၂ဝဝ၈ ခုနှစ်အတွင်း ရေးပြီးခဲ့သမျှ ဆောင်းပါးတွေ ဖြစ်ပါတယ်။

Tuesday, August 12, 2008

နအဖ၏ လူထုဆန္ဒ ခံယူပွဲတွင် ကန့်ကွက်မဲ ပေးရန် လိုသည်

လူတဦးချင်းစီတွင် ကိုယ်ပိုင်အကျင့်စရိုက်များ ရှိသကဲ့သို့ လူမျိုးစုတခုတိုင်း၊ နိုင်ငံတခုတိုင်း၌ ကျင့်သုံးရာ ဓလေ့ထုံးတမ်း အစဉ်အလာ၊ ယဉ်ကျေးမှုနှင့် စနစ်များ ကိုယ်ပိုင် ရှိကြသည်။

လူတဦးချင်းက အများနှင့်ယှဉ်တွဲ ဆက်ဆံရသောအခါများတွင် အများနည်းတူ လိုက်လျောညီထွေ ဖြစ်အောင် မိမိစရိုက်ကို အထိုက်အလျောက် ပြုပြင်ပြောင်းလဲပေးရသည်။ လူမျိုးစုတို့တွင်လည်း အများကောင်းစားရေးကို ဖြစ်ထွန်းစေမည့် ယဉ်ကျေးမှု အစဉ်အလာတရပ်ကို လိုက်နာ ကျင့်သုံးရသည်။

ထိုနည်းတူ နိုင်ငံတခုတွင်လည်း အများကောင်းကျိုးကို ဖြစ်စေမည့် နိုင်ငံရေးစနစ်တခုကို တည်တည် တန့်တန့် ရှိနေစေရသည်။ သို့မှသာ နိုင်ငံသားတို့၏ စီးပွားရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး အစရှိသည့် နိုင်ငံ၏ အကျိုးစီးပွား၊ နိုင်ငံသားတို့၏ အကျိုးစီးပွားများကို တိုးတက်အောင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ အကျိုးစီးပွားများကို လက်ရှိ ပစ္စုပ္ပန်ကာလအတွက်သာမက နောင်အနာဂတ် သားစဉ်မြေးဆက် လုံခြုံစိတ်ချ တိုးတက်ဖြစ်ထွန်းနိုင်ရေးအတွက်ပါ ဖြစ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင် လုပ်ဆောင်ရသည်။

ထိုထိုသော အကျိုးစီးပွားများကို အများသဘောတူ စနစ်တကျ သတ်မှတ်ပြီး လက်တွေ့ကျကျ တိတိကျကျ ကျင့်သုံးရသည်။ နိုင်ငံတခုတွင် ထိုသို့ကျင့်သုံးနိုင်ရန် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကို အများသဘောတူ ရေးဆွဲထားရှိရသည်။ လိုအပ်သည့်အခါတိုင်း အများသဘောတူ ပြင်ဆင် ပြောင်းလဲ ဖြည့်စွက် ပယ်ဖျက် ပေးရသည်။

သို့ဖြစ်ရာ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံသားအားလုံးနှင့် တိုက်ရိုက် ပတ်သက်နေသောကြောင့် လူအများစု၏ ထောက်ခံမှုကို မရရှိသော (သို့) လူအများစုက ရွေးကောက်တင်မြှောက်ထားခြင်း မရှိသော တဦး-တဖွဲ့၏ ပုဂ္ဂလိက ဆန္ဒကို ရှေ့တန်းတင်၍ မည်သို့မျှ မဖြစ်နိုင်။ ထိုသို့သော လူတဦးတယောက် (သို့) အဖွဲ့အစည်းတခုကသာ စိတ်ကြိုက်ဖန်တီးလုပ်ဆောင်၍ ရကောင်းသောကိစ္စလည်း မဟုတ်ပါ။

