“ကျမတို့ ရွာတွေဆီရောက်တော့ ဆိုင်ကလုန်းမုန်တိုင်းသတင်းတွေ အတော်များများကို ကြားရပါတယ်။ မုန်တိုင်းလာတဲ့အချိန်မှာ ကောင်းကင်တခုလုံး သိသိသာသာ နီရဲလာပြီး ဆူဆူညံညံ အသံနဲ့အတူ လေပြင်းတွေ တိုက်လာတဲ့အပြင် မိုးကပါ လိုက်ရွာနေသေးတယ်လို့ ရွာသားတွေက ပြောပြကြပါတယ်။ တချိန်တည်းမှာပဲ ဒီရေကလည်း (၁၂)ပေလောက်ထိ မြင့်တက်လာလို့ မြစ်ကမ်းနားမှာရှိတဲ့ ရွာတွေ ဆိုရင် ရွာလုံးကျွတ် စုံးစုံးမြှုပ်ကုန်တဲ့ အကြောင်းတွေ ကြားရပါတယ်။”
အသက် (၂၆)နှစ်အရွယ် Kim (အမည်ရင်း မဟုတ်)မှာ MSF (MEDECINS SANS FRONTIERES) မှ သူနာပြု ဗော်လံတီယာတဦး ဖြစ်သည်။ မြန်မာနိုင်ငံ ကျေးလက်ဒေသ စီမံကိန်းတခုတွင် ပါဝင် လုပ်အားပေးနေသူဖြစ်သည်။ MSF မှာ အစိုးရ လက်အောက်ခံ မဟုတ်သော အဖွဲ့အစည်း (အန်ဂျီအို - NGO) ဖြစ်သည်။ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို လုပ်ဆောင်ပေးသည်။ MSF တွင် Kim လုပ်အားပေးနေသည်မှာ (၂)နှစ်ခန့်ပင် ရှိနေပြီဖြစ်သည်။ များသောအားဖြင့် အခြေခံကျန်းမာရေး စောင့်ရှောက်မှုများကို လုပ်ပေးသည်။ ဆိုင်ကလုန်း နာဂစ်စ် တိုက်ခတ်အပြီး MSF ၏ အရေးပေါ် အစီအစဉ်ဖြင့် Kim သည် မြစ်ဝကျွန်းပေါ်ဒေသတွင် သုံးပါတ်ကြာအောင် လုပ်အားပေးနေခဲ့သည်။ ယခုအခါ ရန်ကုန်သို့ ပြန်လည်ရောက်ရှိပြီး ရက်အနည်းငယ်မျှ အနားယူလျက်ရှိသည်။ နားပြီးသည်နှင့် ဖျာပုံသို့ ပြန်သွားဦးမည်ဖြစ်သည်။ Kim က ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ဖြစ်ရပ်မှန်များကို ပြောပြသည်။
“ဆိုင်ကလုန်း တိုက်သွားမှန်းကို တပါတ်ကြာတဲ့အထိ ကျမ မသိခဲ့ပါဘူး။ ဆိုင်ကလုန်းတိုက်တဲ့အချိန်မှာ ကျမက တော်တော်လေးခေါင်တဲ့ ကျေးလက်ဇနပုဒ်တခုမှာ အလုပ်လုပ်နေတယ်လေ။ ဆက်သွယ်ရေး အတော်ခက်တဲ့နေရာမှာပေါ့။ မြို့တော်နဲ့လည်း အလှမ်းကွာလွန်းတယ်။ ရုပ်မြင်သံကြား မရှိဘူး။ တယ်လီဖုန်းလိုင်းကလည်း ပြတ်နေတယ်။ ဒါကြောင့် မုန်တိုင်းသတင်းကို ရေဒီယိုကနေ ပထမဦးဆုံး စကြားရတာပဲ။
