၂ဝဝ၈ ခုနှစ်အတွင်း ရေးပြီးခဲ့သမျှ ဆောင်းပါးတွေ ဖြစ်ပါတယ်။

Tuesday, August 12, 2008

နာဂစ် (၃)လပြည့်နေ့မှာ ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့ အဖမ်းခံနေရဆဲ


ဘော်လုံးပွဲ

ပြိုင်ပွဲဝင်နေသည့် ကျနော်တို့ ဘော်လုံးအသင်းမှာ ခံစစ်သက်သက်သာ ဖြစ်နေသည်။ အနိုင်ဂိုး သွင်းနိုင်လောက်သည့် တန်ပြန်တိုက်စစ်ဆင် ထိုးဖောက်မှုများ လုံးဝမရှိဘဲ ဖြစ်နေသည်။ အနိုင်ဂိုး မသွင်းနိုင်သရွေ့ အနိုင်ရမည် မဟုတ်ပါ။ တချိန်တည်းမှာပင် ကျနော်တို့၏ ခံစစ်ကြောင်းမှာ ပေါက်လုမတတ် ဖြစ်နေသည်။ ဂိုးအဝင်မခံရရေးအတွက် ခံစစ်မှူးများနှင့် ဂိုးသမားသာမက ကွင်းလယ် ကစားသူများ၊ ရှေ့တန်းကစားသူများ အပါအဝင် တသင်းလုံးက ဖျက်ထုတ် ကာကွယ်နေရသည်။

ယခုအချိန်ထိ တဖက်အသင်းကလည်း ကျနော်တို့အသင်းအပေါ် တိုက်စစ်ဆင်နေရုံ၊ ကွင်းလယ် အသာစီးရနေရုံသာရှိပြီး အနိုင်ဂိုး မသွင်းနိုင်သေးပါ။ သူတို့က ဘယ်အချိန် တလကြမ်း တိုက်စစ်ဆင်လာမည်ကို ကျနော်တို့ဘက်က မတွက်ဆနိုင်သေးပါ။ တချိန်ချိန်တွင် သူတို့ဘက်က လုပ်လာပါတော့မည်။ ကျနော်တို့ဘက်တွင် အသေအလဲ ကာကွယ် ဖျက်ထုတ်နိုင်မည့် ခံစစ်ကြောင်းကို ပြင်ဆင်ထားပြီလားဆိုတာ ပြန်လည်သုံးသပ်ရပါတော့မည်။

ကျနော်တို့အသင်းကလည်း ယခုအချိန်ထိ စိတ်ဓါတ်ကျမသွားပါ။ အနိုင်ရချင်နေသည့် စိတ်ဓါတ်ကလည်း ပြင်းပြနေတုန်း ဖြစ်သည်။ နည်းနည်းလေးမှပင် လျော့မသွားသေးပါ။ ကျနော်တို့၌ နောက်ဆုံးခွန်အားဖြင့် ယဲ့ယဲ့သာရှိနေသည့်တိုင် အရှုံးပေးချင်စိတ် လုံးဝမရှိပါ။

ထို့ပြင် ဥပဒေပြင်ပက ညစ်ပတ်သည့် နည်းလမ်းများဖြင့်လည်း ကျနော်တို့ မကစားပါ။ လူမချ၊ အချိန်မဆွဲပါ၊ အတတ်နိုင်ဆုံး အားကစားစိတ်ဓါတ် အပြည့်အဝဖြင့် အားကြိုးမာန်တက် ဆက်လက် ယှဉ်ပြိုင်နေဆဲ ဖြစ်သည်။

ကျနော်တို့အသင်းကို အားပေးသည့် ပွဲကြည့်ပရိသတ် အများအပြားရှိသည်။ အားကစားသမားဟူသည် ပရိသတ်၏ အားပေးမှုကို ခံယူရလျှင် အလွန်ဝမ်းသာ အားတက်ရသည်။ အစွမ်းကုန် ခြေစွမ်းပြတတ်သည်။ ကျနော်တို့အသင်းတွင် အားကြိုးမာန်တက် ကစားနေသူများ ရှိသည်။ သို့သော် စိတ်ဓါတ်ကျလုလု ဖြစ်နေသူများလည်း ရှိသည်။ ယောင်ဝါးဝါးဖြင့် ဘာဆက်လုပ်ရမှန်း မသိသူလည်း ရှိသည်။ ပုံစံမျိုးစုံ ရှိနေစေကာမူ ကျနော်တို့ကား အသင်းတသင်းအနေဖြင့် ပုံစံမပျက် ထိန်းထားနိုင်သည့် အခြေအနေတွင်တော့ ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။

ကျနော်တို့တွင် အလွန်တော်သော အသင်းခေါင်းဆောင်တဦး ရှိနေသော်လည်း အနီကဒ် ပြခံထားရသည့်အတွက် ပါဝင်ကစားနိုင်စွမ်း မရှိပါ။ တဖန် တိုက်စစ်မှူးများနှင့်အတူ အခြား ဂိုးသွင်းနိုင်စွမ်းရှိသူများမှာလည်း အနီကဒ် ထိသူထိ၊ အဝါကတ် ထိသူထိ၊ ဒဏ်ရာရသူရ ဖြစ်နေကြသောကြောင့် ဂိုးသွင်းနိုင်ဖို့ မျှော်လင့်ချက် နည်းလျက်ရှိနေပြန်သည်။

နောက်တချက်မှာ ကျနော်တို့ဘက်မှ ကျန်ရှိနေသည့် အသင်းသားများသည် တန်ပြန်တိုက်စစ်ဆင်နိုင်ဖို့ နည်းဗျူဟာ ကောင်းကောင်းကိုပင် မသိရှိဘဲဖြစ်နေရသည်။ ကြိုတင်လေ့ကျင့်ထားခဲ့ခြင်းလည်း မရှိပါ။ အသင်းအုပ်ချုပ်သူနှင့် နည်းပြဆရာ ဆိုသူများမှာလည်း အခြေအနေအရ ဖြစ်လာကြသူများဖြစ်၍ သူတို့ တကယ်မကျွမ်းကျင်မှန်း ပြိုင်ပွဲရောက်မှ သိလာရတော့သည်။ သူတို့ကို အပြစ်တင်၍လည်း မဖြစ်။ ကိုယ့်အချင်းချင်း သွေးစည်းညီညွတ်မှု မရှိလျှင် အသင်းလိုက် ကစားနိုင်စွမ်းကို ထိခိုက်စေနိုင်သည်။

ပြိုင်ပွဲဝင် ဘောလုံးအသင်းတခုဖြစ်ရန် ဘောလုံးသမားများ ရှိရုံနှင့် မရ။ နည်းပြဆရာနှင့် အုပ်ချုပ်သူများ ထပ်ဖြည့်ပေး၍လည်း မလုံလောက်သေး။ ပြိုင်ပွဲတခုလုံးကို ဝင်ရောက်ယှဉ်ပြိုင်ရာ၌ လုပ်ဆောင်သည့် ကိစ္စများအားလုံးကို ခြုံငုံကာ အသေးစိတ် ပြင်ဆင်ထားရသည်။ ချန်ပီယန်ဖြစ်ရေးအတွက် ဘောလုံးအသင်းတသင်းတွင် ထိပ်တန်းမဟာဗျူဟာ ရှိကိုရှိနေသည်။

ဤဗျူဟာသည် ယခုလက်ရှိ ဘောလုံးပွဲတပွဲတည်းကို အနိုင်ရဖို့ နည်းဗျူဟာ ကစားကွက် သက်သက်များကိုသာ လေ့ကျင့်ပြင်ဆင်ပြီး ကစားရုံအတွက် မဟုတ်ပါ။ ပြိုင်ပွဲတခုလုံး၏ ချန်ပီယန် ဖြစ်နိုင်ရေးအတွက်ကိုပါ ဖြစ်နိုင်သမျှ စုံလင်အောင် ထည့်သွင်းစဉ်းစားတွက်ချက်ကာ လိုအပ်သည်များကို ပြန်လည်ပြင်ဆင်အားဖြည့်ပြီးမှ ပြိုင်ပွဲဝင်နိုင်သည့် အကောင်းဆုံး ထိပ်တန်းမဟာဗျူဟာ ဖြစ်သည်။

ဥပမာအားဖြင့် ချန်ပီယန် ဖြစ်နိုင်ဖို့ အသင်းအုပ်ချုပ်သူများ၊ နည်းပြဆရာများ၊ ဆေးမှူးများ၊ အစားအသောက် တာဝန်ခံများ။ အားပေးသူများမှအစ အားကစားသမားများအဆုံး သက်ဆိုင်သူ အားလုံးသည် ပြိုင်ပွဲအစအဆုံး စွမ်းရည်အပြည့်အဝဖြင့် မည်သို့မည်ပုံ အကောင်းဆုံး လုပ်ဆောင်နိုင်ကြမည်ကို အသေးစိတ် စီစဉ်ပြီးမှ ပြိုင်ပွဲဝင်ကြရသည်။ အသင်းခေါင်းဆောင်ကို လိုအပ်သည့်အတိုင်း ပြောင်းလဲသည်။ ပါဝင်ကစားသူတို့ကို ပြောင်းလဲသည်။ နေရာရွှေ့ပြောင်း ကစားစေသည်။ အသင်းဝတ်စုံကိုပင် အရောင်ပြောင်းသင့်က ပြောင်းကြသည်။ ဘောကန်ဖိနပ်များကိုလည်း အသစ်လဲလှယ်ပြီး ကစားကြသည်။

သို့သော် ကျနော်တို့အသင်းတွင် ထိုမျှလောက် ပြင်ဆင်ရန် အချိန်မရှိ၊ အစွမ်းအစ မကောင်း၊ အခြေအနေ မပေးသည်ကို ဝန်ခံရပါမည် ဖြစ်သော်လည်း ဖြစ်နိုင်သမျှ ပြင်ဆင်ပြောင်းလဲမှုတော့ ရှိနေရပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ကျနော်တို့မှာ ဒီတပွဲ နိုင်ကို နိုင်မှ ဖြစ်တော့မည်။ ဒီတပွဲနိုင်လျှင် ချန်ပီယံ ဖြစ်ရန် သေချာသလောက် ရှိနေသည်။ ဒီတပွဲကို အနိုင်ကစားလိုက်နိုင်ခြင်းဖြင့် အနိုင်ရရှိစေသည့် အကြောင်းရင်းများ ပိုမို ခိုင်မာလာနိုင်စရာ ရှိနေသည်။ အဆိုပါ အကြောင်းရင်းတို့မှာ

  • ရည်မှန်းချက်ကို အပျောက်မခံခြင်း၊
  • စိတ်ဓါတ်ကြံ့ခိုင်မှု၊
  • အသင်းလိုက် ကစားတတ်မှု၊
  • နောက်ဆုံးအချိန်၌ ရှိသမျှ ကိုယ်စွမ်း-ဥာဏ်စွမ်းကို ဖြစ်ညှစ် အသုံးချတတ်မှု၊
  • တတပ်တအား စုရုံးပေါင်းစည်း အားပေးတတ်မှုတို့ပင် ဖြစ်သည်။

ယခုဒီတပွဲ ကျနော်တို့အသင်း အနိုင်ရဖို့မှာ ရုတ်တရက် တန်ပြန်တိုက်စစ်ဆင်၍ အနိုင်ဂိုး သွင်းနိုင်မှသာ ဖြစ်ပါတော့မည်။

ကျနော်တို့ အနိုင်ရအောင် မည်သို့ လုပ်ရမည်နည်း။

တဖက်အသင်းက ကိုယ့်ဂိုးကိုယ်သွင်းပေးမည်ကို စောင့်နေကြမည်လား (သို့) ဒိုင်လူကြီးက ဘက်လိုက်ပြီး ပင်နယ်တီ ပေးလာမည်ကို မျှော်လင့်နေမလား (သို့) တဖက်အသင်းအား ခေါက်ဆွဲစားစေမည်လား။ ဤသည်တို့မှာ ဂုဏ်ယူနိုင်စရာ သိက္ခာရှိရှိ အနိုင်ရခြင်းမျိုး မဟုတ်ပါ။ အားကစားစိတ်ဓါတ်ကို ဖျက်စီးရာရောက်သည့် နည်းလမ်းလည်း ဖြစ်သည်။

ဒါမျိုးနှင့် ကျနော်တို့ အနိုင်မယူလိုပါ။ ကျနော်တို့သည် ထိုက်တန်စွာ အနိုင်ကစားနိုင်စွမ်း ရှိကြောင်း သက်သေပြချင်သည်။

မယုံမရှိသင့်၊ ကျနော်တို့ တချိန်ချိန်တွင် အနိုင်ဂိုး သွင်းနိုင်ပေလိမ့်မည်။

အဖြေမှာ တန်ပြန်တိုက်စစ်ဆင်သည့် နည်းဗျူဟာကို အသုံးချဖို့နှင့် စောစောက ဖော်ပြခဲ့သည့် အကြောင်းရင်း (၅)ခုကို အခြေခံနိုင်ဖို့ ဖြစ်သည်။

ကျနော်တို့အားလုံး လိုအပ်သလို လေ့ကျင့်ရပါမည်။ ပြင်ဆင်ရပါမည်။ စီစဉ်ရပါမည်။ အကောင်းဆုံး မဟုတ်သည့်တိုင် ဖြစ်နိုင်သမျှ အကောင်းဆုံး အနေအထားဖြင့် ဆက်လက်ယှဉ်ပြိုင်သွားရပါမည်။

မှတ်ချက်၊ ဘော်လုံးပွဲ နမူနာအတိုင်း ကျနော်တို့ ဒီမိုကရေစီ အင်အားစုများဘက်မှ စနစ်တကျ ပြန်လည်ပြင်ဆင်ရပါတော့မည်။ စနစ်တကျဖြစ်ရန်ဆိုလျှင် ကျနော်တို့ဘက်၌ အလုပ်ဖြစ်နိုင်မည့် ထိပ်တန်းမဟာဗျူဟာ ရှိနေရပါမည်။ ယင်းနှင့်အတူ သက်ဆိုင်ရာကဏ္ဍများအလိုက် မဟာဗျူဟာများ၊ အကောင်အထည်ဖော် လှုပ်ရှားမည့် နည်းဗျူဟာများကိုပါ အသေးစိတ် စီစဉ်ရပါလိမ့်မည်။

လွင်အောင်စိုး

၂၉-၇-၂ဝဝ၈

-----------------------------------------

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတော့မယ် ဆိုတဲ့ကိစ္စ

  1. ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတော့မယ် ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းက ပြောတာတွေကို အာဆီယံအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးရဲ့ ညစာစားပွဲမှာ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော် ပြောဆိုပါတယ်။
  2. မြန်မာဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည်ကို အများဆုံး ထိန်းသိမ်းထားဖို့အတွက် ပြည်ထဲရေး ဝန်ကြီးရဲ့ အတည်ပြုချက်က တနှစ်ဖြစ်ပြီး၊ ဝန်ကြီးချုပ်ရဲ့အတည်ပြုချက်က (၅)နှစ် ဖြစ်ကြောင်း၊ (၆)နှစ်သက်တမ်းဟာ လာမယ့် (၆)လခန့်လောက်မှာ အဆုံးသတ်မှာ ဖြစ်ကြောင်း ဦးဥာဏ်ဝင်း ပြောပြတာကို စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Yeo က ကိုးကား ပြောဆိုသွားပါတယ်။
  3. ဒီအဓိပ္ပာယ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို (၆)လအကြာမှာ ပြန်လွှတ်ပေးမယ်လို့ ဆိုလိုသလားလို့ မေးတဲ့အခါမှာ Yeo က ဦးဥာဏ်ဝင်း ပြောတဲ့အတိုင်း ပြန်ပြောပြတာ ဖြစ်ပြီး မတိကျ မရေရာတဲ့ ထင်မြင်သုံးသပ်ချက်လို့ သူထင်ကြောင်း ပြန်ဖြေသွားပါတယ်။
  4. သိပ်မဝေးတဲ့ အနာဂတ်မှာ ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီ အသွင်ပြောင်းရေးနဲ့ ၂ဝ၁ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ် သမာသမတ်ရှိစေရေးအတွက် မြန်မာအစိုးရက ရဲရဲဝံ့ဝံ့ လုပ်ဆောင်ဖို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက လူသိရှင်ကြား တရားဝင်ထုတ်ပြန်မယ့် ကြေညာချက် အကြမ်းမှာ တိုက်တွန်းထားပါတယ်။ မနက်ဖြန် (၂၂-၇-၂ဝဝဂ)မှာ အဲဒီကြေညာချက်အကြမ်းကို အချောသတ်ပြီး ထုတ်ပြန်မှာ ဖြစ်ပါတယ်။

ရုရှားက အကူအညီပေးနေတဲ့ မြန်မာအနုမြူစီမံကိန်း - ထောက်လှမ်းတွေ့ရှိချက်များ

1translation-russia-burma.jpg

2translation-russia-burma.jpg

3translation-russia-burma.jpg

4translation-russia-burma.jpg

5translation-russia-burma.jpg

6translation-russia-burma.jpg

7translation-russia-burma.jpg

8translation-russia-burma.jpg

9translation-russia-burma.jpg

Download (original article): russia1.doc

Download (translation) : translation-russia-burma-nuclear-intelligencec2a0report



1.jpg

2.jpg

3.jpg

4.jpg

5.jpg

6.jpg

7.jpg

8.jpg

I would like to request all Burmese-army scholars in Russia, China, North Korea, India and Pakistan as well as those who trained there and anyone who are interested in Burma’s nuclear program to make good comments on it.
You can post your publicized comments here, or send your email directly to me <2007jals@gmail.com> in any language.