မြန်မာနိုင်ငံ၏ ဖြစ်စဉ်များကို ပြန်ကြည့်လျှင် မဝေးသေးသော ၁၉၈၈ ခုနှစ်တွင် ပြည်သူလူထုတရပ်လုံးက တပါတီအာဏာရှင်စနစ်ကို အဆုံးသတ်၍ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရန် ရှစ်လေးလုံး လူထု လှုပ်ရှားမှုဖြင့် တခဲနက်တောင်းဆို ဆန္ဒပြခဲ့ကြသည်။ နိုင်ငံလုံးကျွတ် လူထုအုံကြွမှုကြီးကို ၁၉၈၈ခုနှစ် အာဏာသိမ်း နဝတ စစ်ဗိုလ်ချုပ်ကြီးများက လက်နက်အားကိုးဖြင့် ရက်စက်စွာ ဖြိုခွဲချေမှုန်းခဲ့သည်။ ထို့နောက် နဝတ ဥပဒေအမှတ် ၁/၈၈၊ ၄/၈၈ (နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ)၊ ၁၄/၈၉ (ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ) အစရှိသည်တို့ကို ပြဌာန်းကာ ၁၉၉ဝ ခုနှစ်တွင် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ လွတ်လပ်၍ တရားမျှတမှု ရှိသည်ဟု ဆိုနိုင်လောက်သည့် ရွေးကောက်ပွဲ ဖြစ်ခဲ့သည်။

ရွေးကောက်ပွဲတွင် မဲဆန္ဒပေးနိုင်သည့် မြန်မာနိုင်ငံသား (၇၂.၅၉)% က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ အခြားနိုင်ငံရေးပါတီ (၂၆)ခုနှင့် တသီးပုဂ္ဂလ (၆)ဦးတို့အား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

ထိုသို့သော လူအများစု၏ ဆန္ဒနှင့် လူထုထုကိုယ်စားလှယ်များကို နဝတ၊ နအဖ စစ်ဗိုလ်ချုပ်ကြီးများ၏ အာဏာပိုင်အဖွဲ့အစည်းတခုက လစ်လျူရှုလျက် အာဏာရှင်စနစ်ဖြင့် ရက်စက်ကြမ်းကြုတ်စွာ အုပ်စိုးမင်းမူ ထားသည်မှာ နှစ်ပေါင်း(၂ဝ)နီးပါးမျှ ကြာမြင့်နေပြီဖြစ်သည်။ ထိုလူတစုကပင် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို သူတို့စိတ်ကြိုက် ရေးဆွဲကာ လူထုဆန္ဒခံယူပွဲကို ၂ဝဝ၈ မေလတွင် ကျင်းပလျက် ၂ဝ၁ဝ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ဆိုလာသည်။

ဤနေရာတွင် မေးခွန်းထုတ်ရန်ရှိသည်။ ၁၉၈၈ ခုနှစ်တွင် ရဟန်းရှင်လူ ပြည်သူလူထုတရပ်လုံးက တပါတီ စနစ်ကို ဖျက်သိမ်း၍ ပါတီစုံဒီမိုကရေစီစနစ်ကို လိုချင်ပါသည်ဟု တောင်းဆိုဆန္ဒပြခဲ့ကြပါလျက်၊ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်က အထင်အရှား ရှိနေပါလျက်နှင့် အဆိုပါ နအဖ စစ်ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့ အလိုကျ ဖွဲ့စည်းပုံအခြေခံဥပဒေကို မည်သည့်အတွက်ကြောင့် တဖက်သပ်ရေးဆွဲရပါသနည်း။

အာဏာပိုင် လူတစုဖြစ်သော စစ်ဗိုလ်ချုပ်ကြီးများအား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန် မြန်မာနိုင်ငံသား တို့က ရွေးကောက်တင်မြှောက်ထားခဲ့ခြင်း လုံးဝ မရှိပါ။ တာဝန်လည်း ပေးမထားပါ။ စစ်ဗိုလ်ချုပ်ကြီးတို့၏ တာဝန်မှာ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ပြီးဆုံးသည့်အချိန်မှစ၍ ၎င်းတို့ လူသိရှင်ကြား ကတိပေးထားသည့် အတိုင်း နိုင်ငံတာဝန်ကို ဆက်လက်ထမ်းဆောင်လိုပါက စစ်တန်းလျားသို့ ပြန်သွားရုံသာ ရှိသည်။