“ပထမဦးဆုံး စကြားတဲ့သတင်းက ဘိုကလေးနဲ့ စက်ဆန်းဒေသတွေမှာ မုန်တိုင်းကြောင့် တော်တော် ပျက်စီးသွားပြီး လူတွေ အများကြီး သေတယ်ဆိုတဲ့ သတင်းပါပဲ။ သိပ်မကြာပါဘူး။ ကျမတို့ကို မြို့တော် ပြန်လာကြဖို့ ခေါ်ပါတော့တယ်။ မြစ်ဝကျွန်းပေါ်ဘက်ကိုသွားဖို့ သူနာပြု လေးယောက် လိုတယ်တဲ့။ ဒါနဲ့ ကျမလည်း အဲဒီမှာ လုပ်အားပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ကျမက မုန်တိုင်းကြောင့် ဒုက္ခရောက်နေ သူတွေကို ကူညီချင်နေတယ်လေ။
“ကျမတို့ဟာ ရန်ကုန်ကို အရင်ပြန်ဆင်းလာခဲ့ပါတယ်။ နှစ်ရက်နေပြီးမှ ဖျာပုံဘက်ကို ထွက်လာခဲ့ကြပါ တယ်။ ဖျာပုံရောက်တော့ မြို့ရဲ့ အဓိကလမ်းမကြီး ဘေးတဘက်တချက်စီမှာ လူတွေအများကြီးဟာ ယာယီအမိုးအကာလေးတွေအောက်မှာ နေနေကြတာကို သတိထားမိလိုက်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မုန်တိုင်းကြောင့် ရွာတွေမှာရှိတဲ့ သူတို့အိမ်တွေ ပျက်စီးသွားခဲ့ရတာဖြစ်လို့ အခုလို မြို့တက်ပြီး လမ်းဘေးမှာ ခိုလှုံနေရတာပါပဲ။
“သူတို့နေနေတဲ့ ယာယီအမိုးအကာဆိုတာ သိပ်ကိုသေးငယ်လွန်းလှပါတယ်။ မိသားစု နေလို့ မရနိုင် တာမျိုးပါ။ အုန်းပင် ထန်းပင်တွေက ရတဲ့ အခက်အလက်တွေနဲ့ ဖြစ်သလို ဆောက်ထားပါပဲ။ မိုးရွာတုန်း မိုးခိုရုံ သက်သက်လို ဖြစ်နေပါတယ်။ မုန်တိုင်းတိုက်အပြီးမှာ ဆောက်လုပ်ရေးပစ္စည်းတွေ ဈေးတက် ကုန်တာနဲ့ သူတို့ခမျာ ဝယ်ဖို့ မတတ်နိုင်ရှာဘူးလေ။ နောက်ပြီးတော့လည်း အိမ်ဆောက်ပစ္စည်း ရောင်းတဲ့ဆိုင် အတော်များများမှာ ရောင်းစရာက မရှိတော့ ပိုက်ဆံရှိရင်တောင် ဝယ်ဖို့ မဖြစ်နိုင်ပါဘူး။ ဖျာပုံကို ကျမ ရောက်တော့ တမြို့လုံး အိမ်တွေ ပျက်စီးနေတာ တွေ့ရတယ်။ အိမ်တိုင်းနီးပါးလောက် ခေါင်မိုးတွေ လန်ထွက်ကုန်တယ်။
“ကျမတို့ဟာ ဖျာပုံကနေ ရွာတွေ အတော်များများဘက်ကို သွားခဲ့ကြပါတယ်။ မုန်တိုင်းကြောင့် ပျက်စီး နေတာတွေအပြင် လူသေအလောင်းတွေကိုပါ ကျမ သတိပြုမိပါတယ်။ အလောင်းတွေ အများကြီးပါ။ များသောအားဖြင့် ခလေးအလောင်းတွေ ဖြစ်နေတာ တွေ့ရပါတယ်။ တိရိစ္ဆာန် အသေကောင်တွေ လည်း အများကြီး တွေ့ရတယ်။ အထူးသဖြင့် ကျွဲသေတွေ၊ ဝက်သေတွေပေါ့။