နအဖအနေဖြင့် ပြည်သူနဲ့ နိုင်ငံရဲ့ ကျေးဇူးသစ္စာကို စောင့်သိဖို့ လိုပြီ

(ဝေဖန်သုံးသပ်ချက် ဆောင်းပါး)

.

အခုဆိုရင် အမေရိကန်စစ်တပ်က မြန်မာစစ်အစိုးရကို မုန်တိုင်းကယ်ဆယ်ထောက်ပံ့ရေးမှာ သုံးဖို့ ရဟတ်ယာဉ် (၂၂)စီး ကမ်းလှမ်းထားပါတယ်။ ဆာလောင်မွတ်သိပ်နေတဲ့ အိမ်ခြေမဲ့ ဒုက္ခသည်တွေဆီကို ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းတွေ ပေးနိုင်ဖို့ အဲဒီ ရဟတ်ယာဉ်တွေနဲ့ သုံးရက်အတွင်း သယ်ယူပို့ဆောင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နအဖက ခုထိ ဘာမှအကြောင်းမပြန်သေးပါဘူး။

ဆိုင်ကလုန်းမုန်တိုင်း ဝင်မွှေသွားတာ အခုဆိုရင် တလကျော်သွားပါပြီ။ နအဖ ခေါင်းဆောင်တွေက ဒုက္ခသည်တွေကို စစ်တပ်ပိုင် ရဟတ်ယာဉ်တွေနဲ့ ဘေးကင်းရာဒေသ တွေဆီကို သယ်ယူပို့ဆောင်ပေးတာ မကြားမိသေးပါ။

အခုအချိန်ထိ မြစ်ဝကျွန်းပေါ် တောင်ဖက်အစွန်အဖျား အရပ်ဒေသတွေမှာ ကယ်ဆယ်သူ ရောက်မလာနိုင်သေးပဲ ရှိနေပါသေးတယ်။ သွားလာရ ခက်ခဲလို့ မရောက်နိုင်တာနဲ့ သွားခွင့် ပိတ်ပင်ထားလို့ မရောက်နိုင်တာ တခုခုပါပဲ။

တကယ်လို့ သွားလာရ ခက်ခဲလို့ ဆိုရင်တော့ အဲဒီနေရာတွေကို ရဟတ်ယာဉ်နဲ့ သွားမှ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ကယ်ဆယ်ထောက်ပံ့သူတွေ မသွားနိုင်အောင် ပိတ်ဆို့ဟန့်တားထားတယ် ဆိုရင်တော့ နအဖရဲ့ လူထုအပေါ်ထားတဲ့ သဘောထားကို လူထုက ဆုံးဖြတ်မှာပဲ ဖြစ်ပါတယ်။

တကယ်လို့များ ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတွေမှာလို မြန်မာပြည်သူလူထုကို ရဟတ်ယာဉ်တွေ ပျံသန်းမောင်းနှင်ခွင့် ပေးလိုက်မယ်ဆိုရင် စေတနာရှင် ပြည်သူတွေက အခုလိုကပ်ဘေးကြီးကျရောက်ချိန်မှာ အဲဒီဒေသတွေအထိ ရောက်အောင်သွားပြီး ကယ်ဆယ် ထောက်ပံ့လိမ့်မယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါ။

စစ်တပ်ပိုင် ရဟတ်ယာဉ်ဆိုတာ စစ်တပ်ပိုက်ဆံနဲ့ ဝယ်ထားတာဖြစ်လို့ စစ်ရေးကိစ္စမှာပဲ သုံးမယ်၊ ပြီးတော့ စစ်တပ်က ရာထူးကြီးကြီးတွေပဲ စီးခွင့်ရှိတယ်လို့ ပုံသေ မသတ်မှတ်ရပါဘူး။ အဲဒီစစ်တပ်ပိုင် ငွေကြေးဆိုတာ ပြည်သူ့ဘဏ္ဍာထဲက ယူရတာပါ။ ပြည်သူတွေဆီက အခွန် ကောက်လို့ ရတာမျိုး၊ နိုင်ငံပိုင် သယံဇာတတွေ ရောင်းချလို့ ရတာမျိုးနဲ့ စစ်တပ်ဘဏ္ဍာအဖြစ် သုံးစွဲစေရတာပါ။ နိုင်ငံသား ပြည်သူတွေ ဒုက္ခရောက်ချိန်မှာ စစ်တပ်က ရဟတ်ယာဉ်တွေနဲ့ ကူညီပေးမှလည်း ပြည်သူနဲ့ နိုင်ငံရဲ့ ကျေးဇူးသစ္စာကို စောင့်သိရာ ရောက်ပါတယ်။

လေပြင်းမုန်တိုင်းတိုက်တဲ့အခါဖြစ်ဖြစ်၊ ရေကြီးလို့-ရေလွှမ်းမိုးလို့ပဲ ဖြစ်ဖြစ်၊ ငလျင်လှုပ်လို့ မြေကြီးတွေပြို- တောင်တွေပြိုတဲ့အခါဖြစ်ဖြစ် ဒုက္ခရောက်နေသူတွေကို ကယ်ဆယ်ပေးတဲ့ နေရာမှာ ရဟတ်ယာဉ်တွေက အလွန် အသုံးကျပါတယ်။ မီးလောင်တဲ့အခါမှာ၊ မီးတောင်တွေ ပေါက်ကွဲတဲ့အခါမှာ၊ သင်္ဘောတွေ-လှေတွေ ရေနစ်မြှုပ်တဲ့အခါမှာလည်း ရဟတ်ယာဉ်တွေကို လိုသလို အသုံးချရင် မြန်မြန်ဆန်ဆန် ကယ်ဆယ်ပေးနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ရဟတ်ယာဉ်ဟာ လွတ်နေတဲ့ မြေကြီးပေါ်မှာ ရပ်နိုင်သလို ကောင်းကင်မှာလည်း ရပ်နိုင်လို့ ဖြစ်ပါတယ်။ ပြီးတော့လည်း သစ်ပင်၊ တောင်၊ မိုးမျှော် တိုက်ကြီးတွေ အစရှိတဲ့ အဆီးအတားတွေ ရှိနေရင်တောင် ကွေ့ဝိုက်ပြီးတော့ ပျံသန်းနိုင်ပါ တယ်။ ဒုက္ခသည်တွေကို ဆေးရုံ၊ ဆေးပေးခန်းနဲ့ ဘေးကင်းရာကို ကောင်းကင်ကနေ မြန်မြန် ဆန်ဆန် ပို့ဆောင်ပေးနိုင်ပါတယ်။ လိုအပ်ရင် ကယ်ဆယ်ရေးလုပ်သားတွေ၊ ဆရာဝန်တွေ၊ ကျွမ်းကျင်သူတွေကို ရဟတ်ယာဉ်နဲ့ သယ်ဆောင်လာပြီး ဘေးဒုက္ခဖြစ်နေတဲ့ နေရာကို ပို့ဆောင်ပေးနိုင်ပါတယ်။

ဒါကြောင့် နိုင်ငံတကာမှာ သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်လာတဲ့အခါဖြစ်စေ၊ မတော် တဆမှုတွေ ဖြစ်ပွားတဲ့အခါဖြစ်စေ ရဟတ်ယာဉ်ကိုသုံးပြီး ဒုက္ခရောက်နေသူတွေကို ကယ်တင် ကြပါတယ်။

မြန်မာနိုင်ငံမှာလည်း အခုလိုအချိန်မှာ ရဟတ်ယာဉ်ကိုသုံးပြီး မုန်တိုင်းဒုက္ခရောက်နေသူ တွေကို ကယ်ဆယ် ထောက်ပံ့ပေးသင့်ပါတယ်။ မြန်မာစစ်တပ်က ရဟတ်ယာဉ်ကိုပဲ သုံးသုံး၊ အမေရိကန် ကမ်းလှမ်းတဲ့ ရဟတ်ယာဉ်ကိုပဲ သုံးသုံး၊ ဒုက္ခရောက်နေသူတွေကို အမြန်ဆုံး ကူညီကယ်ဆယ်ပေးနိုင်တာဖြစ်လို့ ကောင်းတဲ့ကိစ္စပါပဲ။

ခက်တာက နအဖဆိုတဲ့ စစ်ဗိုလ်ချုပ်ခေါင်းဆောင်ကြီးတွေဟာ အင်မတန်မှ တလွဲဆံပင် ကောင်းတတ်ကြပါတယ်။ အများက အကောင်းမြင်ရင် သူတို့က အဆိုးမြင်လေ့ ရှိတတ်ကြ ပါတယ်။ ဒီတော့ အများသူငါ လုပ်ရပ်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် သူတို့ဟာ ခါးတောင်ကျိုက် တခြား၊ ဖင်တခြား ဖြစ်နေတတ်ပါတယ်။ အခုလည်း ကောင်းတဲ့ကိစ္စကို သူတို့အကျင့်ပါနေတဲ့ အတိုင်း မကောင်းမြင် ရှုထောင့်ကနေ ကြည့်ဦးမယ်ဆိုရင်တော့ နတ်လူ သာဓုခေါ်ခံရမယ့် အခွင့်အရေးကို အဆုံးရှုံးခံလိုက်သလို ဖြစ်နေပါမယ်။

နအဖကိုယ်တိုင်က စစ်တပ် ရဟတ်ယာဉ်တွေကို သုံးဖို့ လောင်စာဆီ အခက်အခဲ၊ ကျွမ်းကျင် သူ အခက်အခဲ၊ ဘဏ္ဍာရေးအခက်အခဲ ရှိနေတယ်ဆိုရင်လည်း အလကား လာပေးတဲ့ အမေရိကန် အကူအညီကို ယူလိုက်လို့ ရပါတယ်။ ကိုယ့်အိတ်ကပ်ထဲက တပြားမှ မကုန်တဲ့ အပြင် ကိုယ့်ကိုတောင် ကျေးဇူးတင်သွားဦးမယ့် အဖြစ်ပါ။ အမေရိကန်နဲ့ အဆင်ပြေရင် နအဖ ထိပ်တန်းခေါင်းဆောင်တွေနဲ့ သူတို့ရဲ့အဆက်အနွယ် ဝိသမ စီးပွားရေးသမားတွေအပေါ် အမေရိကန်က စီးပွားပိတ်ဆို့ အပြစ်ဒဏ်ခတ်ထားတာကိုတောင် ပြန်စဉ်းစားလာဖို့ ရှိချင်ရှိနိုင် ပါတယ်။

တကမ္ဘာလုံးမှာ လောင်စာဆီတွေ ဈေးတက်ချိန်မှာ၊ စားသောက်ကုန်ဈေးတွေ မိုးထိုးနေချိန်မှာ နိုင်ငံတကာက အကုန်အကျခံ လာရောက် ကယ်ဆယ်ထောက်ပံ့ပေးနေတာဟာ အင်မတန် ကောင်းတဲ့ အခွင့်အရေးကြီးပါ။ ဆင်းရဲတွင်းနက်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ ကယ်ဆယ် ထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို နိုင်ငံတကာအကူအညီ မပါပဲ လုပ်မယ် ဆိုရင် အတော်ကို ခက်ခဲနိုင်ပါတယ်။

တိုင်းပြည်ဘဏ္ဍာငွေကို ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူဦးရေအလိုက်၊ ဒေသအလိုက် အချိုးကျ သုံးစွဲရပါတယ်။ အခုဆိုရင် မုန်တိုင်းဒဏ်ကို အကြီးအကျယ် ခံလိုက်ရတဲ့ ဧရာဝတီ မြစ်ဝ ကျွန်းပေါ်ဒေသနဲ့ ရန်ကုန်တိုင်းမှာ အပျက်အစီးတွေကို ပြန်လည်ထူထောင်ဖို့အတွက် နိုင်ငံ့ ဘဏ္ဍာတွေကို ခါတိုင်းထက်ပိုပြီး သုံးစွဲရပါတော့မယ်။ ဒီတော့ အခြားဒေသတွေမှာ အထိုက် အလျောက် လျော့နည်းသွားရမှာ သေချာပါတယ်။ ဒါဆိုရင် အဲဒီဒေသတွေရဲ့ တိုးတက် ဖွံ့ဖြိုးရေးကို အနည်းအများ ထိခိုက်နိုင်စရာ ရှိလာနိုင်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်ဆိုတာ နိုင်ငံကို အဖက်ဖက်က တိုးတက်လာအောင် စဉ်းစားလုပ်ဆောင်ပေးရပါတယ်။ အဖက်ဖက်က ချွတ်ခြုံကျ မွဲတေလာရင် နိုင်ငံကို ဖျက်ဆီးတာ ဖြစ်သွားပါပြီ။

နအဖနဲ့ နိုင်ငံတကာ အလှူရှင်တွေရဲ့ ကွန်ဖရင့်မှာ နအဖက အမေရိကန်ဒေါ်လာ (၁၁ ဒဿမ ၁)ဘီလျံ တောင်းပေမယ့် မရလိုက်ပါဘူး။ ဒါကြောင့် နိုင်ငံတကာက ကပ်စီးနည်းတယ်လို့ စစ်အစိုးရပိုင် သတင်းစာကနေ ရေးသားပါတယ်။

အမှန်တော့ နိုင်ငံတကာက ကပ်စီးမနည်းပါ။ ဘေးဒုက္ခတွေ ကြီးသည်ဖြစ်စေ၊ ငယ်သည် ဖြစ်စေ ရက်ရက်ရောရော ပေးကမ်းထောက်ပံ့လေ့ ရှိပါတယ်။ အထူးသဖြင့် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေဖြစ်ရင် ထောက်ပံ့ပေးကမ်းတာအပြင် ဘဏ်ကြွေးတွေတောင် လျှော်ပစ်လိုက်ပါသေး တယ်။ နိုင်ငံတကာက ကပ်စီးနည်းရင် အဲဒီလို လုပ်ပါ့မလားလို့ တွေးကြည့်နိုင်ပါတယ်။ နအဖ ဘက်က တောင်းတာ မူမမှန်လို့၊ လုပ်နေတာ မူမမှန်လို့ နိုင်ငံတကာက မပေးပဲ စောင့်ကြည့် နေတာ ရှင်းပါတယ်။

အနီးကပ်ဆုံး နိုင်ငံတကာ အကူအညီကို ကြည့်ရင် မနှစ်က စက်တင်ဘာမှာ ဘင်္ဂလာဒက်ရှ် လေမုန်တိုင်းကြောင့် လူတသိန်းကျော် သေကြေပျောက်ဆုံးသွားတုန်းက နိုင်ငံတကာက ဘင်္ဂလာဒက်ရှ်ကို အမေရိကန်ဒေါ်လာ ()ဘီလျံပေးမယ်လို့ တပါတ်အတွင်း ကတိပေးခဲ့ဖူး ပါတယ်။ တပါတ်အတွင်း ဖြစ်အောင်လုပ်နိုင်တာကတော့ ဘင်္ဂလာဒက်ရှ်မှာ မုန်တိုင်းဒဏ် ခံရတဲ့အချိန်ကစပြီး အစိုးရဟာ ချက်ချင်းကို ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးတွေ လုပ်ပေး နေတော့ နိုင်ငံတကာ အကူအညီတွေလည်း တပါတ်အတွင်း ရလာတာပါပဲ။ ဒီတော့ မုန်တိုင်းကြောင့် အသက်မသေပဲ ကျန်ရစ်နေသူ ထောင်သောင်းချီပြီး အသက်ကယ် ပေးလိုက် နိုင်ခဲ့ပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုလည်း မြန်မြန်ဆန်ဆန် မီးရှို့သဂြိုဟ် ပေးနိုင်တော့ ရောဂါဘယတွေ မပြန့်နှံ့အောင် အတော်အတန် ထိန်းပေးနိုင်ခဲ့ပါတယ်။ အလှူရှင်တွေအဖို့ သံသယကင်းကင်းနဲ့ ရက်ရက်ရောရော ပေးကမ်းထောက်ပံ့နိုင်ခဲ့တာ မဆန်းပါ။

နအဖ စစ်အစိုးရက “အစိုးရ”ပါလို့ ကိုယ့်ကိုယ်ကို ကြွေးကျော်နေရင် အစိုးရပီသတဲ့အလုပ်ကို လုပ်မှ သဘာဝကျပါမယ်။ ဘင်္ဂလာဒက်ရှ် အစိုးရက အစိုးရတရပ်အနေနဲ့ လုပ်သင့် လုပ်ထိုက်တာကို လုပ်သွားနိုင်လို့ နိုင်ငံတကာက အကူအညီတွေ မြန်မြန်ဆန်ဆန်ကြီး ရက်ရက်ရောရောကြီး ပေးလိုက်တာပဲလို့ သဘောပေါက်ရပါမယ်။ သူ့လိုမျိုး ဖြစ်ချင်ရင် သူလိုမျိုး အစိုးရပီသတဲ့ အလုပ်ကို ရိုးရိုသားသား လုပ်ပြဖို့ လိုတာပါပဲ။