၎င်းတို့ကိုယ်တိုင် ထုတ်ပြန်ပြဌာန်းထားသည့် ဥပဒေများကိုလည်း မလိုက်နာ၊ လူသိရှင်ကြား ကတိကိုလည်း တည်ကြည်ခြင်းလည်း မရှိ၊ လူထု၏ဆန္ဒကိုလည်း မလေးစား၊ ဒီမိုကရေစီ ကျင့်ထုံးများ ဆိုသည်မှာ ဝေလာဝေး၊ အခြေခံလူ့အခွင့်အရေးများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်၊ ရွေးကောက်ပွဲ ရလဒ်ကိုလည်း လစ်လျူရှု၊ လူထုတင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များနှင့် အတိုက်အခံ နိုင်ငံရေးသမားများကိုလည်း ဖမ်းဆီး နှိပ်စက် ထောင်ချနေသော အဆိုပါ စစ်ဗိုလ်ချုပ်ကြီးများ၏ အလိုကျ အခြေခံဥပဒေမူကြမ်းကို ပြည်သူလူထုထဲတွင် မည်သူတဦးတယောက်မျှ ကြိုက်နှစ်သက်မည် မဟုတ်ပေ။

သို့တိုင်အောင် နအဖ စစ်ဗိုလ်ချုပ်တို့က သူတို့၏ အခြေခံဥပဒေမူကြမ်းကို လူထုဆန္ဒခံယူပွဲဖြင့် အဆုံးအဖြတ်ယူမည်ဟု အရှက်သိက္ခာမရှိပဲ လူထုနှင့် အတိုကအခံ နိုင်ငံရေးလောကကို စိမ်ခေါ်လာသည်။

ဤနေရာတွင် စဉ်းစားဆင်ခြင်ရန် နှစ်ပိုင်းရှိသည်။

ပထမတပိုင်းမှာ နအဖ စစ်ဗိုလ်ချုပ်ကြီးများသည် လူထုဆန္ဒခံယူပွဲကို မသမာသောနည်းလမ်းများဖြင့် ထောက်ခံမဲ အများစုရရှိအောင် ကျင်းပလာဖွယ်ရှိသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ဂမ်ဘားရီ အဆိုပြုသည့် ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲ၌ နိုင်ငံတကာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ကို လက်ခံရေးကို နအဖက ပြတ်သားစွာ ငြင်းပယ်ခဲ့သည်ကို ထောက်ရှုလျှင် ဆန္ဒမဲ ပေးခြင်း၊ သိမ်းဆည်း-ပို့ဆောင်ခြင်း၊ ရေတွက်ခြင်းနှင့် ရလဒ် ထုတ်ပြန်ကြေညာခြင်းကို နအဖကသာ ထိန်းချုပ်ထားမည့်သဘောရှိနေ၍ သမာသမတ်ကျစွာ လုပ်ဆောင်လိမ့်မည်ဟု မည်သူမျှ အာမ မခံနိုင်သော အနေအထားတွင်ရှိသည်။

ဒုတိယတပိုင်းမှာ အကယ်၍ လူထုဆန္ဒခံယူပွဲကို သမာသမတ်ကျစွာ ကျင်းပဖြစ်သည့်တိုင်အောင် လူအများစုက အဆိုပါ အခြေခံဥပဒေမူကြမ်းကို ဆန့်ကျင်ကန့်ကွက်မဲများ ပေးလိုက်သည့်အခါ နောက်ထပ် ဘာဆက်လုပ်ကြမည်နည်း။