“မုန်တိုင်းတိုက်ပြီးလို့ နှစ်ပါတ်ရှိတဲ့အထိ ဒီနေရာကို ကျမ မရောက်ခဲ့ပါဘူး။ မုန်တိုင်းကြောင့် သေရတဲ့ လူသေအလောင်းနဲ့ တိရိစ္ဆာန်အသေကောင်တွေဟာ အပုပ်နံ့တွေ ထွက်နေတာတောင် မရှင်းလင်းပဲ ထားတာကို တွေ့နေရတော့ ကျမ အံ့အားသင့်မိပါတယ်။ ပြဿနာကတော့ အသက်ရှင် ကျန်ရစ်သူ တွေဟာ သူတို့ဆက်လက်အသက်ရှင်နိုင်ဖို့အရေးအတွက် လုံးပမ်းနေရလို့ပါပဲ။ သူတို့ဟာ နေဖို့အိမ်တွေ ပြန်ဆောက်နေရပါတယ်။ သန့်ရှင်းတဲ့ရေနဲ့ စားသောက်စရာတွေ ရဖို့ လိုက်ရှာနေရပါတယ်။ ဒါကြောင့် သူတို့ဟာ လူသေအလောင်းတွေ၊ တိရိစ္ဆာန်အသေကောင်တွေဘက်ကို လှည့်မကြည့်နိုင်ကြပါဘူး။ အဲဒါ တွေထက် ပိုပြီး အရေးတကြီး လုပ်စရာတွေ သူတို့မှာ အများကြီး ရှိနေပါသေးတယ်။
“ဒုက္ခသည်တွေကိုကြည့်ရတာ အလောင်းတွေ၊ အသေကောင်တွေကြားမှာ နေနေရတဲ့ သူတို့အဖြစ်ကို သိပ်ဂရုစိုက်တဲ့ပုံ မရှိပါဘူး။ လူသေအလောင်းတွေ၊ အသေကောင်တွေ ပေါလောမျောနေတဲ့ ရေမှာပဲ သူတို့ ရေချိုးသန့်စင်နေကြတာ ကျမ တွေ့ရပါတယ်။ ဒါပေမယ့် သူတို့ အဲဒီရေကို မသောက်ရမှန်း သိနေကြတာကတော့ ကံကောင်းတယ်လို့ ဆိုရမှာပဲ။
“သောက်ရေက ပြဿနာပါ။ ရွာအများစုမှာဆိုရင် ရေသန့်ရဖို့နေရာတွေ ရှိတတ်ပါတယ်။ ဥပမာ ရေကန် တွေဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီကန်တွေမှာ လူသေအလောင်းနဲ့ တိရိစ္ဆာန်အသေကောင်တွေ ကျနေတာဖြစ်လို့ မသန့်တော့ပါဘူး။ ဒါကြောင့် ကျမတို့ဟာ ကန်ထဲကရေကို စုတ်ထုတ်ပစ်ရပါတယ်။ ကျမတို့ MSF မှာ ဒုက္ခသည်တွေကို ထောက်ပံ့ပေးဖို့ ရေတိုင်ကီအကြီးကြီးတွေ ရှိပါတယ်။ ဒါပေမယ့် အဲဒါတွေကို သယ ဆောင်လာဖို့က ပြဿနာ ဖြစ်နေရပါတယ်။ ဒီတော့ ရွာတွေနဲ့ အနီးဆုံးလမ်းတွေ ဒါမှမဟုတ် မြစ်ကမ်းစပ်နားတွေထိ ရေတိုင်ကီတွေကို သယ်ဆောင်ပေးထားရပါတယ်။
“လူတွေဟာ ရေရှိတဲ့ ရွာတွေဘက်ကို သွားယူရပါတယ်။ ဒါကြောင့် ကျမတို့က သူတို့ကို ရေသယ်နိုင်ဖို့ လေးထောင့် သံပုံးတွေပေးထားပါတယ်။ အခြားရွာတွေမှာတော့ မိုးရေကိုခံပြီး သောက်သုံးကြပါတယ်။ အချို့ကတော့ ကျမတို့ပေးထားတဲ့ သံပုံးတွေနဲ့ ဖျာပုံထိရောက်အောင် ရေသွားယူပြီး ရွာကို ပြန်လာကြ ပါတယ်။