နှောင်ကြိုးတွေ ပါလာမှာ ကြောက်လို့ ဆိုတဲ့ ဆင်ခြေကတော့ ရိုးလွန်းပါတယ်။ ဒီအချိန်မှာ တကမ္ဘာလုံးက မြန်မာနိုင်ငံကို မကြုံစဖူး တစက္ကန့်မပြတ် စောင့်ကြည့်နေတာဖြစ်လို့ ဘယ်နိုင်ငံမှ မရိုးမသား မလုပ်ရဲပါဘူး။ ဒါပေမယ့် ကိုယ်က မရိုးမသား လုပ်နေရင်တော့ နိုင်ငံတကာက တခါတည်း သိသွားမှာ ဖြစ်ပါတယ်။

ခုလည်း နအဖဘက်က မရိုးမသား လုပ်နေပြီလား ဆိုတာ တကမ္ဘာလုံးက စောင့်ကြည့်နေပါတယ်။ ဒုက္ခသည်တွေကို ကယ်ဆယ်ထောက်ပံ့ဖို့ ဘယ်နိုင်ငံသားကိုမဆို မြန်မာနိုင်ငံ လာရောက် ကူညီခွင့်ပေးပါ့မယ်လို့ နအဖ ခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဆီမှာ ကတိပေးထားပါတယ်။ အဲဒီကတိကို တည်ရဲ့လား ဆိုတာလည်း အလှူရှင်နိုင်ငံတွေရော၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကပါ မျက်ခြေမပြတ် စောင့်ကြည့်နေကြပါတယ်။ နိုင်ငံ့ဂုဏ်သိက္ခာကျအောင် လုပ်နေတာ တကယ်တော့ နအဖပါပဲ။ ဒါကြောင့် နအဖအနေနဲ့ “နောက်ထပ် သိက္ခာကျလည်း ကိစ္စမရှိဘူးဟေ့” ဆိုပြီး မထူးဇာတ်ကို ဆက်မခင်းပဲ မြန်မာပြည်သူလူထုနဲ့ မြန်မာနိုင်ငံရဲ့ ကျေးဇူးသစ္စာကို ရနိုင်သရွေ့ စောင့်သိဖို့ လိုအပ်နေပါပြီ။


လွင်အောင်စိုး

- ဇွန် -၂ဝဝ၈ ခုနှစ်

Download file : 2-spdc-should-dedicate-itself-to-protecting-burmese-people-and-burma


ကြိုး ကြောက်တဲ့ နအဖ

ဖုံးပြီးတော့ လိမ်၊ လိမ်ပြီးတော့ တောင်း၊ တောင်းပြီးတော့ …..

မြန်မာ့လေဘေးဒုက္ခကို ပြည်တွင်းပြည်ပမှ အမှန်တကယ် မသိအောင် နအဖက သတင်းအမှောင်ချသည်။ ဇာတိက မပျောက်။ ရနိုင်သမျှ ဖုံးဖိထားသည်။ ဘယ်လောက်ပင် ဖုံးဖုံး၊ သတင်း ဆိုသည်မှာ ဟုတ်လျှင် ကျော်သည်။ မဖုံးနိုင် မဖိနိုင်ဖြစ်လာရသောအခါ မဟုတ်တရုတ်များဖြင့် ပြည်တွင်းပြည်ပကို လိမ်လည် လှည့်စားသည့် သတင်းများ ထုတ်ပြန်ရန် ကြိုးစားကြည့်ပြန်သည်။

တင်း အမှောင်ချ၊ ဖုံးဖိ၊ ပိတ်ပင်သည့် ဥပမာတခုကို ဖော်ပြပါမည်။ ရေဘေးဒုက္ခများ ဖြစ်နေသည့် ဒေသများသို့ သွားရောက်သတင်းယူသည့် အယ်ဒီတာ ဦးဇော်သက်ထွေးနှင့်အဖွဲ့အား စစ်တပ်မှ တညတာ ဖမ်းဆီး ထိန်းသိမ်းပြီး ရိုက်ကူးထားသည့် သတင်းမှတ်တမ်း ဓါတ်ပုံများကို သိမ်းဆည်းသွားခြင်းနှင့် နောက်နောင်တွင် ခွင့်ပြုချက် အရင်တောင်း ခံရမည်ဟု ကြိုတင် ပိတ်ပင်တားမြစ်ခြင်းမျိုး ဖြစ်သည်။
ဤသို့သော အဖြစ်မျိုး မည်မျှရှိနေခဲ့သည်ကို မသိရပါ။ သို့သော အများအပြား ရှိနေမည်ဆိုတာကတော့ အလွန်သေချာသည်။ အကြောင်းမှာ အာဏာရှင်စနစ်ဆိုးကြောင့် ဖြစ်သည်။

အာဏာရှင်တို့မည်သည် အမှန်တရားကို ဖုံးကွယ်၍ အာဏာကို ဖက်တွယ်နေရသူများ ဖြစ်၍ သတင်း မီဒီယာ လွတ်လပ်ခွင့်ကို ပေးရိုးထုံးစံ မရှိ။ အာဏာရှင်တို့ အုပ်စိုးသည့် တိုင်းပြည်များတွင် ဖြစ်ပျက်နေကျ အမှန်တရား ဖြစ်သည်။

ဗိုလ်ချုပ်သန်းရွှေ အုပ်စိုးသည့် ခေတ်တလျှောက်လုံးသာ မဟုတ်သေး။ သူ့အရင်က အာဏာရှင်ကြီး ဖြစ်ခဲ့သော ဗိုလ်ချုပ်နေဝင်း လက်ထက်ကတည်ကပင် သတင်းမီဒီယာ လွတ်လပ်ခွင့် မရှိခဲ့။ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် စွန့်စားတိုက်ပွဲဝင်သူများမှာ နိုင်ငံရေးသမားများနည်းတူ အဖမ်းခံရသည်။ ဘဝပျက် အောင် ချေမှုန်းခံရသည်။

မုန်တိုင်း တိုက်ခတ်ပြီးခါစ ရက်ပိုင်းအတွင်း လူ တသောင်းကျော် သေဆုံး၍ လေးသောင်းကျော် ပျောက်ဆုံး နေသည်ဟု နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းက တရားဝင်ကြေညာချက် ထုတ်ပြန်သည်။ အတည်ပြုရန် မလွယ်ကူသည့် အရပ်ဖက် သတင်းများအရ ထိုအချိန်တွင် သေဆုံးသူပေါင်း ၆ သောင်းအထက်မှာ ရှိနေ သည်။ ယခုနောက်ဆုံးအချိန်ထိ နအဖက တရားဝင်ထုတ်ပြန်ထားသော စာရင်းအရ လူအသေအပျောက် စာရင်းမှာ တသိန်း သုံသောင်း လေးထောင် (၁၃၄ဝဝဝ) ဖြစ်သည်။

နိုင်ငံ့အခွန်ငွေနှင့် တိုင်းပြည် အရင်းအမြစ်များကို အသုံးချ၍ သတင်းမီဒီယာကို လည်ပတ်အောင် လုပ်ပေး နေသည့် အစိုးရ အဖွဲ့အစည်းတခု၌ ပုဂ္ဂလိက အဖွဲ့အစည်းများထက် လူအင်အား၊ ငွေအင်အား၊ ပစ္စည်း အင်အား၊ လမ်းပန်း အဆက်အသွယ် အစစအရာရာ သာလွန်အောင် လုပ်နိုင်စွမ်းရှိသည်။ အမှန်စင်စစ် မလုပ်နိုင်၍ မဟုတ်။ ပြည်တွင်း ပြည်ပကို သတင်းလိမ်ထုတ်ရန် ကြိုးစားကြည့်ခြင်းမျှသာ ဖြစ်သည်။

ထို့ထက်ပို၍ ယုတ္တိမတန်အောင် လိမ်လည်လှည့်ဖျားသော သတင်းတပုဒ်မှာ နအဖ ဝန်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန်၏ ပါးစပ်ပေါက်မှ ထွက်လာသော စကားဖြစ်သည်။ ထိုင်းဝန်ကြီးချုပ်က မြန်မာ့လေဘေးဒုက္ခ ကယ်ဆယ်ရေးအတွက် မြန်မာနိုင်ငံသို့ ရောက်လာသောအခါ ဗိုလ်ချုပ်သိန်းစိန်က ယခုအခါတွင် လေဘေး ကိစ္စများကို ထိန်းချုပ်နိုင်လိုက်ပါပြီဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ထိုင်းဝန်ကြီးချုပ်မှတဆင့် ထိုစကားက ကမ္ဘာသို့ ပျံ့နှံ့သွားရာ မြန်မာ့အရေး စောင့်ကြည့်နေသူများနှင့် ကပ်ဘေးဒုက္ခ ကျွမ်းကျင်သူတို့ ပါးစပ် အဟောင်းသား ဖြစ်သွားရသည်။

၁၂ ပေခန့်မြင့်သည့် ရေလှိုင်းကြီးများက ရွာလုံးကျွတ်ပျောက်သွားအောင် အကြီးအကျယ် ဝါးမြိုဖျက်ဆီးပစ် လိုက်သည့် နေရာများ၌ ရက်ပိုင်းအတွင်း ထိုမျှမြန်ဆန်အောင် ထိန်းချုပ်နိုင်လိုက်ပြီ ဆိုသည်မှာ မည်သည့် စူပါ ပါဝါများ ရထားပါသနည်း။

ထိန်းချုပ်ရသည့် နယ်မြေများမှာ သေးသေးကွက်ကွက်မျှသာ မဟုတ်။ ဟိုင်းကြီးကျွန်းမှသည် ရန်ကုန်တိုင်း အထိ အလွန်အမင်းကျယ်ပြန့်သည်။ လူသေအလောင်းများကို ရှင်းပစ်ရန်၊ အသက်မသေ ကျန်ရစ်သူများကို ကယ်ဆယ်ရန်၊ စားဝတ်နေရေးနှင့် ကျန်းမာရေး၊ လုံခြုံရေး တာဝန်ယူ စောင့်ရှောက်ပေးရန် အစရှိသည့် ကနဦး မဖြစ်မနေ လုပ်ရမည့် အလုပ်များကို မလုပ်ပဲထားဦး။ ထိုရေလွှမ်းဒေသများသို့ သွားကြည့်ရန်ကိုပင် ရဟတ်ယာဉ်ဖြင့် သွားမှရသည်။

ဗိုလ်ချုပ်သိန်းစိန်က မည်သည့်အချက်များကို ကိုးကား၍ အခြေအနေများကို ထိန်းချုပ်နိုင်ပြီဆိုသည့် စကားကို ပြီးစလွယ် ပြောဆိုရသနည်း။ သူ့ရာထူးအဆင့်အတန်းအရ စကားတခွန်းကို လက်လွတ်စပယ် ပြောဆို၍ မရနိုင်။ နားထောင်ရသည့် ထိုင်းဝန်ကြီးချုပ်က ထိုစကားမျိုးကို ကမ္ဘာက မသိအောင် နှုတ်လုံ နေမည်ဟု ထင်နေ၍ပေလော။

သို့တည်းမဟုတ် ဝန်ကြီးချုပ်အား ချောက်တွန်းလိုသည့် သဘောဖြင့် သူ့လက်အောက်က ပြန်ကြားရေး ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီး၊ ထောက်လှမ်းရေးချုပ် အစရှိသူတို့က မမှန်သတင်းများ တင်ပြလိုက်ခြင်းပေလော။ နအဖ စစ်ကောင်စီ (သို့) ဗိုလ်ချုပ် သန်းရွှေထံမှ တိုက်ရိုက် ယူသုံးသည့် စကားလုံးပင် ဖြစ်သလော။

သူတို့အရှုပ်တော်ပုံကို သူတို့သာ သိပေလိမ့်မည်။

ရက်အနည်းငယ်အတွင်းမှာပင် သူတို့နအဖအတွင်း၌ အခြေအနေများ ပြောင်းလဲသွားပြန်သည်။ လေဘေး ဒုက္ခအတွက် နိုင်ငံတကာမှ အလွန်အမင်း ကူညီချင်နေကြသည်ကို သိထားသဖြင့် နအဖ ဗျူဟာအသစ် တခု ခင်းကျင်းလာသည်။ လူအသေအပျောက်စာရင်းကို ကိန်းဂဏန်း အတိအကျဖြင့် နှစ်ဆ သုံးဆ တင်ပြ လိုက်သည်။ ထို့နောက် အပျက်အစီးများအတွက် ကယ်ဆယ်ထောက်ပံ့ရေးနှင့် ပြန်လည် ပြုပြင် တည် ဆောက်ရေး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁ဝ)ဘီလျံ ရှိသည်ဟု ကြေညာ၍ နိုင်ငံတကာ အကူအညီများ တောင်းခံလာသည်။

ကပ်ဆိုးဘေးဒုက္ခများ ဖြစ်ပေါ်လာသောအခါ လတ်တလော ကာကွယ်စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး အပြင် ပြန်လည်ပြုပြင် တည်ဆောက်ရေးများအတွက် ရေတိုစီမံကိန်းများ လိုအပ်သည်။ ရေရှည်စီမံကိန်း လည်း ထားရှိကျင့်သုံးရမည်။

နအဖ အာဏာပိုင်တို့က အမှန်တကယ် တွက်ချက်ပြီးစီးနိုင်သည့်သဘောတော့ ရှိဟန်မတူပါ။ တိုင်းပြည် အတွင်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် အရေးပေါ်အခြေအနေကို ကြေညာထားရသည်။ ထိုအတောအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်နေရသည်။ ထိုအထဲ ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကြီးကို မဖြစ် ဖြစ်အောင် ကျင်းပလိုက်သေးသည်။ နိုင်ငံတကာ ပြည်ပအဖွဲ့အစည်းများက ကယ်ဆယ်ထောက်ပံ့ရေး အကူအညီများ ကမ်းလှမ်းလာနေသည်ကို တုန့်ပြန် ငြင်းဆိုနေရသည်။

သည်မျှ အလုပ်များနေသည့် အစိုးရ တရပ်အဖို့ ရက်အနည်းငယ်အတွက် ဆုံးရှုံးမှု ပမာဏများကို တွက်ချက်၍ ရေတို-ရေရှည်စီမံကိန်းများဖြင့် ပြန်လည်ပြပြင်တည်ဆောက်ရေးအတွက် တန်ဖိုးပမာဏကို တွက်ချက်နိုင်သည်ကတော့ ယုတ္တိမတန်လှပါ။

ယခုနောက်ဆုံး ထုတ်ပြန်သည့် ငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံနှင့် သန်းတရာထိပင် ရှိလာသည်။ ဤပမာဏထက်ပိုလျှင် မယုံသင်္ကာ ဖြစ်မည်စိုး၍ လျှော့ပေါ့ ပြောဆိုလိုက်လား၊ သို့တည်း မဟုတ် ဒူးလောက်တင်မှ ရင်လောက်ကျသည်ဟု သဘောထား၍ ပိုပိုသာသာ တောင်းခံခြင်းပင်လား ထင်မှတ်ရသည်။

အခြေခံဥပဒေမူကြမ်း ရေးဆွဲနေသည်ဟု အကြောင်းပြကာ အမျိုးသားညီလာခံကို (၁၄)နှစ်တိုင်အောင် အချိန်ဆွဲ ကျင်းပ၍ အာဏာ သက်ဆိုးရှည်နေခဲ့သည့် နအဖလို အာဏာပိုင်မျိုးက ယခု နိုင်ငံတကာက ဆိုင်ကလုန်းမုန်တိုင်းအတွက် အကူအညီပေးမည့်ကိစ္စတွင် ရက်ပိုင်းအတွင်း ဒေါ်လာ (၁၁.၁)ဘီလျံ တောင်းခံသည်ကတော့ အတော့်ကို မြန်ဆန်လွန်းနေသည်။

မည်သို့ပင်ဖြစ်စေ၊ ဆိုင်ကလုန်း မုန်တိုင်း မတိုင်ခတ်မီ ကြိုတင်သတိပေးရန် ပျက်ကွက်ခြင်းနှင့် မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး အကူအညီများ ချက်ချင်း လုပ်ဆောင်မပေးခြင်း၊ အကူအညီ မရရှိ၍ သေဆုံးရခြင်းများအတွက် နအဖ အာဏာပိုင်တို့တွင်သာ တာဝန်ရှိသည်။ လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့သည့် ရာဇဝတ်မှု ဖြစ်သည်ဟု သတ်မှတ်ခံရနိုင်သည်။

