ ဓလေ့ကို လိုက်နာ၍ ယခုပင်လျှင် အချို့နိုင်ငံကြီးများနှင့် စီစဉ်ပြီး ဖြစ်လေပြီ။ ယခု ကျွန်ုပ်တို့၏ လွတ်လပ်ရေး အောင်ပွဲကြီး သို့ ကျွန်ုပ်တို့နှင့် အဆက်အသွယ် ရှိပြီးဖြစ်သော နိုင်ငံတို့က အထူးသံတမန်များ လွှတ်ကြသည်ကို ကျွန်ုပ် ကျေးဇူး တင်ပါ၏။ ယင်းသို့ သံအရာရှိကြီးများ လာရောက်ကြသည်ကို ထောက်ရှုသော် အခြားနိုင်ငံများက လွတ်လပ်သော မြန်မာနိုင်ငံတော် အပေါ်တွင် မေတ္တာထားကြသည်ဟူ၍ ကျွန်ုပ်ယူဆသည်။ ကမ္ဘာတ၀ှမ်းလုံးတွင် စစ်မဖြစ်ပွားဘဲ တိုင်းပြည်တကာတို့ ဧဧချမ်းချမ်း ရှိကြဘို့အရေးကို ကျွန်ုပ်၏အစိုးရက လိုလားသည်နှင့်အညီ ကမ္ဘာ့ကုလသမဂ္ဂကို ၀င်ခွင့်ရရန် ကျွန်ုပ်၏အစိုးရက ဆောင်ရွက်လိမ့်မည်။

ပြည်ထောင်စုနိုင်ငံတွင်းတွင်လည်း ငြိမ်ဝပ်ပိပြား၍ လက်နက်ကိုင် ရာဇ၀တ်မှုများ ပပျောက်လေ အောင် ကျွန်ုပ်၏အစိုးရက ဆောင်ရွက်လျက်ရှိသည်။ ဤသို့ဆောင်ရွက်ရာ၌ ကျွန်ုပ်တို့အစိုးရသည် လုံ့လကို မလျှော့ဘဲ ပြည်သူပြည်သားတို့၏ အကူအညီကို တောင်းခံကာ လုံလောက်သောအာဏာကို သုံးစွဲလိမ့်မည်။

တောင်သူလယ်သမားတို့၏ အခွင့်အရေးများကိုလည်း တိုးတက်စေလျက် မြေပိုင်ရှင်စနစ်ကို ဖြို ဖျက်ပစ်ရန် ကျွန်ုပ်၏အစိုးရက ရည်သန်သည်။ အလုပ်သမားတို့၏ အခွင့်အရေးများကိုလည်း တိုးတက်စေလျက် အရင်းရှင်စနစ်ကို ဖြိုဖျက်ပစ်ရန် ကျွန်ုပ်၏အစိုးရက ရည်သန်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံသည် ယနေ့ လွတ်လပ်သောနိုင်ငံ ဖြစ်သည်နှင့်အညီ တဦးကိုတဦး ကြောက်ရွံ့ရခြင်း၊ တဦးကိုတဦးက နှိပ်စက်ခြင်းမှစ၍ မကောင်းသောအလေ့ဆိုးများကို လုံးဝဖျက်ပစ်ရန် ကျွန်ုပ်၏ အစိုးရက ရည်ရွယ်သည်။ ရာဇ၀င်တွင် ရှေးရှေးအခါမှစ၍ ရှေးမင်းများ၏ အာဏာစက်ကြောင့် ဒွန်းစဏ္ဍား၊ သူတောင်းစား၊ ဘုရားကျွန်၊ ကျောင်းကျွန်၊ သင်ချိ စသည့် လူတန်းအနှိမ့်ခံ နေရသူတို့လည်း ရှိနေသေးသည်။ ဤကဲ့သို့ လူတန်းအနှိမ့်ခံ ဒွန်းစဏ္ဍား၊ သူတောင်းစား၊ ဘုရားကျွန်၊ ကျောင်းကျွန်၊ သင်ချိ စသည်တို့ကို ယနေ့မှစ၍ ရှေးအမင်းမင်းတို့၏ အာဏာစက်ကို ကျွန်ုပ် ပယ်ဖျက်၍ ထိုသူတို့၏သဘောအတိုင်း လုပ်လိုသော အလုပ်မျိုးစုံကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ကြစေဟု ကျွန်ုပ် အမိန့်ချမှတ်သည်။ ဤ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ရှိရှိသမျှ သော နိုင်ငံသားများသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ပါရှိသည့်အတိုင်း တဦးနှင့်တဦး အခွင့်အရေးချင်း တူညီကြစေ။