“ဖျာပုံကို ကျမတို့ စရောက်တဲ့အချိန်မှာ အခြား ကယ်ဆယ်ရေး ဝန်ထမ်းတွေ မရှိသလောက်ပါပဲ။ မရှိပဲ ဖြစ်နေတာက ကယ်ဆယ်ရေးကျွမ်းကျင်သူတွေကို အာဏာပိုင်တွေက ခရီးသွားခွင့် ပိတ်ပင်ထားလို့ ဖြစ်ပါတယ်။ ဖျာပုံကို ရောက်တာနဲ့ ကျမတို့ဟာ အဖွဲ့(၂)ဖွဲ့ ခွဲလိုက်ပါတယ်။ ကိုယ့်အဖွဲ့နဲ့ကိုယ် မုန်တိုင်းဒဏ်ခံရတဲ့ ရွာတွေဘက်ဆီ ခရီး စထွက်ခဲ့ကြပါတယ်။
“ရွာတရွာကိုရောက်တဲ့အခါ ကျမတို့မှာ လုပ်ရမယ့်အလုပ်က သုံးမျိုးရှိပါတယ်။ ပထမဦးဆုံး အဲဒီရွာမှာ လူဘယ်လောက်ရှိနေတယ်၊ သူတို့ ဘာတွေ လိုအပ်နေတယ်ဆိုတာ အရင်သိအောင် လုပ်ရပါတယ်။ ဒီနောက် ထောက်ပံ့ရေးပစ္စည်းတွေ ပေးကမ်းနိုင်ဖို့အတွက် ကျောင်းလိုမျိုး ကျယ်ကျယ်ဝန်းဝန်း နေရာတွေ ရှာရပါတယ်။ အိမ်အများစုကတော့ အိမ်ခေါင်မိုးတွေ မရှိတော့လို့ ကျမတို့က ဒုက္ခသည် တဦးချင်းစီကို တာပေါ်လင် တစနဲ့ သံဖြူပုံး တပုံးစီ ပေးပါတယ်။ ပစ္စည်းတွေ ပေးပြီးရင် ကျန်းမာရေး ကိစ္စကို ကျမတို့ စလုပ်ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေ၊ နာမကျန်းဖြစ်နေသူတွေကို ကြည့်ရှုစမ်းသပ် ရပါတယ်။ ပြဿနာကတော့ လာပြတဲ့ လူနာတွေအများကြီး ဖြစ်နေတာပါပဲ။ ဒီတော့ ကျမတို့က အသက်ငါးနှစ်အောက် ခလေးတွေကို အရင်ဦးစားပေး စမ်းသပ်ကုသရပါတယ်။ လာပြတဲ့ လူနာတွေမှာ အဟာရ မပြည့်ဝတာမျိုးကိုလည်း စမ်းသပ်ပေးရပါတယ်။ တကယ်လို့ အဟာရဓါတ် ပြည့်ဝ မနေဘူး ဆိုရင် ချက်ချင်း အဟာရဓါတ် ပြည့်ဝစေနိုင်တဲ့ Plumpynut ကို ပေးပြီး ကုသရပါတယ်။
“ဝမ်းလျှောနေသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ကုသပေးရပါတယ်။ ဒဏ်ရာရသူတွေဟာ ကယ်ဆယ်ရေး ကျွမ်းကျင်သူတွေ ရောက်မလာခင်မှာ သူတို့အနာကို ဖြစ်သလို ရသလို ကြံဖန်ကုသ ထားတာဖြစ်လို့ လူအတော်များများမှာ အနာတွေရင်းနေတာ တွေ့ရပါတယ်။ ဆိုးဆိုးဝါးဝါးကို ဖြစ်နေကြ တာပါ။
“အခုဆိုရင် ရွာတွေဘက် ကယ်ဆယ်စောင့်ရှောက်ဖို့သွားတဲ့ ကျမတို့အဖွဲ့က အုပ်စု(၃)ခုခွဲထားပါတယ်။ တစုက စုံစမ်းရှာဖွေတာလုပ်တယ်။ နောက်တစုက ထောက်ပံ့ရေးပစ္စည်းတွေ ဝေတယ်။ ကျန်တစုက ဆေးကုသပေးကြတယ်လေ။ အခုဆိုရင် ဆေးကုသခံရဖို့ လိုအပ်နေသူတွေဆီကို ကျမတို့ ရောက် အောင်လာပြီး ကုသပေးနိုင်ပြီဖြစ်လို့ ကျမ သိပ်ပျော်နေမိပါတယ်။