ယူဖို့ မြန်သလောက် ပေးဖို့ နှေးနေသော နအဖ အာဏာရှင်ကြီးများအဖို့ နိုင်ငံတကာ ငွေကြေး အကူအညီ မရမှာကို စိုးရိမ်နေရန် မရှိပါ။ မုချ ပေးပါလိမ့်မည်။ အကြောင်းမှာ လူသားချင်းစာနာထောက်ထားမှုကြောင့် ဖြစ်သည်။ နိုင်ငံရေးကို ယာယီအားဖြင့် ဘေးချိတ်ထားကောင်း ထားပါလိမ့်မည်။

သို့သော် မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်သန်းရွှေ ဦးဆောင်သော နအဖ အာဏာရှင်များ ရှိနေသရွေ့ မြန်မာ ပြည်သူများကို နိုင်ငံတကာမိသားစုက မျက်ခြေမပြတ်တမ်း စောင့်ကြည့်နေပြီး လိုအပ်သည့်အတိုင်း လူမှုရေးအရဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ တာဝန်မပျက်တမ်း ကူညီနေမည်သာ ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများ၏ ဤသို့သော ရပ်တည်ချက်မှာ ပြောင်းလဲမည် မဟုတ်ကြောင်း နအဖ သိထားရန် လိုအပ်ပါမည်။

လွင်အောင်စိုး
၂၆ မေလ ၂ဝဝ၈

နာဂစ်စ် ဆိုင်ကလုန်းမှ ကြေကွဲဖွယ် ဇာတ်လမ်းများ

“ကျမတို့ ရွာတွေဆီရောက်တော့ ဆိုင်ကလုန်းမုန်တိုင်းသတင်းတွေ အတော်များများကို ကြားရပါတယ်။ မုန်တိုင်းလာတဲ့အချိန်မှာ ကောင်းကင်တခုလုံး သိသိသာသာ နီရဲလာပြီး ဆူဆူညံညံ အသံနဲ့အတူ လေပြင်းတွေ တိုက်လာတဲ့အပြင် မိုးကပါ လိုက်ရွာနေသေးတယ်လို့ ရွာသားတွေက ပြောပြကြပါတယ်။ တချိန်တည်းမှာပဲ ဒီရေကလည်း (၁၂)ပေလောက်ထိ မြင့်တက်လာလို့ မြစ်ကမ်းနားမှာရှိတဲ့ ရွာတွေ ဆိုရင် ရွာလုံးကျွတ် စုံးစုံးမြှုပ်ကုန်တဲ့ အကြောင်းတွေ ကြားရပါတယ်။”
အသက် (၂၆)နှစ်အရွယ် Kim (အမည်ရင်း မဟုတ်)မှာ MSF (MEDECINS SANS FRONTIERES) မှ သူနာပြု ဗော်လံတီယာတဦး ဖြစ်သည်။ မြန်မာနိုင်ငံ ကျေးလက်ဒေသ စီမံကိန်းတခုတွင် ပါဝင် လုပ်အားပေးနေသူဖြစ်သည်။ MSF မှာ အစိုးရ လက်အောက်ခံ မဟုတ်သော အဖွဲ့အစည်း (အန်ဂျီအို - NGO) ဖြစ်သည်။ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို လုပ်ဆောင်ပေးသည်။ MSF တွင် Kim လုပ်အားပေးနေသည်မှာ (၂)နှစ်ခန့်ပင် ရှိနေပြီဖြစ်သည်။ များသောအားဖြင့် အခြေခံကျန်းမာရေး စောင့်ရှောက်မှုများကို လုပ်ပေးသည်။ ဆိုင်ကလုန်း နာဂစ်စ် တိုက်ခတ်အပြီး MSF ၏ အရေးပေါ် အစီအစဉ်ဖြင့် Kim သည် မြစ်ဝကျွန်းပေါ်ဒေသတွင် သုံးပါတ်ကြာအောင် လုပ်အားပေးနေခဲ့သည်။ ယခုအခါ ရန်ကုန်သို့ ပြန်လည်ရောက်ရှိပြီး ရက်အနည်းငယ်မျှ အနားယူလျက်ရှိသည်။ နားပြီးသည်နှင့် ဖျာပုံသို့ ပြန်သွားဦးမည်ဖြစ်သည်။ Kim က ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ဖြစ်ရပ်မှန်များကို ပြောပြသည်။
“ဆိုင်ကလုန်း တိုက်သွားမှန်းကို တပါတ်ကြာတဲ့အထိ ကျမ မသိခဲ့ပါဘူး။ ဆိုင်ကလုန်းတိုက်တဲ့အချိန်မှာ ကျမက တော်တော်လေးခေါင်တဲ့ ကျေးလက်ဇနပုဒ်တခုမှာ အလုပ်လုပ်နေတယ်လေ။ ဆက်သွယ်ရေး အတော်ခက်တဲ့နေရာမှာပေါ့။ မြို့တော်နဲ့လည်း အလှမ်းကွာလွန်းတယ်။ ရုပ်မြင်သံကြား မရှိဘူး။ တယ်လီဖုန်းလိုင်းကလည်း ပြတ်နေတယ်။ ဒါကြောင့် မုန်တိုင်းသတင်းကို ရေဒီယိုကနေ ပထမဦးဆုံး စကြားရတာပဲ။
“ပထမဦးဆုံး စကြားတဲ့သတင်းက ဘိုကလေးနဲ့ စက်ဆန်းဒေသတွေမှာ မုန်တိုင်းကြောင့် တော်တော် ပျက်စီးသွားပြီး လူတွေ အများကြီး သေတယ်ဆိုတဲ့ သတင်းပါပဲ။ သိပ်မကြာပါဘူး။ ကျမတို့ကို မြို့တော် ပြန်လာကြဖို့ ခေါ်ပါတော့တယ်။ မြစ်ဝကျွန်းပေါ်ဘက်ကိုသွားဖို့ သူနာပြု လေးယောက် လိုတယ်တဲ့။ ဒါနဲ့ ကျမလည်း အဲဒီမှာ လုပ်အားပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ကျမက မုန်တိုင်းကြောင့် ဒုက္ခရောက်နေ သူတွေကို ကူညီချင်နေတယ်လေ။
“ကျမတို့ဟာ ရန်ကုန်ကို အရင်ပြန်ဆင်းလာခဲ့ပါတယ်။ နှစ်ရက်နေပြီးမှ ဖျာပုံဘက်ကို ထွက်လာခဲ့ကြပါ တယ်။ ဖျာပုံရောက်တော့ မြို့ရဲ့ အဓိကလမ်းမကြီး ဘေးတဘက်တချက်စီမှာ လူတွေအများကြီးဟာ ယာယီအမိုးအကာလေးတွေအောက်မှာ နေနေကြတာကို သတိထားမိလိုက်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မုန်တိုင်းကြောင့် ရွာတွေမှာရှိတဲ့ သူတို့အိမ်တွေ ပျက်စီးသွားခဲ့ရတာဖြစ်လို့ အခုလို မြို့တက်ပြီး လမ်းဘေးမှာ ခိုလှုံနေရတာပါပဲ။
“သူတို့နေနေတဲ့ ယာယီအမိုးအကာဆိုတာ သိပ်ကိုသေးငယ်လွန်းလှပါတယ်။ မိသားစု နေလို့ မရနိုင် တာမျိုးပါ။ အုန်းပင် ထန်းပင်တွေက ရတဲ့ အခက်အလက်တွေနဲ့ ဖြစ်သလို ဆောက်ထားပါပဲ။ မိုးရွာတုန်း မိုးခိုရုံ သက်သက်လို ဖြစ်နေပါတယ်။ မုန်တိုင်းတိုက်အပြီးမှာ ဆောက်လုပ်ရေးပစ္စည်းတွေ ဈေးတက် ကုန်တာနဲ့ သူတို့ခမျာ ဝယ်ဖို့ မတတ်နိုင်ရှာဘူးလေ။ နောက်ပြီးတော့လည်း အိမ်ဆောက်ပစ္စည်း ရောင်းတဲ့ဆိုင် အတော်များများမှာ ရောင်းစရာက မရှိတော့ ပိုက်ဆံရှိရင်တောင် ဝယ်ဖို့ မဖြစ်နိုင်ပါဘူး။ ဖျာပုံကို ကျမ ရောက်တော့ တမြို့လုံး အိမ်တွေ ပျက်စီးနေတာ တွေ့ရတယ်။ အိမ်တိုင်းနီးပါးလောက် ခေါင်မိုးတွေ လန်ထွက်ကုန်တယ်။
“ကျမတို့ဟာ ဖျာပုံကနေ ရွာတွေ အတော်များများဘက်ကို သွားခဲ့ကြပါတယ်။ မုန်တိုင်းကြောင့် ပျက်စီး နေတာတွေအပြင် လူသေအလောင်းတွေကိုပါ ကျမ သတိပြုမိပါတယ်။ အလောင်းတွေ အများကြီးပါ။ များသောအားဖြင့် ခလေးအလောင်းတွေ ဖြစ်နေတာ တွေ့ရပါတယ်။ တိရိစ္ဆာန် အသေကောင်တွေ လည်း အများကြီး တွေ့ရတယ်။ အထူးသဖြင့် ကျွဲသေတွေ၊ ဝက်သေတွေပေါ့။
“မုန်တိုင်းတိုက်ပြီးလို့ နှစ်ပါတ်ရှိတဲ့အထိ ဒီနေရာကို ကျမ မရောက်ခဲ့ပါဘူး။ မုန်တိုင်းကြောင့် သေရတဲ့ လူသေအလောင်းနဲ့ တိရိစ္ဆာန်အသေကောင်တွေဟာ အပုပ်နံ့တွေ ထွက်နေတာတောင် မရှင်းလင်းပဲ ထားတာကို တွေ့နေရတော့ ကျမ အံ့အားသင့်မိပါတယ်။ ပြဿနာကတော့ အသက်ရှင် ကျန်ရစ်သူ တွေဟာ သူတို့ဆက်လက်အသက်ရှင်နိုင်ဖို့အရေးအတွက် လုံးပမ်းနေရလို့ပါပဲ။ သူတို့ဟာ နေဖို့အိမ်တွေ ပြန်ဆောက်နေရပါတယ်။ သန့်ရှင်းတဲ့ရေနဲ့ စားသောက်စရာတွေ ရဖို့ လိုက်ရှာနေရပါတယ်။ ဒါကြောင့် သူတို့ဟာ လူသေအလောင်းတွေ၊ တိရိစ္ဆာန်အသေကောင်တွေဘက်ကို လှည့်မကြည့်နိုင်ကြပါဘူး။ အဲဒါ တွေထက် ပိုပြီး အရေးတကြီး လုပ်စရာတွေ သူတို့မှာ အများကြီး ရှိနေပါသေးတယ်။
“ဒုက္ခသည်တွေကိုကြည့်ရတာ အလောင်းတွေ၊ အသေကောင်တွေကြားမှာ နေနေရတဲ့ သူတို့အဖြစ်ကို သိပ်ဂရုစိုက်တဲ့ပုံ မရှိပါဘူး။ လူသေအလောင်းတွေ၊ အသေကောင်တွေ ပေါလောမျောနေတဲ့ ရေမှာပဲ သူတို့ ရေချိုးသန့်စင်နေကြတာ ကျမ တွေ့ရပါတယ်။ ဒါပေမယ့် သူတို့ အဲဒီရေကို မသောက်ရမှန်း သိနေကြတာကတော့ ကံကောင်းတယ်လို့ ဆိုရမှာပဲ။
“သောက်ရေက ပြဿနာပါ။ ရွာအများစုမှာဆိုရင် ရေသန့်ရဖို့နေရာတွေ ရှိတတ်ပါတယ်။ ဥပမာ ရေကန် တွေဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီကန်တွေမှာ လူသေအလောင်းနဲ့ တိရိစ္ဆာန်အသေကောင်တွေ ကျနေတာဖြစ်လို့ မသန့်တော့ပါဘူး။ ဒါကြောင့် ကျမတို့ဟာ ကန်ထဲကရေကို စုတ်ထုတ်ပစ်ရပါတယ်။ ကျမတို့ MSF မှာ ဒုက္ခသည်တွေကို ထောက်ပံ့ပေးဖို့ ရေတိုင်ကီအကြီးကြီးတွေ ရှိပါတယ်။ ဒါပေမယ့် အဲဒါတွေကို သယ ဆောင်လာဖို့က ပြဿနာ ဖြစ်နေရပါတယ်။ ဒီတော့ ရွာတွေနဲ့ အနီးဆုံးလမ်းတွေ ဒါမှမဟုတ် မြစ်ကမ်းစပ်နားတွေထိ ရေတိုင်ကီတွေကို သယ်ဆောင်ပေးထားရပါတယ်။
“လူတွေဟာ ရေရှိတဲ့ ရွာတွေဘက်ကို သွားယူရပါတယ်။ ဒါကြောင့် ကျမတို့က သူတို့ကို ရေသယ်နိုင်ဖို့ လေးထောင့် သံပုံးတွေပေးထားပါတယ်။ အခြားရွာတွေမှာတော့ မိုးရေကိုခံပြီး သောက်သုံးကြပါတယ်။ အချို့ကတော့ ကျမတို့ပေးထားတဲ့ သံပုံးတွေနဲ့ ဖျာပုံထိရောက်အောင် ရေသွားယူပြီး ရွာကို ပြန်လာကြ ပါတယ်။
“ဖျာပုံကို ကျမတို့ စရောက်တဲ့အချိန်မှာ အခြား ကယ်ဆယ်ရေး ဝန်ထမ်းတွေ မရှိသလောက်ပါပဲ။ မရှိပဲ ဖြစ်နေတာက ကယ်ဆယ်ရေးကျွမ်းကျင်သူတွေကို အာဏာပိုင်တွေက ခရီးသွားခွင့် ပိတ်ပင်ထားလို့ ဖြစ်ပါတယ်။ ဖျာပုံကို ရောက်တာနဲ့ ကျမတို့ဟာ အဖွဲ့(၂)ဖွဲ့ ခွဲလိုက်ပါတယ်။ ကိုယ့်အဖွဲ့နဲ့ကိုယ် မုန်တိုင်းဒဏ်ခံရတဲ့ ရွာတွေဘက်ဆီ ခရီး စထွက်ခဲ့ကြပါတယ်။
“ရွာတရွာကိုရောက်တဲ့အခါ ကျမတို့မှာ လုပ်ရမယ့်အလုပ်က သုံးမျိုးရှိပါတယ်။ ပထမဦးဆုံး အဲဒီရွာမှာ လူဘယ်လောက်ရှိနေတယ်၊ သူတို့ ဘာတွေ လိုအပ်နေတယ်ဆိုတာ အရင်သိအောင် လုပ်ရပါတယ်။ ဒီနောက် ထောက်ပံ့ရေးပစ္စည်းတွေ ပေးကမ်းနိုင်ဖို့အတွက် ကျောင်းလိုမျိုး ကျယ်ကျယ်ဝန်းဝန်း နေရာတွေ ရှာရပါတယ်။ အိမ်အများစုကတော့ အိမ်ခေါင်မိုးတွေ မရှိတော့လို့ ကျမတို့က ဒုက္ခသည် တဦးချင်းစီကို တာပေါ်လင် တစနဲ့ သံဖြူပုံး တပုံးစီ ပေးပါတယ်။ ပစ္စည်းတွေ ပေးပြီးရင် ကျန်းမာရေး ကိစ္စကို ကျမတို့ စလုပ်ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေ၊ နာမကျန်းဖြစ်နေသူတွေကို ကြည့်ရှုစမ်းသပ် ရပါတယ်။ ပြဿနာကတော့ လာပြတဲ့ လူနာတွေအများကြီး ဖြစ်နေတာပါပဲ။ ဒီတော့ ကျမတို့က အသက်ငါးနှစ်အောက် ခလေးတွေကို အရင်ဦးစားပေး စမ်းသပ်ကုသရပါတယ်။ လာပြတဲ့ လူနာတွေမှာ အဟာရ မပြည့်ဝတာမျိုးကိုလည်း စမ်းသပ်ပေးရပါတယ်။ တကယ်လို့ အဟာရဓါတ် ပြည့်ဝ မနေဘူး ဆိုရင် ချက်ချင်း အဟာရဓါတ် ပြည့်ဝစေနိုင်တဲ့ Plumpynut ကို ပေးပြီး ကုသရပါတယ်။
“ဝမ်းလျှောနေသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ကုသပေးရပါတယ်။ ဒဏ်ရာရသူတွေဟာ ကယ်ဆယ်ရေး ကျွမ်းကျင်သူတွေ ရောက်မလာခင်မှာ သူတို့အနာကို ဖြစ်သလို ရသလို ကြံဖန်ကုသ ထားတာဖြစ်လို့ လူအတော်များများမှာ အနာတွေရင်းနေတာ တွေ့ရပါတယ်။ ဆိုးဆိုးဝါးဝါးကို ဖြစ်နေကြ တာပါ။
“အခုဆိုရင် ရွာတွေဘက် ကယ်ဆယ်စောင့်ရှောက်ဖို့သွားတဲ့ ကျမတို့အဖွဲ့က အုပ်စု(၃)ခုခွဲထားပါတယ်။ တစုက စုံစမ်းရှာဖွေတာလုပ်တယ်။ နောက်တစုက ထောက်ပံ့ရေးပစ္စည်းတွေ ဝေတယ်။ ကျန်တစုက ဆေးကုသပေးကြတယ်လေ။ အခုဆိုရင် ဆေးကုသခံရဖို့ လိုအပ်နေသူတွေဆီကို ကျမတို့ ရောက် အောင်လာပြီး ကုသပေးနိုင်ပြီဖြစ်လို့ ကျမ သိပ်ပျော်နေမိပါတယ်။
“ကျမတို့ ရွာတွေဆီရောက်တော့ ဆိုင်ကလုန်းမုန်တိုင်းသတင်းတွေ အတော်များများကို ကြားရပါတယ်။ မုန်တိုင်းလာတဲ့အချိန်မှာ ကောင်းကင်တခုလုံး သိသိသာသာ နီရဲလာပြီး ဆူဆူညံညံ အသံနဲ့အတူ လေပြင်းတွေ တိုက်လာတဲ့အပြင် မိုးကပါ လိုက်ရွာနေသေးတယ်လို့ ရွာသားတွေက ပြောပြကြပါတယ်။ တချိန်တည်းမှာပဲ ဒီရေကလည်း (၁၂)ပေလောက်ထိ မြင့်တက်လာလို့ မြစ်ကမ်းနားမှာရှိတဲ့ ရွာတွေ ဆိုရင် ရွာလုံးကျွတ် စုံးစုံးမြှုပ်ကုန်တဲ့ အကြောင်းတွေ ကြားရပါတယ်။
“ရေက ဘယ်လောက်တောင် ဖုံးလွှမ်းသွားသလဲဆိုရင် ဘယ်ဘက်ကိုပဲကြည့်ကြည့် ကုန်းဆိုတာ မမြင် ရတဲ့ အထိပါပဲလို့ ရွာသားတွေက ကျမတို့ကို ပြန်ပြောပြပါတယ်။ အုန်းပင်တွေလည်း အများကြီးပဲ ပျက်စီးသွားတဲ့အကြောင်း၊ အိမ်တွေဆို ရေအောက်ထဲကို လုံးဝနှစ်မြှုပ်သွားတဲ့အကြောင်းတွေ သိရပါ တယ်။
“တချို့လူတွေက ဘုန်းကြီးကျောင်းတွေဘက်ကို ပြေးကြတယ်။ ဘာကြောင့်လဲဆိုတော့ ဘုန်းကြီး ကျောင်းတွေက လူနေအိမ်ခြေတွေထက် ပိုမြင့်တဲ့နေရာမှာ ရှိနေလို့ပဲ။ ရွာတရွာမှာဆိုရင် တက်လာတဲ့ ဒီရေကလွတ်အောင် လူတိုင်းက အတော်မြင့်မြင့်နေရာမှာရှိတဲ့ အိမ်ခေါင်မိုးတခုပေါ်ကို တက်ပြေးခဲ့ကြ တယ်။ ဒါပေမယ့် လူတွေရဲ့အလေးချိန်ဒဏ်ကို အိမ်ခေါင်မိုးက မခံနိုင်တော့ ခေါင်မိုးပြိုကျသွားတယ်။ ရေမကူးတတ်သူတွေ ရေနစ်သေဆုံးခဲ့ကြရတယ်။ ရေနစ်နေသူတွေကို တတ်နိုင်သလောက် ဆွဲယူ ကယ်တင်နိုင်ဖို့ ကြိုးစားကြတာပဲ။ ဒီရေ အတက်ကြမ်းတော့ ဆယ်သူကိုယ်တိုင်က တခုခုကို အရင် အမှီပြု မထားရင် ဘယ်လိုမှ ကယ်ပေးလို့ မရနိုင်ဘူးလို့ ပြောပြကြတယ်။
“ရေကူးတတ်တဲ့ ဖခင်တယောက်ဆိုရင် သူ့လက်ကောက်ဝတ်မှာ သူ့ခလေးအားလုံးကို ချည်ပြီး လွတ်ရာကို ကူးတယ်။ ခလေးတွေ တယောက်တကွဲဖြစ်ပြီး ရေစီးနဲ့ မျှောမသွားစေဖို့ပေါ့။ ဒါပေမယ့် ဆိုင်ကလုန်းကြောင့် ဒီရေတက်နေတာ သိပ်ကိုကြာလွန်းနေတော့ သူလည်း နောက်ထပ် ရေမကူးနိုင် တော့ဘူး။ နောက်ဆုံးတော့ သူတို့မိသားစုတခုလုံး တယောက်ကိုတယောက် ချည်ထားတဲ့ ကြိုးတွေ တန်းလန်းနဲ့ပဲ ရေနစ်သေဆုံးနေတာကို ရွာသားတွေ တွေ့လိုက်ကြရတယ်။
“လေပြင်းကလည်း တမှောင့်ပဲ။ ဘုန်းကြီးတပါးက သူဟာ ရွာရဲ့တဖက်ကနေ အခြားတဖက်ကို လွင့်စင် သွားခဲ့ရလောက်အောင်ကို လေကြမ်းတယ်လို့ ကျမကို ပြန်ပြောပြတယ်။ ရွာသားတဦးက သူဟာ ရွာရဲ့ အခြားတဖက်ခြမ်းမှာ တဦးတည်းနေတဲ့ သူ့အမေကို စိတ်ပူမိတာနဲ့ အိမ်ကထွက်ပြီး ပိုပြီးလုံခြုံ စိတ်ချ ရမယ်ထင်တဲ့ သူ့အိမ်ကိုပြန်ခေါ်အလာမှာ လေပြင်းတိုက်လို့ အမေက လွင့်ပါသွားပြီး သေဆုံးခဲ့ရရှာ တယ်လို့ ပြန်ပြောပြပါတယ်။ သူဟာ အတော့်ကို ကြေကွဲဝမ်းနည်းနေပြီး သူ့ကြောင့် အမေသေရတာလို့ သူ့ကိုယ်သူ အပြစ်တင်မဆုံး ဖြစ်နေပါတယ်။
“ရွာသားအများစုမှာ အဝတ်အထည်တွေ မရှိကြတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ လေပြင်းမုန်တိုင်းကို ကျောပေးခံနေရလို့ အဝတ်အစားတွေဟာ နောက်ကျောဖက်ကနေ အကုန်လုံး ပြဲထွက်သွားလို့ပါပဲ။ သူတို့ဟာ သေဆုံးသွားသူတွေရဲ့အဝတ်တွေကို ချွတ်ပြီး ဝတ်ဆင်ထားရပါတယ်။ ဘာအဝတ်အထည်မှ မရှိရင် သိပ်ရှက်ဖို့ကောင်းတာကိုး။ တချို့ကတော့ လေပြင်းတိုက်နေတုန်းမှာ လွင့်ထွက်မသွားအောင် သူတို့ရဲ့ လုံချည်၊ ထမိန်တွေကို အုန်းပင်တွေမှာ သူတို့ကိုယ်ခန္ဓာနဲ့ ချည်ထား ခဲ့ကြတယ်။ ဒီလိုနည်းနဲ့ အသက်ဘေးက လွတ်ခဲ့ကြရတာပါ။
“လေမုန်တိုင်းဒဏ် ခံလိုက်ရတဲ့ ဘိုကလေးမှာလည်း ကျမတို့ လုပ်ဖော်ကိုင်ဘက်တွေ လုပ်အားပေးနေ ကြပါတယ်။ သူတို့ကလည်း သူတို့ကြုံတွေ့ရတာတွေကို ကျမကို ပြန်ပြောပြတယ်။ ရွာတရွာမှာဆိုရင် လှေကြီးနှစ်စီး ရှိတယ်တဲ့။ မုန်တိုင်းလာတော့ ရွာသားတွေက အဲဒီလှေတွေထဲ ဝင်ပြီးခိုလှုံနေကြတယ်။ လှေကို သစ်ပင်မှာ ကြိုးနဲ့ချည်ထားတယ်။ ဒါပေမယ့် လှေတစီးကို ချည်ထားတဲ့ကြိုးဟာ ပြတ်သွားတော့ လှေက မုန်တိုင်းဒဏ်ကို မခံနိုင်တော့ပဲ မှောက်ပါလေရော။ အဲဒီလှေထဲ ဝင်ခိုနေကြတဲ့သူတွေအားလုံး ရေနစ်သေဆုံးကြရရှာတယ်။ ကျန်တဲ့လှေတစီးမှာတော့ ကံကောင်းတယ်။ လှေကိုချည်ထားတဲ့ ကြိုးက ပြတ်ထွက်မသွားခဲ့ဘူး။ လှေပေါ်က လူတွေအကုန်လုံး အသက်ချမ်းသာရာ ရခဲ့တယ်။ အဲဒါ ဘိုကလေး ဘက်က အဖြစ်ပါ။
“ဆိုင်ကလုန်းဝင်တဲ့ညမှာ ဝမ်းသာစရာ ဇာတ်လမ်းကောင်းတွေ ရှိခဲ့တာကို ကျမတို့ ပြန်ကြားရပါတယ်။ အဲဒီညမှာ ကိုယ်ဝန်ဆောင် မိခင်အတော်များများပဲ မီးဖွားခဲ့ကြပါတယ်။ အရပ်လက်သည် ဝမ်းဆွဲ ဆရာမကတော့ ဟိုပြေးလိုက် သည်ပြေးလိုက်နဲ့ မီးဖွားပေးနေခဲ့ရတာပေါ့။ ဆရာမက ကိုယ်ဝန်သည် တွေကို ရှောရှောရှူရှူဖြစ်အောင် မီးဖွားပေးနိုင်ခဲ့တော့ မိဘတွေက ကျေးဇူးတင်လွန်းလို့ အဲဒီ ဝမ်းဆွဲဆရာမရဲ့ နာမည်အတိုင်း သူတို့ ရင်သွေးလေးတွေကို နာမည်မှည့်ပေးလိုက်ကြတယ်လေ။
“ဒုက္ခသည်တွေမှာ နေစရာအိမ် ပျောက်သွားပြီဖြစ်လို့ လောလောဆယ် ဘေးကင်းရာမှာ အတူတကွ စုပြုံပြွတ်သိပ် နေနေကြတယ်။ အိမ်တအိမ်မှာ မိသားစု လေး-ငါးစုလောက် နေနေကြတယ်။ ဒါဟာ ကျန်းမာရေးအတွက် မကောင်းလှပါဘူး။ ရောဂါဘယရှိရင် မြန်မြန်ဆန်ဆန် ကူးစက်လွယ်တယ်။ ဒုက္ခသည်တွေမှာ အိမ်ဆောက်ပစ္စည်းတွေ အရေးတကြီး လိုအပ်နေပါတယ်။ ဒါမှ ကိုယ့်မိသားစုနဲ့ကိုယ် ချောင်ချောင်ချိချိ နေနိုင်ကြမှာ ဖြစ်တယ်။ အစားအသောက်လည်း လိုအပ်နေပါတယ်။
“တချို့ဒုက္ခသည်တွေဆိုရင် ကယ်ဆယ်ရေးအကူအညီ ရောက်မလာသေးခင်မှာ အစာရေစာ ငတ်ပြတ် နေခဲ့ရပါတယ်။ တကယ်ပါ။ ရွာတရွာမှာဆိုရင် ဘာမှစားစရာ မရှိတော့လို့ ဝက်အသေတကောင်ကို စားကြရတဲ့အထိ ဆိုးဝါးလွန်းခဲ့ပါတယ်။ ဒီဇာတ်လမ်းကို ကြားရတော့ ကျမ အတော့်ကို စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါပေမယ့်လည်း သူတို့ခမျာ အဲဒီလိုမှ မစားရင် ငတ်သေဖို့သာ ရှိတာကြောင့် မစားမဖြစ် လို့ပဲ စားလိုက်ကြတာ ဖြစ်မှာပါ။
“ဒုက္ခသည်တွေဟာ ငါးကို မစားရဲကြပါဘူး။ အဲဒါ တကယ်လက်တွေ့ မြင်ခဲ့ရတာပါ။ ငါးတွေက လူသေ အလောင်းတွေကို စားမှာပဲလို့ သူတို့စိုးရိမ်နေမိတာကြောင့်ပေါ့။ ဒါဟာ အမှန်ပဲလားဆိုတာတော့ ကျမ မသိပါဘူး။ ဒါပေမယ့် ဒုက္ခသည်တွေဟာ ရောဂါဖြစ်လာမှာကိုတော့ အတော့်ကို စိုးရိမ် ကြောက်လန့်နေ ကြတယ်လို့ ကျမ ထင်ပါတယ်။”
-------------(ပြီး)
မူရင်းဆောင်းပါး - Harrowing stories from Cyclone Nargis
Publish: Online, June 23, 2008
Source: MSF (MEDECINS SANS FRONTIERES)
Link: http://www.msf.org/msfinternational/invoke.cfm?objectid=B4C74446-15C5-F00A-250