-------------------------------------

ပြန်လည် ရှာဖွေ ဖော်ပြသူ - လွင်အောင်စိုး

၂၀၀၈ ဇန်န၀ါရီ (၃)ရက်

ဂြိုဟ်တု စလောင်း ရုပ်သံကြေး မိုးပေါ် ပျံတက်သွား

မြန်မာနိုင်ငံက စစ်အာဏာရှင် လူရမ်းကား ခေါင်းဆောင်တသိုက်ကတော့ ရမ်းချင်တိုင်း ရမ်းနေပါပြီ။ တိုင်းပြည်ကို ဘယ်လိုကောင်းအောင် လုပ်ပေးရမလဲ ဆိုတာ မစဉ်းစားပဲ ပြည်သူတွေကို ဘယ်လို ပိတ်ဆို့ရမလဲ၊ ပြည်သူတွေ စိတ်ဆင်းရဲအောင်။ ပြည်သူတွေ ကျပ်သထက်ကျပ်လာအောင် ဘယ်လို နှိပ်ကွပ်ရမလဲ ဆိုတာကိုပဲ စဉ်းစားနေသလားလို့တောင် ပြောရတော့မလို ဖြစ်နေပါပြီ။

စစ်အစိုးရရဲ့ လက်ရှိ လုပ်ရပ်တွေကို ကြည့်လိုက်ရင် သိပ်ရန်လိုနေတဲ့ လူတယောက်ဟာ အခြားသူတွေနဲ့ ရန်မဖြစ်ရရင် မနေနိုင်သလိုမျိုး ဖြစ်နေပါတယ်။ ပြည်သူတွေကို ရန်သူလို သဘောထားမှ၊ ပြည်သူတွေကို ဆန့်ကျင်ဘက် လုပ်ရမှ သူတို့ အာဏာမြဲနေမယ်လို့များ တွက်နေသလားပဲ။

ဒါကို လက်တွေ့ကျကျ သုံးသပ်ကြည့်ရင် အမျိုးသား ရင်ကြားစေ့ရေးကို ဖြစ်မြောက်အောင် မလုပ်တဲ့သူတွေဟာ ပြည်သူတွေနဲ့ ရန်ဖြစ်ချင်တဲ့ သူတွေပဲလို့ တပ်အပ်သေချာ ပြောနိုင်ပါတယ်။

အမျိုးသား ရင်ကြားစေ့ရေးကို တဖွဖွ ပြောရင်းနဲ့ပဲ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ စတဲ့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဟာ ထောင်ထဲဝင်နေရပါတယ်။ ဒါကို ထင်ရှားတဲ့ ဥပမာ တခုအနေနဲ့ ပြလို့ရနေပါတယ်။

တကယ်တော့ နအဖဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ သူတို့ စေတနာ မထားနိုင်တာတွေကို သူတို့ကိုယ်တိုင်ပဲ တနေ့တခြား ကွက်ကွက်ကွင်းကွင်း ဖော်ပြလာနေပါတယ်။ နအဖ ဇာတိ ပြနေပါပြီ။

နအဖက သတင်းမီဒီယာနဲ့ ပညာရေး အခန်းကဏ္ဍကို ဘယ်လိုပဲ လိုက်ပိတ်နေသည်ဖြစ်စေ၊ လူထုအကြား သတင်းမှန်နဲ့ ဗဟုသုတတွေ ပိုမိုစီးဆင်း ပြန့ှ်နှံ့အောင်၊ ပြည်သူတွေ နိုင်ငံရေး အသိတရား ပိုမို နိုးကြားနေအောင် ပြည်တွင်းပြည်ပ မြန်မာ ဘလော့ဂါသမားတွေ၊ မြန်မာသတင်းဌာနတွေ၊ ၀က်ဘ်ဆိုက် ပညာရှင်တွေ၊ လူထု တင်းထောက်တွေ၊ ပြည်ပ အသံလွှင့်ဌာနတွေ၊ စာအုပ်စာတမ်း ထုတ်ဝေ ဖြန့်ဖြူးပေးနေသူတွေက ညီညီ ညွတ်ညွတ် တိုင်တိုင်ပင်ပင်နဲ့ ၀ိုင်းဝန်းပူးပေါင်းကူညီပေးကြရပါမယ်။ လက်ရှိအနေအထားမှာတော့ အတော်လေး အားရ ကျေနပ်စရာ ကောင်းလောက်အောင်ကို တွေ့မြင်နေရပါတယ်။