“ကျမတို့ ရွာတွေဆီရောက်တော့ ဆိုင်ကလုန်းမုန်တိုင်းသတင်းတွေ အတော်များများကို ကြားရပါတယ်။ မုန်တိုင်းလာတဲ့အချိန်မှာ ကောင်းကင်တခုလုံး သိသိသာသာ နီရဲလာပြီး ဆူဆူညံညံ အသံနဲ့အတူ လေပြင်းတွေ တိုက်လာတဲ့အပြင် မိုးကပါ လိုက်ရွာနေသေးတယ်လို့ ရွာသားတွေက ပြောပြကြပါတယ်။ တချိန်တည်းမှာပဲ ဒီရေကလည်း (၁၂)ပေလောက်ထိ မြင့်တက်လာလို့ မြစ်ကမ်းနားမှာရှိတဲ့ ရွာတွေ ဆိုရင် ရွာလုံးကျွတ် စုံးစုံးမြှုပ်ကုန်တဲ့ အကြောင်းတွေ ကြားရပါတယ်။
“ရေက ဘယ်လောက်တောင် ဖုံးလွှမ်းသွားသလဲဆိုရင် ဘယ်ဘက်ကိုပဲကြည့်ကြည့် ကုန်းဆိုတာ မမြင် ရတဲ့ အထိပါပဲလို့ ရွာသားတွေက ကျမတို့ကို ပြန်ပြောပြပါတယ်။ အုန်းပင်တွေလည်း အများကြီးပဲ ပျက်စီးသွားတဲ့အကြောင်း၊ အိမ်တွေဆို ရေအောက်ထဲကို လုံးဝနှစ်မြှုပ်သွားတဲ့အကြောင်းတွေ သိရပါ တယ်။
“တချို့လူတွေက ဘုန်းကြီးကျောင်းတွေဘက်ကို ပြေးကြတယ်။ ဘာကြောင့်လဲဆိုတော့ ဘုန်းကြီး ကျောင်းတွေက လူနေအိမ်ခြေတွေထက် ပိုမြင့်တဲ့နေရာမှာ ရှိနေလို့ပဲ။ ရွာတရွာမှာဆိုရင် တက်လာတဲ့ ဒီရေကလွတ်အောင် လူတိုင်းက အတော်မြင့်မြင့်နေရာမှာရှိတဲ့ အိမ်ခေါင်မိုးတခုပေါ်ကို တက်ပြေးခဲ့ကြ တယ်။ ဒါပေမယ့် လူတွေရဲ့အလေးချိန်ဒဏ်ကို အိမ်ခေါင်မိုးက မခံနိုင်တော့ ခေါင်မိုးပြိုကျသွားတယ်။ ရေမကူးတတ်သူတွေ ရေနစ်သေဆုံးခဲ့ကြရတယ်။ ရေနစ်နေသူတွေကို တတ်နိုင်သလောက် ဆွဲယူ ကယ်တင်နိုင်ဖို့ ကြိုးစားကြတာပဲ။ ဒီရေ အတက်ကြမ်းတော့ ဆယ်သူကိုယ်တိုင်က တခုခုကို အရင် အမှီပြု မထားရင် ဘယ်လိုမှ ကယ်ပေးလို့ မရနိုင်ဘူးလို့ ပြောပြကြတယ်။
“ရေကူးတတ်တဲ့ ဖခင်တယောက်ဆိုရင် သူ့လက်ကောက်ဝတ်မှာ သူ့ခလေးအားလုံးကို ချည်ပြီး လွတ်ရာကို ကူးတယ်။ ခလေးတွေ တယောက်တကွဲဖြစ်ပြီး ရေစီးနဲ့ မျှောမသွားစေဖို့ပေါ့။ ဒါပေမယ့် ဆိုင်ကလုန်းကြောင့် ဒီရေတက်နေတာ သိပ်ကိုကြာလွန်းနေတော့ သူလည်း နောက်ထပ် ရေမကူးနိုင် တော့ဘူး။ နောက်ဆုံးတော့ သူတို့မိသားစုတခုလုံး တယောက်ကိုတယောက် ချည်ထားတဲ့ ကြိုးတွေ တန်းလန်းနဲ့ပဲ ရေနစ်သေဆုံးနေတာကို ရွာသားတွေ တွေ့လိုက်ကြရတယ်။
