(မြန်မာဘာသာပြန် ဆောင်းပါး)
မြန်မာနိုင်ငံသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့သည့် နိုင်ငံခြားသား ကယ်ဆယ်ထောက်ပံ့သူတဦး၏ အမြင်
.
၂ဝဝ၈ ခုနှစ် မေလ ၂ရက်နဲ့ ၃ ရက်နေ့တွေမှာ တိုက်ခတ်သွားတဲ့ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဟာ ၂ဝဝ၄ခုနှစ်တုန်းက အိန္ဒိယ သမုဒ္ဒရာမှာ ဖြစ်ပွားခဲ့တဲ့ ဆုနမိ ရေလှိုင်းကြီးတွေထက် ပိုပြီး ဆိုးဆိုးဝါးဝါး ပျက်စီးစေခဲ့တယ်လို့ ပြောလိုက်တာကတော့ Mercy Malaysia ဆိုတဲ့ မလေးရှား ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးအသင်း (Malaysian Medical Relief Society) ဖြစ်ပါတယ်။
အသင်းဥက္ကဌဖြစ်သူ ဒါတွတ် ဒေါက်တာ ဂျယ်မီလာ မာမွတ် (Datuk Dr Jemilah Mahmood got ) ဟာ မြန်မာနိုင်ငံ မုန်တိုင်းဘေးဒုက္ခမှာ တတပ်တအားပါဝင် ကယ်ဆယ်ထောက်ပံ့ဖို့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို ၁၂ ရက်ကြာ သွားရောက်ခဲ့ပါတယ်။ သူမဟာ မုန်တိုင်းဒဏ် ခံရတဲ့နေရာတွေကို ကောင်းကင်ကနေ ပျံသန်းကြည့်ရှုခွင့် ရခဲ့ပါတယ်။
သူတွေ့ခဲ့ရတာတွေကို IRIN website မှာ ရေးသားဖော်ပြထားပါတယ်။ အဲဒီ website ကတော့ လူသားချင်း စာနာထောက်ထားတဲ့ သတင်းနဲ့သုံးသပ်ချက်တွေကို အထူးအာရုံစိုက်တတ်ပါတယ်။ သူမ ရေးသားထားတာတွေကို အောက်မှာ ပြန်လည်ဖော်ပြလိုက်ပါတယ်။
................................
“ပျက်စီးနေတဲ့နေရာတွေကို ကောင်းကင်ကနေကြည့်လိုက်ရတဲ့အခါ ဒီလောက်ကျယ်ပြန့်တဲ့နေရာမှာ သေတဲ့လူတွေက အများကြီး၊ အိုးအိမ်တွေ စွန့်ခွာထွက်ပြေးရသူတွေလည်း အများကြီးပဲ ဆိုတော့၊ ဒါဟာ ၂ဝဝ၄ ခုနှစ်တုန်းက အာရှတိုက်ရဲ့ ဆုနမိကြောင့် ပျက်စီးရတာထက် ပိုဆိုးတာပဲလို့ မစဉ်းစားပဲ မနေနိုင်ခဲ့ပါဘူး။
“ရေဖုံးလွှမ်းသွားတဲ့နေရာတွေဟာ ဆုနမိတုန်းကထက် ပိုပြီးကျယ်ပြန့်တယ်ဆိုတာ အသေအချာပါပဲ။ ဆုနမိတုန်းက (၅) ကီလိုမီတာ ဒါမှမဟုတ် (၆) ကီလိုမီတာလောက်ပဲ ရေလွှမ်းမိုးခံရတာ ရှိတယ်။ အခု မြန်မာနိုင်ငံမှာက (၃၅)ကီလို မီတာလောက်အထိကို နေရာအကျယ်ကြီး ရေလွှမ်းမိုးခံလိုက်ရတာ ဖြစ်တယ်။
“ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ မေလ (၂)ရက်နဲ့ (၃)ရက်နေ့တွေမှာ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခံရလို့ ပျက်စီး သွားခဲ့ရပါတယ်။ လူပေါင်း ၁၃၄ဝဝဝ သေကြေပျောက်ဆုံးခဲ့ရပါတယ်။
(မှတ်ချက်- နအဖ စစ်အစိုးရက လူပေါင်း ၇၇၇၃၈ ဦး သေဆုံး၊ ၅၅၉၁၇ ဦး ပျောက်ဆုံး၊ ၁၉၃၅၉ ဦး ထိခိုက်ဒဏ်ရာရဟု တရားဝင်ထုတ်ပြန် ကြေညာထားသည်။)
“လပ္ပတ္တာနဲ့ မော်လမြိုင်ကျွန်း မြို့နယ်တွေက ဆိုးဆိုးဝါးဝါး ပျက်စီး သေကြေသွားခဲ့ရပါတယ်။ ပျက်စီးသွားတဲ့ လူနေ အိမ်ခြေ အများအပြား တွေ့ရပါတယ်။ အိမ်ခြေမဲ့ဖြစ်သွားလို့ ယာယီတဲတွေမှာ သွားနေကြရတဲ့ လူတွေလည်း အများကြီး ပါပဲ။ အဆိုးဆုံး ထိခိုက်ခံရတာကတော့ တောင်ဖက်စွန်း ပိုကျတဲ့ နေရာဒေသတွေ ဖြစ်ပါတယ်။
“မြစ်ဝကျွန်းပေါ်ဒေသရဲ့ ကျေးရွာတွေ၊ ပြီးတော့ အဲဒီထက် ပိုခေါင်တဲ့ အရပ်တွေ အတ်ာများများဆီကို သွားမကြည့်နိုင် ကြသေးပါဘူး။ အဲဒီနေရာမျိုးတွေထိအောင် အမှန်တကယ် သွားရောက်ကယ်ဆယ် ထောက်ပံ့နိုင်ပါ့မလားလို့ ကျမတို့ကို စိန်ခေါ်နေပါပြီ။ ကုလသမဂ္ဂ ကယ်ဆယ်ထောက်ပံ့ရေး အဖွဲ့တွေဟာ အဲဒီလို နေရာမျိုးထိတောင်သွားပြီး အကြီးအကျယ် ကူညီဖို့ လိုအပ်နေပါတယ်။
“မုန်တိုင်းဒုက္ခသည် အနည်းအကျဉ်းလောက်ဆီကိုပဲ နိုင်ငံတကာ အကူအညီတွေရောက်ရှိနေပါတယ်။ ဒါဟာ မသင့်တော်လှပါဘူး။
“အမိုးအကာအောက် နေထိုင်ဖို့က အရေးကြီးတဲ့ လိုအပ်ချက်ပါ။ အခုဆိုရင် မိုးတွေ ရွာနေပါပြီ။ မကြာခင်မှာ မုတ်သုန် ရာသီ စတင်ပါတော့မယ်။ ဒုက္ခသည်တွေဟာ ယာယီတဲတွေမှာ နေနေကြရတယ်။ တချို့ကတော့ အလွယ်တကူ ပြောင်းရွှေ့ သယ်ဆောင်လို့ရတဲ့ ယာယီအိမ်လေးတွေမှာ နေနေကြရတယ်။ ကျောင်းတွေမှာ ခိုလှုံနေကြရတယ်။ ကျောင်းတွေဆိုရင်လည်း ဇွန်လမှာ ပြန်ဖွင့်တော့မှာ ဆိုတော့၊ သူတို့အတွက် အခြားနေစရာရဖို့က အတော့်ကို ခက်ခဲ နေတာပဲ။