နောက်ထပ် အခြေခံဥပဒေမူကြမ်း အသစ်တခုကို ရေးဆွဲဦးမည်လော။ ရေးဆွဲလျှင် မည်သူတို့က ရေးဆွဲရ ပါမည်နည်း။ ဒီမိုကရေစီ ကျင့်ထုံးများကို အခြေခံ၍ ရေးဆွဲမည်လော။ သို့တည်းမဟုတ် နအဖ စစ်ဗိုလ်ချုပ်ကြီးများ လုပ်နေကျအတိုင်း ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ မပါပဲ ဒုတိယအကြိမ် အမျိုးသားညီလာခံ ကျင်းပ၍ ၂ဝ၁ဝ ခုနှစ်အထိ အချိန်ဆွဲပြီး ရေးဆွဲနေဦးမည်လော။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလအတွက် တွေ့ဆုံ ဆွေးနွေးပွဲ များ ကျင်းပဖြစ်ဦးမည်လော။

စစ်မှန်သော ဒီမိုကရေစီစနစ်ကို တည်ဆောက်ရန်အတွက် နအဖသည်၎င်း၊ နိုင်ငံရေးပါတီများသည်၎င်း၊ ပြည်သူလူထုတို့သည်၎င်း ရှေ့ဆက်၍ အချိန်ဇယားနှင့်တကွ အတိအကျ မည်သို့လုပ်ဆောင်ကြရမည် ဆိုသည့် အစီအစဉ်များ မရှိ။ မည်သူမျှ ကြိုမသိ။

အာဏာရှင်စနစ်အောက်မှ လက်ရှိ နိုင်ငံရေးနောက်ခံ အနေအထားကိုလည်း အများပြည်သူတို့က လိုလား နှစ်သက်ခြင်း မရှိ။ ၂ဝဝရ စက်တင်ဘာ လှုပ်ရှားမှုက သက်သေပြခဲ့ပြီး ဖြစ်သည်။ ဒီမိုကရေစီအတွက် အနာဂတ် နိုင်ငံရေးကို မှန်းမျှော်ကြည့်လိုက်လျှင်လည်း ဘာမှမရေရာ မသေချာ။

ပြီးခဲ့သည် ၂ဝဝ၈ ခုနှစ် တော်လှန်ရေးနေ့တွင် နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲပြီးလျှင် စစ်အစိုးရမှ အရပ်သားအစိုးရသို့ အာဏာလွှဲပြောင်းပေးမည်ဟု မိန့်ခွန်းပြောခဲ့ပြန် သေးသည်။ နအဖ ရေးဆွဲထားသည့် အမျိုးသားညီလာခံမှ အတည်ပြုထားသော အခြေခံဥပဒေမူကြမ်းအရ ဆိုလျှင် ယင်းမှာ လက်ရှိ ဗိုလ်ချုပ်ကြီးများက စစ်ယူနီဖောင်းကို ချွတ်၍ အရပ်ဝတ်ဖြင့် ပြောင်းလဲခြင်းမျှသာ ဖြစ်သည်။ ဒီပုတ်ထဲက ဒီပဲ ဆိုသည့်အတိုင်း တရားမ ဝင် စစ်အစိုးရကို တရားဝင်ဖြစ်အောင် လှည့်စားခြင်းမျှ သာဖြစ်သည်။

ဗိုလ်ချုပ်သန်းရွှေမှာ ကတိသစ္စာ မတည်သူ၊ လက်ရှိအာဏာများကို မစွန့်လွှတ်ချင်သူ၊ အတိုက်အခံ နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထောင်ချသူ၊ ဆန္ဒပြသည့် ရဟန်းသံဃာများကို ဖမ်းဆီးသတ်ဖြတ် ထောင်ချရန် အမိန့်ပေးသူ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရန် စိုးရိမ် ကြောက်လန့်နေသူ၊ အကြီးအကျယ် လာဘ်စားသူ၊ ကမ္ဘာပေါ်တွင် လူ့အခွင့်အရေး အချိုးဖောက်ဆုံး တတိယနေရာ လိုက်နေသူ စသဖြင့် နာမည်ပျက်ပေါင်း များစွာ ရှိနေသည်။

သူလိုလူတဦးက ပြောသောစကားကို မည်သို့ ယုံကြည်အားကိုးနိုင်လောက်သနည်း။ ယုံကြည်အားကိုး သည်ဆိုလျှင် သူနှင့်ပေါင်း၍ မတော်မတရား ကြီးပွားချမ်းသာနေသူ (သို့) ကြီးပွားချမ်းသာလိုသူတို့သာ ဖြစ်ရပေလိမ့်မည်။