မြန်မာဘာသာပြန် - လွင်အောင်စိုး
၂၆-၆-၂ဝဝ၈

နာဂစ်စ် မုန်တိုင်းဒဏ် ခံရပြီးသည့်တိုင်

နာဂစ်စ် ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံလိုက်ရသော အိမ်တလုံး။ မြန်မာနိုင်ငံ၏ ဆင်းရဲသားများ နေထိုင်ရာ ဒေသရှိ လူနေအိမ်များကို ဝါးလုံး၊ ဓနိ-သက်ငယ်ပျစ် အမိုးများဖြင့်သာ ဆောက်လေ့ရှိရာ လူသေလောက်အောင် ပြင်းထန်သော မုန်တိုင်းဒဏ်ကို ခံနိုင်ရည် မရှိပဲ ပြိုလဲပျက်စီးခဲ့ကြရသည်။ ပင်လယ်ရေလှိုင်းကြီးများ တက်လာသောအခါ အလွယ်တကူပင် မျှောပါသွားရသည်။ အသက်မသေပဲ ကျန်ရစ်သူ မုန်တိုင်းဒုက္ခသည်တို့မှာ စစ်အစိုးရ၏ ကယ်ဆယ် ထောက်ပံ့မှုများမရပဲ ကိုယ်ထူကိုယ်ထ ရုန်းကန်နေခဲ့ရသည်။ နိုင်ငံတကာနှင့် ပြည်တွင်းစေတနာရှင်တို့က ကယ်ဆယ်ထောက်ပံ့ရန် ကြိုးပမ်းကြသော်လည်း စစ်အစိုးရက နှောင့်နှေးကြန့်ကြာအောင် လုပ်ထားသဖြင့် နေရာအနှံ့ မထိရောက်နိုင်ပဲ ရှိနေသည်။ အချို့ဒုက္ခသည်များ၌ ငွေကြေး အနည်းငယ်ရှိသည့်တိုင် လာမည့် စပါး စိုက်ပျိုးရာသီအတွက် ရင်းနှီးမြှုပ်နှံရန် မဖြစ်နိုင်တော့ပဲ ပျက်စီးသွားသောအိမ်ကို ပြန်ပြင်ဆောက်နိုင်ဖို့ အတွက်ကိုသာ သုံးစွဲလိုက်ရတော့သည်။

အဲရစ် စတိုဗာက ဘော့စနီးယား၊ ကမ်ဘောဒီးယား၊ ရဝမ်ဒါနှင့် အီရတ်သို့ ရောက်ခဲ့ဖူးသည်။ တနေရာနှင့် တနေရာ မတူကြသော်လည်း ထိုနေရာများသည် အပျော်သက်သက် အပမ်းဖြေရန် သွားသင့်သည့် နေရာများ မဟုတ်မှန်းတော့ လူတိုင်းပင် သိကြသည်။ တကယ်လည်း အပမ်းဖြေရန် အဲရစ်က သွားခဲ့ သည်မဟုတ်ပါ။ ကမ္ဘာတလွှား ဆိုးပေ့ဆိုသည့် ကပ်ဘေးကြီးများကြုံလျှင် သူသွားကြည့်သည်။ စစ်ပွဲများ ဖြစ်နေလျှင် သူ ရောက်နေတတ်သည်။ ဖိနှိပ်ခံပြည်သူများ ရှိရာတွင် သူရှိနေတတ်သည်။ ဆင်းရဲ နွမ်းပါးသော နိုင်ငံများသို့ သူသွားတတ်သည်။ သူက ဘေးအန္တရာယ်များကြားမှ အသက်နှင့်ရင်းရသည့် အလုပ်ကို လုပ်သည်။ ဒေသခံပြည်သူတို့ ရင်ဆိုင်ကြုံတွေ့ရသည်များကို မနေမနား စူးစမ်းသည်။ စုံစမ်း မေးမြန်းကြည့်သည်။ မှတ်တမ်းတင်သည်။