နအဖ စစ်ခေါင်းဆောင်တွေက ပြည်သူတွေ ကျပ်သထက်ကျပ်လာအောင် တမင်တကာ ဖန်တီးနေတဲ့ အကြောင်း၊ ပြည်သူတွေ တိုးတက်သွားမှာကို မလိုလားပဲ မရမက လိုက်လံ ပိတ်ဆို့နေတဲ့အကြောင်း သက်သေ ထူလိုက်တဲ့ သတင်းတပုဒ်ကတော့ ဂြိုဟ်တု စလောင်း ရုပ်သံကြေး တနှစ်တာ သုံးစွဲခကို ကျပ်တသန်းထိ တိုးမြှင့် သတ်မှတ်လိုက်တဲ့ကိစ္စ ဖြစ်ပါတယ်။ သူတို့အမြဲ ပြောပြောနေတဲ့ ပညာရေး ရည်မှန်းချက်နဲ့လည်း လုံးလုံးကြီး ဆန့်ကျင်နေပါတယ်။

စလောင်း ရုပ်သံကြေး တိုးမြှင့်တာကို နအဖက တရားဝင် ကြေညာချက် မထုတ်ပြန်ပါဘူး၊ ဘယ်လိုမှ စောဒက တက်လို့ မရနိုင်တဲ့ “အထက်အမိန့်” ဆိုတာနဲ့ နှုတ်မိန့် ပေးသွားတာပဲ ဖြစ်ပါတယ်။ (လောင်စာဆီခွဲတမ်း တ၀က် လျှော့မယ်လို့ သတင်းထွက်သွားတုန်းကလို ဖြစ်နေပါတယ်။)

လွင်အောင်စိုး
၂၀၀၈ ဇန်န၀ါရီ (၄)ရက်

မူရင်းဆောင်းပါး (အပြည့်အစုံ)

၂၀၀၈ ခုနှစ်အတွက် နှစ်သစ် အမှာစကား

မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် နိဂုံးချုပ်တော့မည်။

တကမ္ဘာလုံးက မျှော်လင့်ခြင်းကြီးစွာဖြင့် စောင့်ကြည့်နေသည်။

ပြည်တွင်းပြည်ပ လုပ်နိုင်သူတွေက ၀ိုင်းလုပ်ပေးနေသည်။

အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရေးကို မြန်မာပြည်သူတရပ်လုံး၊ တကမ္ဘာလုံးက မျှော်လင့်ထားသည်။

-------------------

အပေါ်ယံကြည့်လျှင် နအဖ စစ်ခေါင်းဆောင်များက တိုင်းပြည်ကို ထိန်းနိုင်သယောင်ယောင်တော့ ရှိသည်။

တကယ်တမ်းမှာ အခြေမခိုင်တော့။

စစ်ခေါင်းဆောင်တို့အနေဖြင့် လူသတ်လက်နက်မပါပဲ ဘာမှ မလုပ်တတ်တော့။

မတရားသည့် အမိန့်များ၊ ဥပဒေ မဟုတ်သည့် ဥပဒေများ မပါပဲ ဘာမှ မလုပ်တတ်တော့။

-----------------------

နအဖ စစ်ဗိုလ်ချုပ်တို့၏ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုများတွင် အားနည်းချက် များစွာ ရှိနေသည်။

ထိုအားနည်းချက်များကို သိရှိ အသုံးချခြင်းဖြင့် လူထုဘက်မှ အားသာအောင် လုပ်ယူနိုင်သည်။

  • စနစ်တကျ လုပ်တတ်ဖို့လိုသည်။
  • စုစုစည်းစည်း လုပ်တတ်ဖို့လိုသည်။
  • စာတွေ့-လက်တွေ့ ဆက်စပ် လုပ်တတ်ဖို့လိုသည်။
  • ခေတ်မီနည်းပညာနှင့် အသုံးအဆောင်များကို ရနိုင်သမျှ အသုံးချ၍ လှုပ်ရှားမှုကို လျင်မြန် သွက်လက်စေဖို့၊ လုံခြုံစိတ်ချရဖို့ လိုသည်။
  • အချိန်အခါကိုက် ဖြစ်စေရန် နိုင်ငံရေး အကွက်အကွင်းကောင်းကို ဖန်တီးဖို့ လိုသည်။