“မုန်တိုင်းဒုက္ခသည်တွေအတွက် နေစရာပြဿနာအပြင် သန့်ရှင်းတဲ့ သောက်ရေ၊ သုံးရေ ရဖို့၊ အစားအသောက် ရဖို့နဲ့ ကျန်းမာရေး ဂရုစိုက်နိုင်ဖို့က လောလောဆယ် သိပ်အရေးကြီးနေပါတယ်။ အခြားတဖက်မှာလည်း သူတို့ဟာ လယ်ယာ လုပ်ငန်းခွင် ပြန်ဝင်နိုင်ပါ့မလားလို့ ပူပင်နေကြရပြန်ပါတယ်။ မုတ်သုံရာသီ ဝင်လာရင် ပြန်စိုက်ပျိုးဖို့ ခက်တယ်လို့ လယ်သမားတွေက ပြောပြပါတယ်။
“ဒါဟာ ဘာကို ဆိုလိုသလဲဆိုတော့ လယ်သမားတွေဟာ နောက်လာမယ့် စိုက်ပျိုးရာသီအတွက် မျိုးစပါးတောင် မရနိုင်ဘူး ဆိုတာပါပဲ။ အချိန်မီ ပြန်မစိုက်ပျိုးနိုင်ဘူးဆိုရင် ကောက်ရိတ်သိမ်းစရာလည်း မရှိတော့မှာကို သူတို့က တကယ့်ကို စိုးရိမ်ပူပင်နေကြပါတယ်။
“ဆိုင်ကလုန်းဒဏ်ခံရတဲ့ အရပ်ဒေသတွေကို အကူအညီ ထိထိရောက်ရောက် မပေးနိုင်သေးပါဘူး။ ဒါပေမယ့် အခြေအနေတွေ တိုးတက်လာနေပါတယ်။ အစိုးရလက်အောက်ခံ မဟုတ်တဲ့ NGO က ကယ်ဆယ်ရေးအဖွဲ့တွေဟာ ကုလသမဂ္ဂ ဝန်ထမ်းတွေလိုပဲ ရန်ကုန်ရောက်အောင် သွားနိုင်တဲ့ ဗီဇာတွေ ရနေပါပြီ။
“ယေဘူယျ သဘောမှာတော့ ဒေသခံတွေနဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းဖြေရှင်း လုပ်ဆောင်နိုင်ဖို့က အရေးကြီးပါတယ်။ ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းတွေဟာ ဒေသခံ လုပ်အားပေးသူတွေကတဆင့် ဒုက္ခသည်တွေဆီကို ရောက်နေပါ တယ်။
“ထပ်ပြီးတော့ ပြောရရင် အစိုးရကိုယ်တိုင်က ပါဝင် ကူညီ ထောက်ပံ့ပေးရမှာလည်း ဖြစ်ပါတယ်။ အစိုးရ ပါဝင်တာကို ကျမတို့ ငြင်းပယ်လို့ မရနိုင်ပါဘူး။ ဒါပေမယ့် အစိုးရဟာ သတင်းအချက်အလက်တွေ ဒီ့ထက်မက ပိုမို ဖြန့်ဖြူးပေးဖို့ လိုနေပါတယ်။ ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာ ရှိနေဖိုလည်း လိုပါတယ်။
“အခုလက်ရှိ ဖြန့်ဖြူးပေးနေတဲ့ ကယ်ဆယ်ထောက်ပံ့ရေး လမ်းကြောင်းတွေအပြင် အခြားဘယ်နေရာမျိုးတွေက ရနိုင်သေးသလဲ ဆိုတာ ရှာဖွေနေဖို့နဲ့ လမ်းကြောင်းသစ်တွေ ရလာရင် အသုံးချနိုင်ဖို့ ကလည်း အရေးကြီးပါတယ်။
“ဒုက္ခသည်တွေဆီကို ရောက်ရှိ ပို့ပေးနိုင်မယ့် ထောက်ပံ့ရေးလမ်းကြောင်းတခုကို ရှင်းရှင်းလင်းလင်း ဖြစ်နေအောင် လုပ်ထားရပါမယ်။ ဒီကိစ္စက သိပ်ကို လိုအပ်နေပါတယ်။ လုပ်တော့ လုပ်နေကြတာပါပဲ။ ဒါပေမယ့် ကျမတို့ဟာ ဒီထက် ပိုပြီး ပုံမှန်ဖြစ်အောင် လုပ်နိုင်ဖို့ လိုနေပါတယ်။ ဒါကြောင့် နိုင်ငံတကာ အကူအညီတွေ သယ်ဆောင်လာမယ့် လေယာဉ်တွေ ပိုဝင်လာဖို့၊ သင်္ဘောတွေ ပိုမို ရောက်လာဖို့ လိုအပ်နေပါတယ်။