အမှန်တော့ အဲရစ်သည် ကယ်လီဖိုးနီးယားတက္ကသိုလ်-ဘာကဲလီ၏ လူ့အခွင့်အရေးစင်တာမှ ညွှန်ကြားရေးမှူး ဖြစ်သည်။ သည်တော့ ကမ္ဘာတလွှား လူ့အခွင့်အရေး ဖောက်ဖျက်မှုများ ရှိလာလျှင် အဲရစ် မနေနိုင်၊ မရောက်ရောက်အောင် သွားကြည့်သည်။ အမှန်ဆုံးဖြစ်အောင် မှတ်တမ်းတင်သည်။ အသက်နှင့်ရင်း၍ လူ့အခွင့်အရေး တိုက်ပွဲဝင်သူဖြစ်သည်။ အဲရစ်၏ ပညာရေးနှင့် အလုပ်အကိုင်က နှယ်နှယ်ရရတော့ မဟုတ်။ ဥပဒေနှင့် ပြည်သူ့ကျန်းမာရေးကို ထပ်ဆင့်ဆည်းပူးထားပြီး ဘာကဲလီ-ကယ်လီ ဖိုးနီးယား တက္ကသိုလ်မှ ပရိုဖက်ဆာတဦး ဖြစ်သည်။

သည်တခေါက် အဲရစ် သွားခဲ့သည်ကတော့ မြန်မာနိုင်ငံဖြစ်သည်။ ရည်ရွယ်သည်က စစ်အစိုးရ ရေးဆွဲသည့် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို လူထုက ထောက်ခံခြင်းရှိမရှိ စမ်းသပ်မည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို လေ့လာရန် သက်သက်သာ ဖြစ်သည်။

မြန်မာနိုင်ငံ သွားဖို့ ဗီဇာရလိုက်သည်မှာ သူ့အတွက် ကံကောင်းလှသည်။ အကြောင်းမှာ မြန်မာနိုင်ငံ၌ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး နောက်တရက်အကြာတွင် မြန်မာနိုင်ငံထဲ သူဝင်လာနိုင်သော ကြောင့်ဖြစ်သည်။ ထို့ထက်နောက်ကျလျှင်တော့ မြန်မာစစ်အစိုးရက နိုင်ငံခြားသား ကယ်ဆယ်ရေး လုပ်သားများ၊ သတင်းထောက်များကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်လိုက်သည်နှင့် ကြုံရဖို့ရှိသည်။ ဝင်မည့်သူတို့ကို ပိတ်ရုံတင် မဟုတ်သေး။ မြန်မာနိုင်ငံထဲ ရောက်နှင့်ပြီး နိုင်ငံခြားသားများကိုပင် အတင်းအကြပ် ပြန်မောင်းထုတ်သည်လည်းရှိသည်။ သည်အဖြစ်မျိုးကို သူ နေခွင့်ရသည့် နှစ်ပါတ်အတွင်း ကြုံလိုက်ရသည်။

ထို့ထက်ပို၍ ရှားရှားပါးပါး ကိုယ်တိုင်ကြုံလိုက်ရသည်က နာဂစ်စ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် မြန်မာ ပြည်သူတို့ အလူးအလှိမ့် ခံလိုက်ရသည့်အဖြစ်ဆိုးကြီး ဖြစ်သည်။ မုန်တိုင်းအပြီး တလအတွင်း စစ် အစိုးရ၏ ထုတ်ပြန်ချက်မှာပင် လူအသေအပျောက်က တသိန်း သုံးသောင်း လေးထောင် ရှိနေခဲ့သည်။ သည့်နောက်ပိုင်း အစိုးရက တခါမှ တရားဝင် ထုတ်ပြန်ခြင်း မရှိသေး။ ကုလသမဂ္ဂကလည်း လူပေါင်း နှစ်သန်းလေးသိန်း အိုးအိမ်မဲ့ ဖြစ်နေသည်ဟု ခန့်မှန်းထားသည်။ ဆိုင်ကလုန်း ကပ်ဘေးကြီးက ဤမျှထိ ဆိုးဝါးလှသည့်တိုင်အောင် မြန်မာနိုင်ငံ၌ (၄၅)နှစ်ကျော်ကြာအောင် မင်းမူလာသည့် စစ်အစိုးရက ဒုက္ခသည် ပြည်သူတို့အပေါ် လစ်လျူရှုနိုင်လွန်းခဲ့သည်။ အစိုးရ၏ လုပ်ပုံကိုင်ပုံများကြောင့် အခြေအနေမှာ ပိုမဆိုးသင့်ပဲ ဆိုးနေခဲ့ရတော့သည်။ လေဘေးဒုက္ခသည်များအဖို့ လဲကျရာ သူခိုး ထောင်းခံရသည့် အဖြစ်ဆိုးပင်။

မြန်မာနိုင်ငံကား ဤသို့ပါတကားဟု အဲရစ် အံ့အားသင့်နေမည်တော့ မဟုတ်ပါ။ ယခင်ကလည်း မြန်မာနိုင်ငံကို ရောက်ဖူးသည်။ ရောက်ရုံတင် မဟုတ်သေး။ မြန်မာနိုင်ငံအကြောင်း စာတစောင် ပေတဖွဲ့ မှတ်တမ်းတင် ရေးထားသည်။ “ကူးစက်ရောဂါများနှင့် လူ့အခွင့်အရေးများ – မြန်မာနိုင်ငံမှာ မုန်တိုင်း တိုက်နေပြီ” ဟု ခေါင်းစဉ်တပ်ထားသည့် ၂ဝဝ၇ ခုနှစ်က မှတ်တမ်းဖြစ်သည်။ အခြားသူ(၈)ဦးနှင့် ပူးတွဲ ရေးသားသည်။ ပြင်ပကမ္ဘာနှင့် အဆက်ဖြတ်ခံထားရသည့် မြန်မာနိုင်ငံတွင် အစိုးရမှ ပြည်သူများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ပေးရန် ပျက်ကွက်နေသည်ကို ထိုမှတ်တမ်းတွင် ရေးသားထားသည်။ စစ်သည်အင်အား လေးသိန်းကျော်ရှိသည့် မြန်မာစစ်တပ်မှာ အရှေ့တောင် အာရှတွင် ဒုတိယ အကြီးမားဆုံး ဖြစ်နေပြီး ထိုစစ်တပ်ကို ရပ်တည်ပေးနိုင်ရန် နိုင်ငံ့ဘဏ္ဍာငွေ (၄ဝ) ရာခိုင်နှုန်းကို စစ်အစိုးရက သုံးနေကြောင်းဖော်ပြသည်။ ထို့ပြင် တိုင်းပြည်လူဦးရေ (၄၇)သန်းအား လူသားချင်း စာနာ ထောက်ထားမှုဖြင့် ကျွေးမွေးထောက်ပံ့ရန် ကြိုးပမ်းလာသူ ပြည်တွင်းပြည်ပ စေတနာရှင်များကို မြန်မာ စစ်အစိုးရက ကဏ္ဍအတော်များများ၌ အကြီးအကျယ် ဆန့်ကျင်တားဆီးနေသည်ဟုလည်း မှတ်တမ်းတင်ထားသည်။

မုန်တိုင်းကြောင့် ပျက်စီးသွားသော ရွာတရွာ။ နာဂစ်စ် မုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံတွင် လူနှစ်သန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။ စစ်အစိုးရထံမှ အကူအညီများ မရသေးပဲ ရှိနေသေးသည်။

မြန်မာစစ်အစိုးရက လေဘေးမုန်တိုင်းဒဏ် ခံရသူတို့အပေါ် အမှန်ပင် သနားညှာတာမှု ရှိနေသယောင် အပေါ်ယံ လုပ်ပြသည်။ ကုလသမဂ္ဂကဲ့သို့ ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာအဖွဲ့အစည်းမှ တာဝန်ရှိ ကိုယ်စားလှယ်များကပင် စစ်အစိုးရ၏ လုပ်ပုံကိုင်ပုံများကို ပြစ်တင် ဝေဖန် စောကြောရန် တွန့်တွန့် ဆုတ်ဆုတ် ရှိနေပုံရခဲ့သည်။ သို့သော် အချို့ကတော့ ပြတ်သည်။ နအဖ ခေါင်းဆောင် ဗိုလ်ချုပ်များသည် ဒုက္ခသည်များအပေါ် နည်းနည်းလေးမှ ကိုယ်ချင်းစာ ငဲ့ညှာထောက်ထားမှုမရှိဟု ရဲရဲပင် ဝေဖန်သည်။ ပြစ်တင်ရှုံ့ချသည်။

အခြားနိုင်ငံများတွင် ကပ်ဘေးကြီးများ ကျပြီဆိုကတည်းက သတင်းထောက်နှင့် ကယ်ဆယ်ရေးအတွက် ကူညီသူ၊ ကျွမ်းကျင်သူ နိုင်ငံခြားသားများ အစုလိုက်အပြုံလိုက် ရောက်လာတတ်သည်။ မြန်မာနိုင်ငံတွင်မူ ထိုသို့မဟုတ်။ နိုင်ငံခြားသားမှန်လျှင် အဝင်မခံ၊ ဗီဇာပိတ်လိုက်သည်။ ကနဦး လေဘေးအပျက်အစီးနှင့် သေကြေဒဏ်ရာရသူများကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသည့် နိုင်ငံခြားသား အနည်းငယ်သာ ရှိသည်။ ထိုအထဲတွင် အဲရစ် တယောက်လည်းပါသည်။ အဲရစ်မှာ ကိုယ်တိုင် မြင်လည်းမြင်၊ ပြောလည်း ပြောသူဖြစ်ရာ ဖိနှိပ်ချုပ်ချယ်သည့် အာဏာရှင်စနစ် နိုင်ငံရေး ကြာင့် အန္တရာယ်ဆိုးများ ကျရောက်နိုင်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောဖို့ ဖြစ်လာသည်။

မြန်မာနိုင်ငံမှာကတော့ အရေးပေါ် ဘေးဒုက္ခတွေကို အစိုးရက ကူညီကယ်ဆယ်နိုင်စွမ်း သိပ်မရှိလှပါဘူး။ ပြည်သူတွေက သူတို့ကျန်းမာရေးကို သူတို့ကိုယ်တိုင်ပဲ စောင့်ရှောက်ရတာ ဖြစ်တယ်။ မေလ (၂) ရက် ညနေခင်းကနေ (၃)ရက်နေ့ထိ မြစ်ဝကျွန်းပေါ်ဒေသ၊ ရန်ကုန်နဲ့ အခြားမြို့တွေကို ဆိုင်ကလုန်း တိုက်ခတ်သွားပေမယ့် အစိုးရက ကြိုတင်ပြီး လုံလုံလောက်လောက် သတိပေးတာမရှိခဲ့ပါဘူး။ နိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယိုကနေ မုန်တိုင်းသတင်းအချို့ကို ထုတ်လွှင့်ပေးပေမယ့်လည်း ပြည်သူတွေမှာ ကြိုတင်ပြင်ဆင် ကာကွယ်နိုင်လောက်အောင် အချိန်မရခဲ့တာ သေချာပါတယ်”ဟု အဲရစ်က ပြောပြ သည်။

အကယ်၍ စစ်အစိုးရက မုန်တိုင်းသတင်း ကြိုတင်သတိပေးချက်များကို အချိန်မီ ထုတ်လွှင့်ပေးနိုင်ခဲ့သည် ဖြစ်အံ့။ မုန်တိုင်းတိုက်ခတ်ရာ လမ်းကြောင်းအတွင်းရှိ ဒေသခံများအနေဖြင့် ကြားသိကြလိမ့်မည်။ ဘေးကင်းရာဆီသို့ ပြေးလွှား ရှောင်တိမ်းနိုင်ကြလိမ့်မည်ဖြစ်သည်။ လူ့အသက်ပေါင်းများစွာ ယခု လောက် ဆုံးရှုံးရလိမ့်မည်လည်း မဟုတ်ပါ။

အသက်ရှင် ကျန်ရစ်သူ လေဘေးဒုက္ခသည်တွေရဲ့ အိမ်တွေဟာ မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ရပါ တယ်။ အထူးသဖြင့် ကွန်ကရစ်တိုက်အိမ်တွေ၊ အဆောက်အဦတွေ၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ ဒါမှမဟုတ်လည်း အသင့်အတင့် ကွန်းခိုနိုင်မယ့် အခြားနေရာတွေဆီမှာ သွားရောက် ခိုလှုံကြရတာ တွေ့ရပါတယ်။ ဒါပေမယ့် ဘယ်လို သဘာဝဘေးဒုက္ခပဲဖြစ်ဖြစ်၊ ဘယ်နှစ်ကြိမ်ပဲဖြစ်ဖြစ်၊ အဆင်းရဲဆုံးသူတွေနဲ့ အကာအကွယ်အမဲ့ဆုံးသူတွေသာ အဆိုးဆုံး ခံရတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝါး၊ဓနိတွေနဲ့ ဆောက်ထားတဲ့ သူတို့အိမ်တွေဟာ လေပြင်းတိုက်ရင် ပြိုကျတတ်ပါတယ်။ ရေလှိုင်းကြီးတွေ တက်လာတဲ့အခါမှာလည်း တအိမ်လုံး ရေထဲမျှောပါသွားတတ်ပါတယ်။”

လေဘေးမုန်တိုင်းဒဏ်က အလွန်အမင်း ဆိုးဝါးနေခဲ့ပြီ ဖြစ်သည်။ အသက်ဆုံးရှုံးရသူ သောင်းနှင့်ချီ ရှိနေသည်။ ပျောက်ဆုံးနေသူများလည်း သောင်းဂဏန်းများစွာ ရှိသည်။ အသက်မသေကျန်ရစ်သူများမှာ အိုးမဲ့အိမ်မဲ့ ပြောင်သလင်းခါ ဖြစ်ကျန်ရစ်သည်။ အစားအသောက်မဲ့ဖြစ်နေသည်။ လဲစရာအဝတ် မရှိ။ တချို့ အဝတ်ပင် မရှိတော့။ ဘယ်မှာသွားနေရမှန်း မသိသူတွေလည်း ရှိနေသေးသည်။ မိဘမဲ့ကလေးများက တပုံတပင်။ ဒဏ်ရာရလာသူ၊ ကျန်းမာရေး မကောင်းသူတို့အတွက် ကုစားရာ ဆေးမရှိ၊ ကုသပေးသူမရှိ။ ထိုအခြေအနေကို ပိုရှုပ်ထွေးအောင် ထပ်ဆင့် ထိုးနှက်ချက်များ ရှိသည်ဟု အဲရစ်က ဆိုသည်။

လဲရာ သူခိုးထောင်းခံရသည့် အဖြစ်များတွင် ကျန်းမာရေး အဆင့်အတန်း အလွန်နိမ့်ကျရခြင်းက အကြောင်းတခု ဖြစ်သည်။ မြန်မာနိုင်ငံတွင် သာမန်ပြည်သူတို့၌ ကျန်းမာရေး ဗဟုသုတ အလွန်နည်းပါးသည်။ အစိုးရက တာဝန်ယူရမည့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုများ အလွန်နည်းပါးသည်။ သို့ဖြစ်၍ ကျန်းမာရေးနှင့် ပတ်သက်လာလျှင် ထိခိုက်ဆုံးရှုံးဖို့ များသည်။

နောက်ထပ်ထိုးနှက်နေသည့်အကြောင်းတခုမှာ မြန်မာနိုင်ငံတွင်းရှိ အစိုးရလက်အောက်ခံ မဟုတ်သည့် အဖွဲ့အစည်းများမှာ မုန်တိုင်း တိုက်ပြီးပြီးချင်းတွင် ထိထိရောက်ရောက် မကူညီပေးနိုင်ပဲ လူမှုရေး လုပ်ငန်းများ ရပ်ဆိုင်းနေခြင်း ဖြစ်သည်။ အန်ဂျီအိုများအား နဂိုကတည်းက “ဘာမလုပ်ရ၊ ညာမလုပ်ရ”ဟု အစိုးရက စည်းကမ်းပေါင်းများစွာဖြင့် တင်းကြပ်ထားရာ ဘေးဒုက္ခမှ ကူညီရမည့်အရေးကို တကယ်တမ်း နဖူးတွေ့ဒူးတွေ့ ကြုံလာရသောအခါ အစိုးရထံက ခွင့်ပြုမိန့် တောင်းခံတတ်သည့် အကျင့်က ပါနေတော့သည်။

ထို့ပြင် နိုင်ငံခြားသား ကယ်ဆယ်ရေး ကျွမ်းကျင်သူ ပညာရှင်များနှင့် ကယ်ဆယ်ရေး လုပ်သားများအား စစ်အစိုးရက ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးဖို့ ငြင်းဆန်နေခဲ့သည်။ မိမိကိုယ်တိုင်လည်း မလုပ်ပေးနိုင်၊ လုပ်ပေးမည့် အခြားသူတို့အားလည်း လုပ်ခွင့်မပေးသဖြင့် အချိန်မီ အသက်လုရသည့် ကိစ္စများအပါအဝင် အခြားကိစ္စများအတွက် မလိုအပ်ပဲ နှောင့်နှေးသွားရသည်။ ဤအချက်က လေဘေးဒုက္ခနှင့်ပတ်သက်၍ ထပ်ဆင့်ထိုးနှက်ချက်တခု ဖြစ်သည်။