---------------------

နအဖသည် ပြည်သူတို့ လက်မခံနိုင်သော အမှားများကို ပြင်ရန် မကြိုးစားပဲ နောက်ထပ် တခုပြီးတခု ကျူးလွန်လျက်သာ ရှိနေသည်။

အလုံးစုံ ပျက်သုန်းရေးကို နအဖကသာ ဦးတည်ပြီး တိုင်းပြည်နှင့် အမျိုး-ဘာသာ-သာသနာ တခုလုံးကို ဖျက်ဆီးရန် ရည်ရွယ်နေသည်။

  • တိုင်းပြည်ပိုင် သယံဇာတများကို ရေရှည်ထိန်းသိမ်းရန် မျှော်မှန်းချက် မရှိပဲ ရသမျှ သိမ်းကြုံး ထုတ်ယူ ရောင်းစားပစ်ပြီး ကိုယ်ကျိုးအတွက်သာ အသုံးချနေသည်။
  • လောင်စာဆီဈေးများကို (၅)ဆအထိ မြှင့်တက်ပြီး လူထု စားဝတ်နေရေးကို ပိုမိုကျပ်တည်း စေကာ လူထု အုံကြွလာအောင် တမင်တကာ ဖန်တီးနေသည်။ (မကြာမီအချိန်အတွင်း လောင်စာဆီ ခွဲတမ်းများကို တ၀က်လျှော့ချမည်ဟု ကြားသိနေရပြန်သည်။ လူထုအပေါ် နောက်ထပ် ထိုးနှက်ချက်တခု ဖြစ်သည်။)
  • ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များကို ကာယကံ၊ ၀စီကံ၊ မနောကံဖြင့် ဘာသာမဲ့များပမာ ရက်ရက်စက်စက် ကျူးလွန်နေသည်။
  • နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းများဖြင့် ဂုဏ်သိက္ခာရှိရှိ အမြော်အမြင်ရှိရှိ ဖြေရှင်း ရန် မကြိုးစားပဲ ရက်စက်ကောက်ကျစ်စွာ အဆင်အခြင်မဲ့ ပရမ်းပတာ တုန့်ပြန်နေခြင်းဖြင့် ပြဿနာများကို ပိုမို ကြီးမား ရှုပ်ထွေးနေစေသည်။
  • ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာနှင့် မြန်မာပြည်သူ လူထုက တောင်းဆိုနေသည့်

- လူ့အခွင့်အရေးများ ပြည့်ဝရေး၊

- တရားဥပဒေ စိုးမိုးရေး၊

- ဒီမိုကရေစီ ဖော်ဆောင်ရေး၊

- အမျိုးသား ပြန်လည် သင့်မြတ်ရေး၊

- ကလေးစစ်သားများ အသုံးချမှု ရပ်ဆိုင်ရေး၊

- အဓမ္မ လုပ်အားခိုင်းစေမှု ပပျောက်ရေး၊

- အေအိုင်ဒီအက်စ် ၊ ငှက်ဖျား၊ တီဘီရောဂါ အပါအ၀င် ကလေးသူငယ်များ အဟာရဓါတ် မပြည့်ဝမှု၊ မွေးကင်းစ ကလေးများ သေဆုံးနှုန်း မြင့်တက်နေခြင်း၊ လူထုကျန်းမာရေး အထောက်အပံ့များ စသည့် အဓိက ကျန်းမာရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ရေး၊

- သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊

- လူကုန်ကူးမှု ပပျောက်ရေး၊

- မူးယစ်ဆေးဝါးများ ထိန်းချုပ်ရေး၊

- အိုးအိမ်မဲ့ စွန့်ခွာ ထွက်ပြေးရသည့် အဖြစ်များ မရှိအောင် ထိန်းချုပ်တားဆီးရေး၊

- အထက်အမိန့်အရ ဆိုသည့်စကားဖြင့် အစဉ်အလာ စီပွားရေးများအား အဓမ္မ ဖျက်သိမ်း၊ ပိတ်ဆို့၊ ပြောင်းလဲ လုပ်ကိုင်စေခြင်းများကို ရပ်ဆိုင်းရေး၊