“လေပြင်းကလည်း တမှောင့်ပဲ။ ဘုန်းကြီးတပါးက သူဟာ ရွာရဲ့တဖက်ကနေ အခြားတဖက်ကို လွင့်စင် သွားခဲ့ရလောက်အောင်ကို လေကြမ်းတယ်လို့ ကျမကို ပြန်ပြောပြတယ်။ ရွာသားတဦးက သူဟာ ရွာရဲ့ အခြားတဖက်ခြမ်းမှာ တဦးတည်းနေတဲ့ သူ့အမေကို စိတ်ပူမိတာနဲ့ အိမ်ကထွက်ပြီး ပိုပြီးလုံခြုံ စိတ်ချ ရမယ်ထင်တဲ့ သူ့အိမ်ကိုပြန်ခေါ်အလာမှာ လေပြင်းတိုက်လို့ အမေက လွင့်ပါသွားပြီး သေဆုံးခဲ့ရရှာ တယ်လို့ ပြန်ပြောပြပါတယ်။ သူဟာ အတော့်ကို ကြေကွဲဝမ်းနည်းနေပြီး သူ့ကြောင့် အမေသေရတာလို့ သူ့ကိုယ်သူ အပြစ်တင်မဆုံး ဖြစ်နေပါတယ်။
“ရွာသားအများစုမှာ အဝတ်အထည်တွေ မရှိကြတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ လေပြင်းမုန်တိုင်းကို ကျောပေးခံနေရလို့ အဝတ်အစားတွေဟာ နောက်ကျောဖက်ကနေ အကုန်လုံး ပြဲထွက်သွားလို့ပါပဲ။ သူတို့ဟာ သေဆုံးသွားသူတွေရဲ့အဝတ်တွေကို ချွတ်ပြီး ဝတ်ဆင်ထားရပါတယ်။ ဘာအဝတ်အထည်မှ မရှိရင် သိပ်ရှက်ဖို့ကောင်းတာကိုး။ တချို့ကတော့ လေပြင်းတိုက်နေတုန်းမှာ လွင့်ထွက်မသွားအောင် သူတို့ရဲ့ လုံချည်၊ ထမိန်တွေကို အုန်းပင်တွေမှာ သူတို့ကိုယ်ခန္ဓာနဲ့ ချည်ထား ခဲ့ကြတယ်။ ဒီလိုနည်းနဲ့ အသက်ဘေးက လွတ်ခဲ့ကြရတာပါ။
“လေမုန်တိုင်းဒဏ် ခံလိုက်ရတဲ့ ဘိုကလေးမှာလည်း ကျမတို့ လုပ်ဖော်ကိုင်ဘက်တွေ လုပ်အားပေးနေ ကြပါတယ်။ သူတို့ကလည်း သူတို့ကြုံတွေ့ရတာတွေကို ကျမကို ပြန်ပြောပြတယ်။ ရွာတရွာမှာဆိုရင် လှေကြီးနှစ်စီး ရှိတယ်တဲ့။ မုန်တိုင်းလာတော့ ရွာသားတွေက အဲဒီလှေတွေထဲ ဝင်ပြီးခိုလှုံနေကြတယ်။ လှေကို သစ်ပင်မှာ ကြိုးနဲ့ချည်ထားတယ်။ ဒါပေမယ့် လှေတစီးကို ချည်ထားတဲ့ကြိုးဟာ ပြတ်သွားတော့ လှေက မုန်တိုင်းဒဏ်ကို မခံနိုင်တော့ပဲ မှောက်ပါလေရော။ အဲဒီလှေထဲ ဝင်ခိုနေကြတဲ့သူတွေအားလုံး ရေနစ်သေဆုံးကြရရှာတယ်။ ကျန်တဲ့လှေတစီးမှာတော့ ကံကောင်းတယ်။ လှေကိုချည်ထားတဲ့ ကြိုးက ပြတ်ထွက်မသွားခဲ့ဘူး။ လှေပေါ်က လူတွေအကုန်လုံး အသက်ချမ်းသာရာ ရခဲ့တယ်။ အဲဒါ ဘိုကလေး ဘက်က အဖြစ်ပါ။