မြန်မာနိုင်ငံကို စစ်တပ်ကသာ အလွန်အကျွံ လွှမ်းမိုးချုပ်ကိုင်ထားသဖြင့် နိုင်ငံ့အရေးအရာနှင့် ပတ်သက်လာလျှင် စစ်တပ်က မလုပ်သရွေ့ ဘာမှမဖြစ်နိုင်သည့် နိုင်ငံရေး စရိုက်သဘာဝ ရှိနေသည်ဟု အဲရစ်က ရှင်းပြသည်။ အကျိုးဆက်မှာ တာဝန်ရှိ အာဏာပိုင်အဆင့်ဆင့်တို့က ထိပ်ပိုင်းခေါင်းဆောင် နအဖ၏ သဘောတူညီချက် မရသမျှ ကာလပတ်လုံး ဘာမှ မလုပ်နိုင်ပဲ ဖြစ်နေရတော့သည်။

အားလုံးကိုထိန်းချုပ်ထားလို့ တိုးတက်မှုရှိမနေပဲ ဖြစ်နေရင် လူတွေဟာ ဘာလုပ်လို့လုပ်ရမှန်း မသိကြတော့ဘူး”ဟု အဲရစ်က ထောက်ပြသည်။

ဒုက္ခသည် သန်းပေါင်းများစွာအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အကူအညီများ ပေးနိုင်ရေး မြန်မာစစ်အစိုးရထံ ချက်ချင်းပင် ပန်ကြားခဲ့ကြသည်။ သို့သော် ဆိုင်ကလုန်း ဝင်တိုက်အပြီး သုံးပါတ်နီးပါးကြာမှ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေနှင့် တွေ့ခွင့်ရခဲ့သည်။ ထိုအခါမှ မည်သည့် နိုင်ငံခြားသား ကယ်ဆယ်ရေးလုပ်သားမဆို မြန်မာနိုင်ငံသို့ လာရောက် ကယ်ဆယ် ထောက်ပံ့ခွင့်ပြုမည်ဟု ဗိုလ်ချုပ်သန်းရွှေက ဘန်ကီမွန်းအား ကတိပေးခဲ့သည်။ ထိုသုံးပါတ်တာအတွင်း ဒုက္ခသည် လေးပုံသုံးပုံမှာ မည်သည့်အကူအညီ အထောက်အပံ့မျှ မရပဲ ဖြစ်သည့်နည်းဖြင့် အသက်ရှင်ရုန်းကန်နေခဲ့ကြရသည်။ ထိုကြားထဲ အသက်ဆုံးရှုံးသွား သူများလည်း ရှိမည်ဟုလည်း ဆိုနိုင်သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟာ ဒုက္ခရောက်နေတဲ့ နိုင်ငံတနိုင်ငံကို အပြည်ပြည်ဆိုင်ရာ အကူအညီတွေ ပေးကမ်းနိုင်အောင် အဲဒီနိုင်ငံရဲ့ ခေါင်းဆောင်ဆီကို ကိုယ်တိုင်သွားပြီး ခခယယ တောင်းပန်နေရတဲ့ အဖြစ်မျိုး ကျနော်အရင်က မကြုံဖူး မကြားဖူးပါဘူး”ဟု အဲရစ်က ပြောသည်။

အဆိုးဝါးဆုံး ခံလိုက်ရသည့်ဒေသများသို့ နိုင်ငံခြားသားများ ရောက်မလာနိုင်အောင် စစ်အစိုးရက မပိတ်ဆို့မီ အဲရစ်အတွက် သွားကြည့်ဖို့အခွင့်အလမ်း အနည်းငယ် ရခဲ့သည်။ သို့နှင့် ရန်ကုန်မှ မိုင်တရာ ခန့်အကွာရှိ မုန်တိုင်းဒဏ်ခံရသည့်နေရာများသို့ နှစ်ကြိမ်တိုင်တိုင် သူ သွားကြည့်ဖြစ်ခဲ့သည်။

အဲဒီနေရာတွေဆီကိုရောက်တော့ မြင်လိုက်ရတဲ့အခါ တကယ့်ကို မယုံနိုင်စရာပါပဲ။ မုန်တိုင်းဒုက္ခသည်တွေကို ကယ်ဆယ်ထောက်ပံ့ ကူညီနေသူတွေဟာ မြန်မာနိုင်ငံသား ပြည်သူတွေ ဖြစ်နေတာ တွေ့ရပါတယ်။ ဒေသခံ စီးပွားရေး အဖွဲ့တွေက ကူညီပေးနေတာလည်း တွေ့ရတယ်။ ဘာသာရေး အဖွဲ့တွေလည်း ရှိနေတယ်။ အစိုးရ လက်အောက်ခံမဟုတ်တဲ့ အန်ဂျီအိုတွေလည်း ရောက်နေကြတယ်။ စစ်အစိုးရက ကယ်ဆယ်ထောက်ပံ့ပေးတာတွေ သူတို့ကတော့ မတွေ့ရဘူးလို့ ပြောပြကြတယ်။ နိုင်ငံတကာက အကူအညီတွေ ရောက်မလာနိုင်အောင် အစိုးရက လုပ်ထားတော့ သူတို့ကပဲ အတတ်နိုင်ဆုံး ဟိုဟိုဒီဒီ သွားပြီး အလှူခံရတယ်၊ ဆန်-ငါးခြောက်နဲ့ အခြားထောက်ပံ့စရာ ပစ္စည်းတွေကို ဈေးထဲမှာ သွားဝယ်ပြီး ဒီကို ထွက်လာခဲ့ရတာပဲလို့ ပြောပြကြတယ်။”

လက်တွေ့မှာတော့ အစားအသောက်နဲ့ ခိုလှုံစရာရဖို့က နေရာအတော်များများမှာ အသဲအသန် လိုအပ်နေပါတယ်။ အဲဒါတွေနဲ့ နှိုင်းယှဉ်လိုက်ရင် သူတို့ လှူဒါန်းထောက်ပံ့တာဟာ ရေပုံးထဲက ရေတစက် လောက်ပဲ ရှိနေပါတယ်။ ဒါပေမယ့် သူတို့ဟာ အုတ်တချပ် သဲတပွင့်၊ တနိုင်တပိုင် ဝင်ကူကြတာပါပဲ”ဟု အဲရစ်က ဆက်ပြောပြသည်။

ပိုပြီး စိုးရိမ်ကြောက်လန့်စရာ ကောင်းနိုင်သည်မှာ “ဒုတိယ လှိုင်းလုံး”ဖြစ်သည်ဟု အဲရစ်က ဆိုသည်။ နာဂစ်စ် ဆိုင်ကလုန်း မုန်တိုင်းအပြီး အသက်မသေ ရှင်ကျန်ရစ်သူတို့အတွက် အခြေအနေများ ပိုဆိုး လာနိုင်စရာ ရှိနေခြင်းကို ဆိုလိုသည်။

မုန်တိုင်းထိတဲ့ဒေသတွေကို ကားနဲ့ ဖြတ်သန်းသွားတဲ့အခါ အိမ်တွေ ပျက်စီးနေတာကို တွေ့ရတယ်။ အိမ်မရှိတော့ ယာယီတဲတွေကို ကမန်းကတန်းထိုးပြီး နေရတယ်။ တချို့နေရာမှာဆိုရင် ကြက်၊ ဝက်၊ ကျွဲ၊ နွားတွေကို ယာယီတဲတွေမှာပဲ ထိန်းသိမ်းထားတာ တွေ့ရတယ်။ အခုဆိုရင် ရေက မြင့်တက်လာနပြီလေ။ ဘာကြောင့်လဲဆိုတော့ မုတ်သုံရာသီက အဝင်စောသွားလို့ပဲ။ ဒါကြောင့် သွေးလွန်တုပ်ကွေးနဲ့ ဝမ်းလျှောရောဂါတွေ ဖြစ်တတ်ပါတယ်။ အမှန်တကယ်လည်း ဝမ်းရောဂါ ဖြစ်နိုင်စရာ ရှိနေ ပါတယ်။”

မြန်မာနိုင်ငံတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကျန်းမာရေး စောင့်ရှောက်ထိန်းသိမ်းမှုကို လုံလုံ လောက်လောက် စတင်ဖို့ အလေးပေး မထားသဖြင့် ကျန်းမာရေးကဏ္ဍ၌ (၆ဝ)% ပျက်စီးနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(World Health Organization)က ခန့်မှန်းထားသည်။ ဤအချက်ကို အဲရစ်က ထောက်ပြသည်။

နာဂစ်စ်မုန်တိုင်း တိုက်ခတ်လိုက်ချိန်တွင် မြန်မာလယ်သမားတို့မှာ နှစ်စဉ် စပါးစိုက်ပျိုးရေးရာသီ အတွက် ပြင်ဆင်နေချိန် ဖြစ်သည်။ ယခု စတင်ထွန်ယက်စိုက်ပျိုးရန် အချိန်ကျမှ နွားကမရှိ၊ မြေသြဇာ ဝယ်ရန် ငွေမရှိ ဖြစ်နေရသူ အတော်များများ ရှိနေတော့သည်။ နေဖို့အိမ်က ပိုအရေးကြီးသဖြင့် ရှိသမျှ ငွေစအနည်းငယ်ကိုပင် နေအိမ်ဆောက်လုပ်ရန်အတွက် မသုံးမဖြစ် သုံးလိုက်ရတော့သည်။ ယာယီ ဒုက္ခသည်စခန်းများသို့ သွားရောက် နေထိုင်ရသူတို့မှာ လယ်ယာစိုက်ပျိုးရေးကို လုံးဝ ပြန်မလုပ်နိုင်ပဲ ရှိနေသည်။ သို့ဆိုလျှင် လာမည့် နိုဝင်ဘာလ ကောက်သစ်စပါးပေါ်ချိန်၌ တနိုင်ငံလုံး စီးပွားရေးကို ထိခိုက်လာတော့မည့် ပြဿနာပင် ဖြစ်သည်။

စစ်ဖြစ်လျှင် အများအပြား သေကြေ ပျက်စီးဆုံးရှုံးရသည်။ သဘာဝ ဘေးအန္တရာယ် ကျရောက်သည့်အခါလည်း ထို့အတူပင် ဖြစ်သည်။ မြန်မာနိုင်ငံမှ မုန်တိုင်းဘေးဒုက္ခသည်လည်း ထိုအမှန်တရားကို ရှောင်ဖယ်ထား၍ မရနိုင်ပါ။ သို့သော် စစ်အစိုးရက ထိန်းချုပ်ထားသည့် နိုင်ငံပိုင် ရုပ်မြင်သံကြားမှ လေဘေး အပျက်အစီးများကို အနည်းဆုံး ဖြစ်နိုင်သမျှဖြစ်အောင် ထုတ်လွှင့်ပြသသည်။ စစ်တပ်အရာရှိကြီးတို့က ရန်ကုန်တဝိုက် လမ်းများပေါ်တွင် ဆန်လိုက်ဝေနေသည်ကို တခမ်းတနား ရိုက်ပြ ထုတ်လွှင့်သည်။ ထိုစစ်ဗိုလ်အရာရှိတို့ကသာ ထိပ်ဆုံးမှ လှူဒါန်းနေသယောင်ယောင် လူထုအား တင်ပြ လျက်ရှိနေသည်။ မပြီးဆုံးသေးသော မုန်တိုင်းကပ်ဘေးကြီးကို အစိုးရက မည်သို့မည်ပုံ ကိုင်တွယ် ဖြေရှင်းပေးနေသည်များအား စုံစမ်းရန် လိုအပ်နေပြီဟု သူယုံကြည်ကြောင်း အဲရစ်က ပြောပြသည်။

အခုအချိန်ဟာ နိုင်ငံရေး လုပ်ဖို့အချိန် မဟုတ်ပဲ လူ့အသက်များကို ကယ်ဆယ်ရမည့် အချိန်သာဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောထားခဲ့ပါတယ်”ဟု အဲရစ်က ပြန်ပြောပြသည်။

အမှန်တကယ်လည်း လူ့အသက်တွေကို အမြန်ဆုံး ကယ်ဆယ်ဖို့၊ အပြည့်အဝ ထောက်ပံ့ကူညီဖို့ လုပ်ရမယ့်အချိန်မှာ မြန်မာစစ်အစိုးရဟာ ဘယ်ဟာကိုမဆို သူတို့လိုချင်တဲ့ နိုင်ငံရေး ကစားကွက်တိုင်း လုပ်ချသွားပါတယ်။ ဒါဆိုရင် အချို့ကိစ္စတွေမှာ ကျနော်တို့ကလည်း နိုင်ငံရေးရှုထောင့်ကပဲ ပြန်ကြည့်ရပါမယ်။ လူသားချင်း စာနာ ထောက်ထားနိုင်ဖို့အရေးထက် နိုင်ငံ့အာဏာကို ဆက်လက်စွဲကိုင်နိုင်ဖို့ကိုသာ ဦးစားပေးတဲ့ မြန်မာအစိုးရကို (၂၁)ရာစုထဲ ဆွဲခေါ်လာရာမှာ ဘယ်လိုမျိုး နိုင်ငံတကာ ဖိအားတွေ ဒီ့ထက်မက ပိုပေးနိုင်မှ ဖြစ်တော့မယ်ဆိုတာ ကမ္ဘာက ကြိုးစား နားလည်ပေးရပါလိမ့်မယ်။”

စစ်အစိုးရ ကျင်းပသည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲသည် လွတ်လပ်မှုနှင့် သမာသမတ် မရှိကြောင်း အဲရစ်က သတိပြုမိသည်။ အခြေခံဥပဒေ မူကြမ်းကို လက်ရှိအုပ်စိုးသူတို့ကသာ ရေးဆွဲထားပြီး ယင်းကို ရန်ကုန်မြို့မှလွဲ၍ အခြားနေရာများ၌ မဲပေးသူအများစုတို့က ဖတ်ရှုသုံးသပ်၍ မရနိုင်ခဲ့ပါ။ နိုင်ငံရေး အတိုက်အခံနှင့် ပြည်သူတို့တွင်လည်း ဝေဖန်ပိုင်ခွင့်၊ ဆွေးနွေးပိုင်ခွင့်၊ အကြံပေးပိုင်ခွင့်များ အမှန်တကယ် မရှိခဲ့ပါ။ အစိုးရက လုံးဝထိန်းချုပ်ထားသည့် သတင်းစာနှင့် ရုပ်မြင်သံကြားမှနေ၍ စစ်အစိုးရ ရေးဆွဲသည့် မူကြမ်းအား ထောက်ခံရေးကိုသာ ထပ်ခါတလဲလဲ ဝါဒဖြန့်နှိုးဆော်သည်။ ထိုဆန္ဒခံယူပွဲတွင် မဲပေးနိုင်သူ ၉၉%က လာရောက်မဲပေးကြပြီး လူထုတရပ်လုံးက အကြီးအကျယ် ထောက်ခံကြောင်း အစိုးရက ကြေညာသည်။ မြန်မာစစ်အစိုးရ၏ ထိုလုပ်ရပ်မှာ မည်သည့်နိုင်ငံတွင် မရှိခဲ့ဖူးသော သမိုင်းသစ် ဖြစ်သည်ဟု အဲရစ်က လှောင်ပြောင်ရှုံ့ချလိုက်သည်။

မြန်မာနိုင်ငံကဲ့သို့ အာဏာရှင်စနစ်ကျင့်သုံးသည့် နိုင်ငံတနိုင်ငံ၌ အစိုးရလက်အောက်ခံ မဟုတ်သော အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများအနေဖြင့် ဖိနှိပ်မှုများကြားမှ ရုန်းကန်နေရသည်ကို အဲရစ်က စိတ်မကောင်းဖြစ်ရသည်။ သို့သော် အမှန်တရားသည်သာလျှင် အကြွင်းမဲ့ အာဏာပိုင်စနစ်ကို အင်အားကောင်းကောင်းဖြင့် တားဆီးပေးနိုင်မည်သာ ဖြစ်သည်ဟု သူက မရမက အားပေးလိုက်သည်။

လုပ်ရတာ ပိုခက်ရင် ခက်နေပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ဟာ ဒီလိုခက်ခဲတဲ့ အခြေအနေမှာပဲ အမှန်တရားကို ရှာဖွေတွေ့ရှိလာမှာ ဖြစ်ပါတယ်။ ခက်ခဲတယ်ဆိုပြီး လစ်လျူရှုနေရင် ပြဿနာက ဆက်ရှိနေလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ စစ်အစိုးရအဆက်ဆက်က မြန်မာနိုင်ငံမှာ အာဏာချုပ်ကိုင်ထားတာ ၁၉၆၂ ခုနှစ်ကတည်းကဖြစ်လို့ ဒီလိုဆက်တိုက်ဖြစ်နေတာ အတော့်ကို ကြာနေပါပြီ။ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ကျနော်တို့ သိဖို့ လိုအပ်နေပါပြီ”ဟု အဲရစ်က နောက်ဆုံး ပြောသွားသည်။

———————

မူရင်းဆောင်းပါး - After the storm in Burma

မူရင်းဆောင်းပါးရှင်- Barry Bergman

Date of publish - 12 June 2008

Source URL : http://www.berkeley.edu/news/media/releases/2008/06/12_stover.shtml

Copyright UC Regents

အထက်ပါ ဆောင်းပါးကို ဆီလျော်အောင် မြန်မာပြန်ဆိုထားပါသည်။

လွင်အောင်စိုး

၁၄--၂ဝဝ၈

အဲရစ် စတိုဗာက အခြားသူ()ဦးနှင့် ပူးတွဲရေးသားသည့် မြန်မာနိုင်ငံအကြောင်းမှတ်တမ်း

The Gathering Storm: Infectious Diseases and Human Rights in Burma

Download link : http://www.hrcberkeley.org/pdfs/BurmaReport2007.pdf

မြန်မာစစ်အစိုးရနဲ့ အမေရိကန် သမတ ဘွတ်ရှ် အစိုးရ

ဆုနမိထက် နာဂစ်က အဖျက်ကြမ်း

(မြန်မာဘာသာပြန် ဆောင်းပါး)

မြန်မာနိုင်ငံသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့သည့် နိုင်ငံခြားသား ကယ်ဆယ်ထောက်ပံ့သူတဦး၏ အမြင်

.