- ငွေကြေးဖောင်းပွမှုကို စိစစ် ထိန်းချုပ် ပြုပြင်ပြောင်းလဲရေး

- တရားမျှတမှု မရှိသော အခွန်များကို အဓမ္မ ကောက်ခံခြင်းများမှ ရပ်ဆိုင်းရေး၊

- လွတ်လပ်စွာ ခရီးသွားလာ နေထိုင်မှုများအပေါ် ပိတ်ပင်နှောင့်ယှက် တားဆီးမှုများ ကင်းဝေးရေး၊

- လွတ်လပ်စွာ ရေးသား ပြောဆို ဖော်ထုတ်မှုများကို ကန့်သတ် ပိတ်ပင်ခြင်းများ မရှိစေရေးနှင့် သတင်းမီဒီယာ လွတ်လပ်ခွင့် ရှိရေး၊

- နိုင်ငံရေး အကျဉ်းသမားများအား မတရား ဖမ်းဆီးထားခြင်းမှ အမြန်ဆုံး လွှတ်ပေးရး၊

- နိုင်ငံရေးပါတီများ၏ လှုပ်ရှားခွင့်များကို ပိတ်ပင်တားဆီးထားခြင်းများမှ ရုပ်သိမ်းရေး၊

- လူသားချင်း စာနာထောက်ထားမှုဖြင့် နိုင်ငံတော်မှ ပြည်သူများကို ထောက်ပံ့ကူညီရေး၊ နိုင်ငံတကာ အကူအညီများကို လွတ်လပ်စွာ ခွင့်ပြုရေးနှင့် ပြည်တွင်း-ပြည်ပ လူမှုဝန်ထမ်း အသင်းအဖွဲ့များကို လွတ်လပ်စွာ လုပ်ဆောင်ခွင့်ပေးရေး၊

အစရှိသည့် ကိစ္စများစွာတို့ကို နအဖ ခေါင်းဆောင်တို့က လစ်လျူရှုနေသရွေ့ ကာလပတ်လုံး မြန်မာနိုင်ငံတွင် ပြဿနာများ မုန့်လုံစက္ကူကပ် ဖြစ်နေပေလိမ့်မည်။

-------------------

အထက်ပါ ပြဿနာများကို အပြုသဘောဆောင်သည့် (လက်တွေ့ အကျိုးဖြစ်ထွန်းလာသည့်) နည်းလမ်းများဖြင့် မဖြေရှင်းသရွေ့ နအဖ စစ်ခေါင်းဆောင်များ ဘာလုပ်လုပ် မြန်မာပြည်သူတရပ်လုံးနှင့် နိုင်ငံတကာမှ လက်မခံနိုင်သည့် အနေအထား ဖြစ်နေသည်။

လက်မခံနိုင်သရွေ့ နအဖကို မည်သူမျှ ထောက်ခံပေးမည် မဟုတ်။ ယိုင်းပင်းကူညီပေးမည်လည်း မဟုတ်။

ထောက်ခံသူ၊ ယိုင်းပင်းကူညီသူ မရှိလျှင် မည်သည့်အာဏာရှင်မှ မရပ်တည်နိုင်။

-----------------

နအဖ သက်ဆိုးရှည်ရန် ထောက်တိုင်အဖြစ် အသုံးချခံနေရသူများတွင် အပြောင်းအလဲများ မကြုံစဖူး ဖြစ်ပေါ်လာနေသည်။

နအဖအား ထောက်ခံ-ယိုင်းပင်းကူညီနေသူများက နအဖအပေါ် စိတ်ပျက်နေကြသည်၊ ပိုမိုကောင်းမွန်သော ပြည်သူ့အကျိုးပြု အစိုးရ တရပ်၏ ခေါင်းဆောင်မှုကို မျှော်လင့်နေကြသည်ဟု ဆိုလိုသည်။

နအဖ၏ အသုံးချခံရသူမှန်သမျှ မည်သည့်နေ့တွင် မိမိတို့အလှည့်ရောက်လာမည်ကို စိုးရိမ် ကြောင့်ကျ ပူပန် နေရသည်။