အလွန်အရေးကြီးသည့် တိုင်းပြည်အရေးကိစ္စတခုကို လက်ရှိအာဏာပိုင်တို့က ပြီးစလွယ် လုပ်နေသည့် တိုင်အောင် ဒီမိုကရေစီ နိုင်ငံရေးပါတီများနှင့် ပြည်သူလူထုတို့က နောင်ခါလာ နောင်ခါဈေး သဘောထား၍ မဖြစ်။ နအဖတို့က သူတို့စီစဉ်ထားသလို မဖြစ်လျှင် အာဏာအားကိုး၊ လက်နက်အားကိုး ဖြင့် အရှက်သိက္ခာ ဘေးချိတ်လျက် မဖြစ်ဖြစ်အောင် လုပ်ဆောင်လာနေမည်သာ ဖြစ်သည်။ နအဖတွင် အဆိုပါ နည်းလမ်းမှ လွဲ၍ အခြားနည်းလမ်း မရှိတော့ကြောင်း အလေးအနက် သိထားရပေလိမ့်မည်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် လူထုထောက်ခံမဲ အများဆုံး ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမည့် မေလ လူထုဆန္ဒခံယူပွဲတွင် ပြည်သူလူထုအနေဖြင့် မဲရုံးများသို့ သွားရောက်ကာ နအဖ၏ အခြေခံဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒမဲပေးရန် တိုက်တွန်းထားသည်။ လက်ရှိ နိုင်ငံရေးအနေအထားတွင် အကောင်းဆုံး မဟုတ်သော်လည်း အလုပ်သင့်ဆုံးကိစ္စများထဲမှ တခု ဖြစ်သည်။

အကောင်းဆုံး မဟုတ်ဟု ဆိုရခြင်းမှာ လက်ရှိအနေအထားအရ အကောင်းဆုံးကို အပြည့်အဝ မလုပ်ဆောင်နိုင်သေးသောကြောင့် ဖြစ်သည်။ သို့သော် တပ်မတော် အပါဝင် နိုင်ငံသားအားလုံးက တညီတညာတည်း ဖြစ်သွားလျှင် အကောင်းဆုံးအနေအထားသို့ ချက်ချင်း ရောက်သွားနိုင်စရာတော့ ရှိနေပါသေးသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ လူထုက အပ်နှင်းထားသည့် (နိုင်ငံရေး) လုပ်ပိုင်ခွင့် (Mandate)အရ ရဲဝန့်ပြတ်သားစွာ လုပ်ဆောင်လိုက်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ပြောသည့် အကောင်းဆုံးကို မျှော်လင့်၍ အဆိုးဆုံးကို ပြင်ဆင်ထားသည့် နိုင်ငံရေး လှုပ်ရှားမှု ဖြစ်သည်။

မြန်မာပြည်သူတို့အနေဖြင့် မိမိတို့၏ ပုဂ္ဂလိက အကျိုးစီးပွားနှင့် နိုင်ငံ့အကျိုးစီးပွားများကို ရည်မှန်းလျက် လူထုဆန္ဒခံယူပွဲတွင် မိမိတို့၏ ဆန္ဒအစစ်အမှန်များကို ရဲဝန့်စွာ ဖော်ထုတ်ရပါမည်။ လွန်ခဲ့သော (၁၈)နှစ်က ရွေးကောက်ပွဲတွင် ဒီမိုကရေစီ လိုလားသော နိုင်ငံရေးပါတီများအား တခဲနက် မဲပေး ထောက်ခံပေးခဲ့သည့် အတိုင်း နအဖ၏ အခြေခံဥပဒေမူကြမ်းကို လူထုကြီးက တခဲနက် ကန့်ကွက်ကြရပါမည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်သည့် နိုင်ငံရေးလမ်းကြောင်းတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ အတွက် အပြည့်အဝ ထောက်ခံပေးကြရပါမည်။