၂ဝဝ၈ ခုနှစ် မေလ ၂ရက်နဲ့ ၃ ရက်နေ့တွေမှာ တိုက်ခတ်သွားတဲ့ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဟာ ၂ဝဝ၄ခုနှစ်တုန်းက အိန္ဒိယ သမုဒ္ဒရာမှာ ဖြစ်ပွားခဲ့တဲ့ ဆုနမိ ရေလှိုင်းကြီးတွေထက် ပိုပြီး ဆိုးဆိုးဝါးဝါး ပျက်စီးစေခဲ့တယ်လို့ ပြောလိုက်တာကတော့ Mercy Malaysia ဆိုတဲ့ မလေးရှား ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးအသင်း (Malaysian Medical Relief Society) ဖြစ်ပါတယ်။

အသင်းဥက္ကဌဖြစ်သူ ဒါတွတ် ဒေါက်တာ ဂျယ်မီလာ မာမွတ် (Datuk Dr Jemilah Mahmood got ) ဟာ မြန်မာနိုင်ငံ မုန်တိုင်းဘေးဒုက္ခမှာ တတပ်တအားပါဝင် ကယ်ဆယ်ထောက်ပံ့ဖို့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို ၁၂ ရက်ကြာ သွားရောက်ခဲ့ပါတယ်။ သူမဟာ မုန်တိုင်းဒဏ် ခံရတဲ့နေရာတွေကို ကောင်းကင်ကနေ ပျံသန်းကြည့်ရှုခွင့် ရခဲ့ပါတယ်။

သူတွေ့ခဲ့ရတာတွေကို IRIN website မှာ ရေးသားဖော်ပြထားပါတယ်။ အဲဒီ website ကတော့ လူသားချင်း စာနာထောက်ထားတဲ့ သတင်းနဲ့သုံးသပ်ချက်တွေကို အထူးအာရုံစိုက်တတ်ပါတယ်။ သူမ ရေးသားထားတာတွေကို အောက်မှာ ပြန်လည်ဖော်ပြလိုက်ပါတယ်။

................................

ပျက်စီးနေတဲ့နေရာတွေကို ကောင်းကင်ကနေကြည့်လိုက်ရတဲ့အခါ ဒီလောက်ကျယ်ပြန့်တဲ့နေရာမှာ သေတဲ့လူတွေက အများကြီး၊ အိုးအိမ်တွေ စွန့်ခွာထွက်ပြေးရသူတွေလည်း အများကြီးပဲ ဆိုတော့၊ ဒါဟာ ၂ဝဝ၄ ခုနှစ်တုန်းက အာရှတိုက်ရဲ့ ဆုနမိကြောင့် ပျက်စီးရတာထက် ပိုဆိုးတာပဲလို့ မစဉ်းစားပဲ မနေနိုင်ခဲ့ပါဘူး။

ရေဖုံးလွှမ်းသွားတဲ့နေရာတွေဟာ ဆုနမိတုန်းကထက် ပိုပြီးကျယ်ပြန့်တယ်ဆိုတာ အသေအချာပါပဲ။ ဆုနမိတုန်းက () ကီလိုမီတာ ဒါမှမဟုတ် () ကီလိုမီတာလောက်ပဲ ရေလွှမ်းမိုးခံရတာ ရှိတယ်။ အခု မြန်မာနိုင်ငံမှာက (၃၅)ကီလို မီတာလောက်အထိကို နေရာအကျယ်ကြီး ရေလွှမ်းမိုးခံလိုက်ရတာ ဖြစ်တယ်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ မေလ ()ရက်နဲ့ ()ရက်နေ့တွေမှာ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခံရလို့ ပျက်စီး သွားခဲ့ရပါတယ်။ လူပေါင်း ၁၃၄ဝဝဝ သေကြေပျောက်ဆုံးခဲ့ရပါတယ်။

(မှတ်ချက်- နအဖ စစ်အစိုးရက လူပေါင်း ၇၇၇၃၈ ဦး သေဆုံး၊ ၅၅၉၁၇ ဦး ပျောက်ဆုံး၊ ၁၉၃၅၉ ဦး ထိခိုက်ဒဏ်ရာရဟု တရားဝင်ထုတ်ပြန် ကြေညာထားသည်။)

လပ္ပတ္တာနဲ့ မော်လမြိုင်ကျွန်း မြို့နယ်တွေက ဆိုးဆိုးဝါးဝါး ပျက်စီး သေကြေသွားခဲ့ရပါတယ်။ ပျက်စီးသွားတဲ့ လူနေ အိမ်ခြေ အများအပြား တွေ့ရပါတယ်။ အိမ်ခြေမဲ့ဖြစ်သွားလို့ ယာယီတဲတွေမှာ သွားနေကြရတဲ့ လူတွေလည်း အများကြီး ပါပဲ။ အဆိုးဆုံး ထိခိုက်ခံရတာကတော့ တောင်ဖက်စွန်း ပိုကျတဲ့ နေရာဒေသတွေ ဖြစ်ပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသရဲ့ ကျေးရွာတွေ၊ ပြီးတော့ အဲဒီထက် ပိုခေါင်တဲ့ အရပ်တွေ အတ်ာများများဆီကို သွားမကြည့်နိုင် ကြသေးပါဘူး။ အဲဒီနေရာမျိုးတွေထိအောင် အမှန်တကယ် သွားရောက်ကယ်ဆယ် ထောက်ပံ့နိုင်ပါ့မလားလို့ ကျမတို့ကို စိန်ခေါ်နေပါပြီ။ ကုလသမဂ္ဂ ကယ်ဆယ်ထောက်ပံ့ရေး အဖွဲ့တွေဟာ အဲဒီလို နေရာမျိုးထိတောင်သွားပြီး အကြီးအကျယ် ကူညီဖို့ လိုအပ်နေပါတယ်။

မုန်တိုင်းဒုက္ခသည် အနည်းအကျဉ်းလောက်ဆီကိုပဲ နိုင်ငံတကာ အကူအညီတွေရောက်ရှိနေပါတယ်။ ဒါဟာ မသင့်တော်လှပါဘူး။

အမိုးအကာအောက် နေထိုင်ဖို့က အရေးကြီးတဲ့ လိုအပ်ချက်ပါ။ အခုဆိုရင် မိုးတွေ ရွာနေပါပြီ။ မကြာခင်မှာ မုတ်သုန် ရာသီ စတင်ပါတော့မယ်။ ဒုက္ခသည်တွေဟာ ယာယီတဲတွေမှာ နေနေကြရတယ်။ တချို့ကတော့ အလွယ်တကူ ပြောင်းရွှေ့ သယ်ဆောင်လို့ရတဲ့ ယာယီအိမ်လေးတွေမှာ နေနေကြရတယ်။ ကျောင်းတွေမှာ ခိုလှုံနေကြရတယ်။ ကျောင်းတွေဆိုရင်လည်း ဇွန်လမှာ ပြန်ဖွင့်တော့မှာ ဆိုတော့၊ သူတို့အတွက် အခြားနေစရာရဖို့က အတော့်ကို ခက်ခဲ နေတာပဲ။

မုန်တိုင်းဒုက္ခသည်တွေအတွက် နေစရာပြဿနာအပြင် သန့်ရှင်းတဲ့ သောက်ရေ၊ သုံးရေ ရဖို့၊ အစားအသောက် ရဖို့နဲ့ ကျန်းမာရေး ဂရုစိုက်နိုင်ဖို့က လောလောဆယ် သိပ်အရေးကြီးနေပါတယ်။ အခြားတဖက်မှာလည်း သူတို့ဟာ လယ်ယာ လုပ်ငန်းခွင် ပြန်ဝင်နိုင်ပါ့မလားလို့ ပူပင်နေကြရပြန်ပါတယ်။ မုတ်သုံရာသီ ဝင်လာရင် ပြန်စိုက်ပျိုးဖို့ ခက်တယ်လို့ လယ်သမားတွေက ပြောပြပါတယ်။

ဒါဟာ ဘာကို ဆိုလိုသလဲဆိုတော့ လယ်သမားတွေဟာ နောက်လာမယ့် စိုက်ပျိုးရာသီအတွက် မျိုးစပါးတောင် မရနိုင်ဘူး ဆိုတာပါပဲ။ အချိန်မီ ပြန်မစိုက်ပျိုးနိုင်ဘူးဆိုရင် ကောက်ရိတ်သိမ်းစရာလည်း မရှိတော့မှာကို သူတို့က တကယ့်ကို စိုးရိမ်ပူပင်နေကြပါတယ်။

ဆိုင်ကလုန်းဒဏ်ခံရတဲ့ အရပ်ဒေသတွေကို အကူအညီ ထိထိရောက်ရောက် မပေးနိုင်သေးပါဘူး။ ဒါပေမယ့် အခြေအနေတွေ တိုးတက်လာနေပါတယ်။ အစိုးရလက်အောက်ခံ မဟုတ်တဲ့ NGO က ကယ်ဆယ်ရေးအဖွဲ့တွေဟာ ကုလသမဂ္ဂ ဝန်ထမ်းတွေလိုပဲ ရန်ကုန်ရောက်အောင် သွားနိုင်တဲ့ ဗီဇာတွေ ရနေပါပြီ။

ယေဘူယျ သဘောမှာတော့ ဒေသခံတွေနဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းဖြေရှင်း လုပ်ဆောင်နိုင်ဖို့က အရေးကြီးပါတယ်။ ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းတွေဟာ ဒေသခံ လုပ်အားပေးသူတွေကတဆင့် ဒုက္ခသည်တွေဆီကို ရောက်နေပါ တယ်။

ထပ်ပြီးတော့ ပြောရရင် အစိုးရကိုယ်တိုင်က ပါဝင် ကူညီ ထောက်ပံ့ပေးရမှာလည်း ဖြစ်ပါတယ်။ အစိုးရ ပါဝင်တာကို ကျမတို့ ငြင်းပယ်လို့ မရနိုင်ပါဘူး။ ဒါပေမယ့် အစိုးရဟာ သတင်းအချက်အလက်တွေ ဒီ့ထက်မက ပိုမို ဖြန့်ဖြူးပေးဖို့ လိုနေပါတယ်။ ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာ ရှိနေဖိုလည်း လိုပါတယ်။

အခုလက်ရှိ ဖြန့်ဖြူးပေးနေတဲ့ ကယ်ဆယ်ထောက်ပံ့ရေး လမ်းကြောင်းတွေအပြင် အခြားဘယ်နေရာမျိုးတွေက ရနိုင်သေးသလဲ ဆိုတာ ရှာဖွေနေဖို့နဲ့ လမ်းကြောင်းသစ်တွေ ရလာရင် အသုံးချနိုင်ဖို့ ကလည်း အရေးကြီးပါတယ်။

ဒုက္ခသည်တွေဆီကို ရောက်ရှိ ပို့ပေးနိုင်မယ့် ထောက်ပံ့ရေးလမ်းကြောင်းတခုကို ရှင်းရှင်းလင်းလင်း ဖြစ်နေအောင် လုပ်ထားရပါမယ်။ ဒီကိစ္စက သိပ်ကို လိုအပ်နေပါတယ်။ လုပ်တော့ လုပ်နေကြတာပါပဲ။ ဒါပေမယ့် ကျမတို့ဟာ ဒီထက် ပိုပြီး ပုံမှန်ဖြစ်အောင် လုပ်နိုင်ဖို့ လိုနေပါတယ်။ ဒါကြောင့် နိုင်ငံတကာ အကူအညီတွေ သယ်ဆောင်လာမယ့် လေယာဉ်တွေ ပိုဝင်လာဖို့၊ သင်္ဘောတွေ ပိုမို ရောက်လာဖို့ လိုအပ်နေပါတယ်။

အခုလို အာရုံစိုက်ခံရလောက်အောင် ဆိုးဝါးတဲ့ နာဂစ်စ် ဆိုင်ကလုန်း မုန်တိုင်း ဘေးဒုက္ခမှာ စိတ်ပျက်စရာကိစ္စတွေ အတော်များများ ကြုံတွေ့ရပါတယ်။ အဲဒီထဲကတခုကတော့ လူသားချင်း စာနာထောက်ထားနိုင်ဖို့အရေးမှာ ဝိုးတဝါးနိုင်လှတာ ဖြစ်ပါတယ်။ အစိုးရသာမက၊ အကူအညီပေးရေးအဖွဲ့တွေကပါ မုန်တိုင်းဘေးဒုက္ခ ကယ်ဆယ်ထောက်ပံ့ရေးကို လူသားချင်း စာနာထောက်ထားတဲ့ ရှုထောင့်ကပဲ ရှင်းရှင်းလင်းလင်း ရှုမြင်သင့်ပါတယ်။ ဒီလိုမှ မလုပ်နိုင်ရင် သတင်းမှန် ထုတ်ပြန်ရေးတွေမှာ ကွာဟချက်တွေ ကြီးမားသွားမှာပါပဲ။ ဒါတွေကို ကျမတို့ ဝင်မလုပ်ပေးနိုင်ပါဘူး။

အခုလုပ်နေတာတွေအပေါ် မီဒီယာ ထုတ်ပြန်ချက်တွေက တဖက်သပ်ဖြစ်နေတယ်လို့ ကျမ ခံစားရပါတယ်။ တချိန်တည်းမှာပဲ အစိုးရဘက်ခြမ်းကလည်း သူတို့ဘာတွေ လုပ်နေသလဲဆိုတာ ပြောပြဖို့ ပိုပြီး ပွင့်လင်းပေးစေချင်ပါတယ်။

ဒီလိုသာ လုပ်ပေးနိုင်ကြမယ်ဆိုရင် သတင်းမှန် ကွာဟချက်တွေ ရှင်းလင်းသွားပါမယ်။

အခုဆိုရင် အစိုးရက ဘာမှ မလုပ်ပေးဘူး ဆိုတာတွေကို လက်ညှိုးထိုး အပြစ်တင်နေကြပါတယ်။ အစိုးရကလည်း သူတို့ ဘာတွေလုပ်လိုက်ပြီ ဆိုတာနဲ့ သူတို့ နောက်ထပ် ဘာတွေလိုအပ်နေတယ် ဆိုတာကိုပဲ သူတို့ကိုယ်ပိုင် မီဒီယာ မှာ အသားပေး ဖော်ပြနေပါတယ်။ သတင်းမှန် ကွာဟချက်သာ ရှင်းလင်းသွားမယ်ဆိုရင် အဲဒီကိစ္စတွေလည်း လျော့နည်းသွားပါလိမ့်မယ်။

မြန်မာနိုင်ငံက လေမုန်တိုင်း ဘေးဒုက္ခကို ကယ်ဆယ်ထောက်ပံ့ရာမှာ ဘယ်အကူအညီမဆို ကောင်းတာချည်းပါပဲ။ မြန်မြန်ရလေ ပိုကောင်းလေပဲပေါ့။”

.................................................................

မူရင်းဆောင်းပါး - Cyclone Caused More Damage Than Tsunami In Myanmar, Says Mercy Malaysia

(Source - http://www.bernama.com.my/bernama/v3/news.php?id=336404)

မြန်မာဘာသာပြန် - လွင်အောင်စိုး
၂ဝဝ၈ ဇွန် ၃

Blog Archive

About Me

အာဏာရှင်စနစ်ကို တော်လှန်တဲ့ နိုင်ငံရေးစာတွေ ရေးပါတယ်။ အာဏာရှင်စနစ်ကို ချုပ်ငြိမ်းအောင် လုပ်နိုင်မှ ဒီမိုကရေစီ အစစ်အမှန် ပေါ်ထွန်းလာမှာ ဖြစ်တယ်လို့ ယုံကြည်ထားသူပါ။ အာဏာရှင် စနစ်အောက်မှာ လူဖြစ်ရှုံးနေရတဲ့ မြန်မာပြည်သူ လူထုတရပ်လုံး နိုင်ငံရေး အသိတရားတွေ တိုးပွားလာအောင်၊ နိုင်ငံရေး စိတ်ဓါတ်တွေ နိုးကြားလာအောင် ပါဝင် ကူညီပေးပါတယ်။ ဒီဆောင်းပါးတွေကို “Save Burma” နဲ့ “Burma Digest” ဘလော့ဂ်တွေမှာလည်း ဖော်ပြထားပြီး ဖြစ်ပါတယ်။