အထက် အထက် မှန်သမျှ လာဘ်ပေး၍ မဆုံး၊ မတရား အနိုင်ကျင့်နေမှန်းသိလျက် ခေါင်းငုံ့ခံ၍ မဆုံး ဖြစ်နေရတော့သည်။

အသက်ရှင် ရပ်တည်ရန် အခြားလုပ်စရာများကို ရွေးချယ်ခွင့်မရှိ၍သာ (သို့) လမ်းစ မတွေ့၍သာ လက်ရှိ အလုပ်တွင် စိတ်မပါပဲ၊ မပျော်ပိုက်ပဲ မှေး၍ လုပ်နေရသူများ ဖြစ်လာသည်။

-------------------

အထက်ကလူ စိတ်ထဲရှိသရွေ့ ပြောလိုက်သည့်စကားမှန်သမျှ အမိန့်ဖြစ်နေခြင်းသည် တိုင်းပြည်ကို စနစ်တကျ ရေရှည် အုပ်ချုပ်ရန် မလွယ်သည့် အဓိပ္ပာယ်ဖြစ်သည်။

အထက်အမိန့်အရဆိုလျှင် ကိုယ့်သေတွင်း ကိုယ်တူး၍ သေပေးရမည့်သဘော ရှိနေသည်။

ယနေ့ခေတ်ကာလကား ထိုသို့သော အမိန့်ပေးသူကိုပင် ပြန်လည် တရားစွဲဆိုနိုင်သော ခေတ်ဖြစ်သည်။

လူ့အခွင့်အရေး ပြည့်ဝသောခေတ် ဖြစ်သည်။

တရားဥပဒေ စိုးမိုးမှု ရှိသော ခေတ်ဖြစ်သည်။

မီဒီယာ လွတ်လပ်ခွင့်ရှိသော ခေတ်ဖြစ်သည်။

ကမ္ဘာတွင် ဖြစ်ပျက်နေသမျှ မိနစ်ပိုင်း နာရီပိုင်းအတွင်း သိရှိနိုင်သည့် ခေတ်မီအသုံးအဆောင်များကို အလွယ်တကူ အသုံးချနိုင်သောခေတ် ဖြစ်သည်။

----------------------

မြန်မာတို့ မျက်စိပွင့်နေပြီ။

တိုင်းပြည်တွင် စစ်မှန်သော ဒီမိုကရေစီ ရှိမှသာ တရားဥပဒေ စိုးမိုးမှု ရှိမည်၊ လူ့အခွင့်အရေး ပြည့်ဝမည် ကို လူတိုင်းက သဘောပေါက်နေသည်။

--------------------

မြန်မာတို့ မျက်စိ မပွင့်နိုင်အောင်၊ နားမစွင့်နိုင်အောင်။ ခေတ်နှင့်အညီ အသိဥာဏ် မတိုးတက်နိုင်အောင် နအဖ စစ်ခေါင်းဆောင်တို့က ဖိနှိပ်ချုပ်ချယ်ထားသည်။

မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု မရှိအောင် စစ်ဗိုလ်ချုပ်များက ချယ်လှယ်ဖန်တီးနေသည်။

မြန်မာပြည်သူများ၌ လူ့အခွင့်အရေး ပြည့်ပြည့်၀၀ ရှိလာမည်ကို စစ်အာဏာရှင်တို့က ပိတ်ပင်တားဆီး နေသည်။

-------------------

နအဖ အကြောက်ဆုံး ရန်သူများ စာရင်းတွင် လွတ်လပ်သော မီဒီယာ၊ လူထုကို အလုပ်အကျွေးပြုသော မီဒီယာလည်း ပါဝင်သည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းအောင် ပြည်သူတို့က မီဒီယာဖြင့် ၀ိုင်းဝန်းပံ့ပိုးဖို့ လိုသည်။

အသိပညာနှင့် ဗဟုသုတများ ပြန့်နှံ့အောင် တတ်စွမ်းသမျှ ဖြန့်ချိပေးဖို့ လိုသည်။

ကြောက်တတ်သဖြင့် ဖြဲခြောက်နေသည့် နအဖကို ကြောက်နေရသည့် အဖြစ်ဆိုးမှ ရုန်းထွက်နိုင်အောင်