“ဆိုင်ကလုန်းဝင်တဲ့ညမှာ ဝမ်းသာစရာ ဇာတ်လမ်းကောင်းတွေ ရှိခဲ့တာကို ကျမတို့ ပြန်ကြားရပါတယ်။ အဲဒီညမှာ ကိုယ်ဝန်ဆောင် မိခင်အတော်များများပဲ မီးဖွားခဲ့ကြပါတယ်။ အရပ်လက်သည် ဝမ်းဆွဲ ဆရာမကတော့ ဟိုပြေးလိုက် သည်ပြေးလိုက်နဲ့ မီးဖွားပေးနေခဲ့ရတာပေါ့။ ဆရာမက ကိုယ်ဝန်သည် တွေကို ရှောရှောရှူရှူဖြစ်အောင် မီးဖွားပေးနိုင်ခဲ့တော့ မိဘတွေက ကျေးဇူးတင်လွန်းလို့ အဲဒီ ဝမ်းဆွဲဆရာမရဲ့ နာမည်အတိုင်း သူတို့ ရင်သွေးလေးတွေကို နာမည်မှည့်ပေးလိုက်ကြတယ်လေ။
“ဒုက္ခသည်တွေမှာ နေစရာအိမ် ပျောက်သွားပြီဖြစ်လို့ လောလောဆယ် ဘေးကင်းရာမှာ အတူတကွ စုပြုံပြွတ်သိပ် နေနေကြတယ်။ အိမ်တအိမ်မှာ မိသားစု လေး-ငါးစုလောက် နေနေကြတယ်။ ဒါဟာ ကျန်းမာရေးအတွက် မကောင်းလှပါဘူး။ ရောဂါဘယရှိရင် မြန်မြန်ဆန်ဆန် ကူးစက်လွယ်တယ်။ ဒုက္ခသည်တွေမှာ အိမ်ဆောက်ပစ္စည်းတွေ အရေးတကြီး လိုအပ်နေပါတယ်။ ဒါမှ ကိုယ့်မိသားစုနဲ့ကိုယ် ချောင်ချောင်ချိချိ နေနိုင်ကြမှာ ဖြစ်တယ်။ အစားအသောက်လည်း လိုအပ်နေပါတယ်။
“တချို့ဒုက္ခသည်တွေဆိုရင် ကယ်ဆယ်ရေးအကူအညီ ရောက်မလာသေးခင်မှာ အစာရေစာ ငတ်ပြတ် နေခဲ့ရပါတယ်။ တကယ်ပါ။ ရွာတရွာမှာဆိုရင် ဘာမှစားစရာ မရှိတော့လို့ ဝက်အသေတကောင်ကို စားကြရတဲ့အထိ ဆိုးဝါးလွန်းခဲ့ပါတယ်။ ဒီဇာတ်လမ်းကို ကြားရတော့ ကျမ အတော့်ကို စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါပေမယ့်လည်း သူတို့ခမျာ အဲဒီလိုမှ မစားရင် ငတ်သေဖို့သာ ရှိတာကြောင့် မစားမဖြစ် လို့ပဲ စားလိုက်ကြတာ ဖြစ်မှာပါ။
“ဒုက္ခသည်တွေဟာ ငါးကို မစားရဲကြပါဘူး။ အဲဒါ တကယ်လက်တွေ့ မြင်ခဲ့ရတာပါ။ ငါးတွေက လူသေ အလောင်းတွေကို စားမှာပဲလို့ သူတို့စိုးရိမ်နေမိတာကြောင့်ပေါ့။ ဒါဟာ အမှန်ပဲလားဆိုတာတော့ ကျမ မသိပါဘူး။ ဒါပေမယ့် ဒုက္ခသည်တွေဟာ ရောဂါဖြစ်လာမှာကိုတော့ အတော့်ကို စိုးရိမ် ကြောက်လန့်နေ ကြတယ်လို့ ကျမ ထင်ပါတယ်။”
-------------(ပြီး)
မူရင်းဆောင်းပါး - Harrowing stories from Cyclone Nargis
Publish: Online,
Source: MSF (MEDECINS SANS FRONTIERES)
Link: http://www.msf.org/msfinternational/invoke.cfm?objectid=B4C74446-15C5-F00A-250
မြန်မာဘာသာပြန် - လွင်အောင်စိုး
၂၆-၆-၂ဝဝ၈
0 comments:
Post a Comment