“အခုလို အာရုံစိုက်ခံရလောက်အောင် ဆိုးဝါးတဲ့ နာဂစ်စ် ဆိုင်ကလုန်း မုန်တိုင်း ဘေးဒုက္ခမှာ စိတ်ပျက်စရာကိစ္စတွေ အတော်များများ ကြုံတွေ့ရပါတယ်။ အဲဒီထဲကတခုကတော့ လူသားချင်း စာနာထောက်ထားနိုင်ဖို့အရေးမှာ ဝိုးတဝါးနိုင်လှတာ ဖြစ်ပါတယ်။ အစိုးရသာမက၊ အကူအညီပေးရေးအဖွဲ့တွေကပါ မုန်တိုင်းဘေးဒုက္ခ ကယ်ဆယ်ထောက်ပံ့ရေးကို လူသားချင်း စာနာထောက်ထားတဲ့ ရှုထောင့်ကပဲ ရှင်းရှင်းလင်းလင်း ရှုမြင်သင့်ပါတယ်။ ဒီလိုမှ မလုပ်နိုင်ရင် သတင်းမှန် ထုတ်ပြန်ရေးတွေမှာ ကွာဟချက်တွေ ကြီးမားသွားမှာပါပဲ။ ဒါတွေကို ကျမတို့ ဝင်မလုပ်ပေးနိုင်ပါဘူး။
“အခုလုပ်နေတာတွေအပေါ် မီဒီယာ ထုတ်ပြန်ချက်တွေက တဖက်သပ်ဖြစ်နေတယ်လို့ ကျမ ခံစားရပါတယ်။ တချိန်တည်းမှာပဲ အစိုးရဘက်ခြမ်းကလည်း သူတို့ဘာတွေ လုပ်နေသလဲဆိုတာ ပြောပြဖို့ ပိုပြီး ပွင့်လင်းပေးစေချင်ပါတယ်။
“ဒီလိုသာ လုပ်ပေးနိုင်ကြမယ်ဆိုရင် သတင်းမှန် ကွာဟချက်တွေ ရှင်းလင်းသွားပါမယ်။
“အခုဆိုရင် အစိုးရက ဘာမှ မလုပ်ပေးဘူး ဆိုတာတွေကို လက်ညှိုးထိုး အပြစ်တင်နေကြပါတယ်။ အစိုးရကလည်း သူတို့ ဘာတွေလုပ်လိုက်ပြီ ဆိုတာနဲ့ သူတို့ နောက်ထပ် ဘာတွေလိုအပ်နေတယ် ဆိုတာကိုပဲ သူတို့ကိုယ်ပိုင် မီဒီယာ မှာ အသားပေး ဖော်ပြနေပါတယ်။ သတင်းမှန် ကွာဟချက်သာ ရှင်းလင်းသွားမယ်ဆိုရင် အဲဒီကိစ္စတွေလည်း လျော့နည်းသွားပါလိမ့်မယ်။
“မြန်မာနိုင်ငံက လေမုန်တိုင်း ဘေးဒုက္ခကို ကယ်ဆယ်ထောက်ပံ့ရာမှာ ဘယ်အကူအညီမဆို ကောင်းတာချည်းပါပဲ။ မြန်မြန်ရလေ ပိုကောင်းလေပဲပေါ့။”
.................................................................
မူရင်းဆောင်းပါး - Cyclone Caused More Damage Than Tsunami In Myanmar, Says Mercy Malaysia
(Source - http://www.bernama.com.my/bernama/v3/news.php?id=336404)
မြန်မာဘာသာပြန် - လွင်အောင်စိုး၂ဝဝ၈ ဇွန် ၃
0 comments:
Post a Comment