အမှန်စင်စစ် ဒီမိုကရေစီ လိုလားသော လူထု၏ သဘောထားကို နအဖ စစ်ဗိုလ်ချုပ်ကြီးများက ကောင်းကောင်းသိထားသည်။ မည်သည့်အခါမှ ပျောက်ကွယ်သွားတော့မည် မဟုတ်သည်ကိုလည်း ၂ဝဝရ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် လက်တွေ့ကြုံလိုက်ရသည်။ လူထုကြားတွင် နိုင်ငံရေးမျိုးစေ့က သန္ဓေမှန်ကာ အပင်ပေါက်လာချေပြီ။

သို့သော်လည်း အာဏာပိုင်တို့က အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူများကို ဖမ်းဆီးထောင်ချထားချိန်တွင် သူတို့အနေဖြင့် နိုင်ငံရေးချိန်ခွင်လျှာ အပေါ်စီးရနေသည်ဟု တွက်ဆထားပုံရသည်။ လူထုအား အထင်သေးထားပုံရသည်။ သို့တည်းမဟုတ် ရလိုရငြား သွေးတိုးစမ်းကြည့်သည်လည်း ဖြစ်နိုင်သည်။

အာဏာရှင် ဦးနေ၀င်း၏ခေတ်နှောင်းပိုင်း ဒေါက်တာမောင်မောင် သမ္မတဖြစ်နေစဉ်အတွင်း ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေး (၁၁ စက်တင်ဘာ ၁၉၈၈)က တပါတီစနစ်နှင့် ပါတီစုံ ဒီမိုကရေစီစနစ်အနက် မည်သည့်စနစ်ကို လိုလား နှစ်သက်ကြောင်း ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပခြင်း မပြုတော့ပဲ (၃)လအတွင်း ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ဆုံးဖြတ်ခဲ့ရဖူးသည်။ အကြောင်းမှာ မြန်မာတနိုင်ငံလုံးမှ ရဟန်းရှင်လူ ပြည်သူ အပေါင်းတို့က အမြင့်မားဆုံး အရှိန်အဟုန်ဖြင့် ဒီမိုကရေစီ တောင်းဆိုဆန္ဒပြနေခဲ့ကြသောကြောင့် ဖြစ်သည်။

လူထုက ညီနေလျှင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြားနိုင်ငံရေးပါတီများ၏ နိုင်ငံရေး ဦးဆောင်မှု လမ်းကြောင်းမှန်နေလျှင်၊ နိုင်ငံရေးသမားနှင့် တက်ကြွလှုပ်ရှားသူတို့၏ အားပေးပံ့ပိုးမှု အားကောင်းနေလျှင် စစ်မှန်သော ဒီမိုကရေစီ ရရှိရေး လမ်းစများ ပွင့်ထွက်လာနိုင်စရာ ရှိပေလိမ့်မည်။

လွင်အောင်စိုး (ဧပြီလ ၅ရက် ၂၀၀၈ ခုနှစ်)

0 comments:

Blog Archive

About Me

အာဏာရှင်စနစ်ကို တော်လှန်တဲ့ နိုင်ငံရေးစာတွေ ရေးပါတယ်။ အာဏာရှင်စနစ်ကို ချုပ်ငြိမ်းအောင် လုပ်နိုင်မှ ဒီမိုကရေစီ အစစ်အမှန် ပေါ်ထွန်းလာမှာ ဖြစ်တယ်လို့ ယုံကြည်ထားသူပါ။ အာဏာရှင် စနစ်အောက်မှာ လူဖြစ်ရှုံးနေရတဲ့ မြန်မာပြည်သူ လူထုတရပ်လုံး နိုင်ငံရေး အသိတရားတွေ တိုးပွားလာအောင်၊ နိုင်ငံရေး စိတ်ဓါတ်တွေ နိုးကြားလာအောင် ပါဝင် ကူညီပေးပါတယ်။ ဒီဆောင်းပါးတွေကို “Save Burma” နဲ့ “Burma Digest” ဘလော့ဂ်တွေမှာလည်း ဖော်ပြထားပြီး ဖြစ်ပါတယ်။