အကြောက်တရား ကင်းဝေးရေးကို လေးလေးနက်နက် စဉ်းစားဆင်ခြင်သင့်ပြီ။

----------------

နအဖ စစ်ဗိုလ်ချုပ်ကြီးများသည် လူထုကို နိုင်ငံရေးနည်းလမ်းဖြင့် စိမ်မခေါ်ရဲ။

ဒါသည်ပင် အာဏာရှင် ဗိုလ်ချုပ်များ၏ အကြောက်တရား ဖြစ်သည်။

  • စစ်မှန်သောနိုင်ငံရေးသမားများကို အမှန်တကယ် နိုင်ငံရေး မလုပ်ဖူးသည့် နအဖ စစ်ဗိုလ်ချုပ် များက ကြောက်နေသည်။
  • ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာနေသော မျိုးဆက်သစ် နိုင်ငံရေးသမားများကို စစ်ဗိုလ်ချုပ်ကြီးများက ကြောက်နေသည်။
  • ခေတ်သစ်-စနစ်သစ်က လွတ်လပ်ခွင့်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြည့်ဝမှုကို တောင်းဆို နေသည့်အတိုင်း လူထုက တောင်းဆိုလာမည်ကို မြန်မာဗိုလ်ချုပ်များက ကြောက်နေသည်။

------------

ပြည်သူတို့အနေဖြင့် မဟာဗျူဟာမြောက် အကြမ်းမဖက် လူထုလှုပ်ရှားမှုများကို အချိန်အခါကိုက် စနစ်တကျ အပြည့်အ၀ ဆင်နွှဲကြရန် လိုသည်။ ဒါသည် နိုင်ငံရေးလမ်းစဉ်တခုသာ ဖြစ်သည်။

စစ်ခေါင်းဆောင်တို့အပေါ် ရန်ငြိုး ကလဲ့စားဖြင့် ချေမှုန်းပစ်ရန် လုံးဝမဟုတ်။

သူတို့တွင်လည်း လူ့အခွင့်အရေးများကို အပြည့်အ၀ ခံစားခွင့် ရှိထိုက်သည်။

နိုင်ငံရေးသည် စစ်မြေပြင် မဟုတ်။

တွေ့ဆုံညှိနှိုင်း ဆွေးနွေး အဖြေရှာရေးသည်သာ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ရေး လမ်းစဖြစ်သည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးသည်သာ ဒီမိုကရေစီ ရရှိရေး၏ ငြိမ်းချမ်းသော နိုင်ငံရေးနည်းလမ်း ဖြစ်သည်။

လူထုလှုပ်ရှားမှုသည် အာဏာရှင်စနစ်ကို အပြီးတိုင် ချုပ်ငြိမ်းစေ၍ ဒီမိုကရေစီ ထွန်းကားရန်သာ ရည်ရွယ်သည်။

ပြည်သူ့အောင်ပွဲသည် ပြည်သူတို့၏လက်တကမ်းမှာ ရှိနေပြီ။

မြန်မာပြည်သူတိုင်း နိုင်ငံတကာ ပြည်သူများကဲ့သို့ ဒီမိုကရေစီကို မုချမသွေ ခံစားနိုင်ခွင့် ရှိလာတော့မည်။

လွင်အောင်စိုး

၂၀၀၈ ဇန်န၀ါရီလ (၁)ရက်

--------------------------------------------------------------

About Me

အာဏာရှင်စနစ်ကို တော်လှန်တဲ့ နိုင်ငံရေးစာတွေ ရေးပါတယ်။ အာဏာရှင်စနစ်ကို ချုပ်ငြိမ်းအောင် လုပ်နိုင်မှ ဒီမိုကရေစီ အစစ်အမှန် ပေါ်ထွန်းလာမှာ ဖြစ်တယ်လို့ ယုံကြည်ထားသူပါ။ အာဏာရှင် စနစ်အောက်မှာ လူဖြစ်ရှုံးနေရတဲ့ မြန်မာပြည်သူ လူထုတရပ်လုံး နိုင်ငံရေး အသိတရားတွေ တိုးပွားလာအောင်၊ နိုင်ငံရေး စိတ်ဓါတ်တွေ နိုးကြားလာအောင် ပါဝင် ကူညီပေးပါတယ်။ ဒီဆောင်းပါးတွေကို “Save Burma” နဲ့ “Burma Digest” ဘလော့ဂ်တွေမှာလည်း ဖော်ပြထားပြီး ဖြစ်ပါတယ်။