၂ဝဝ၈ ခုနှစ်အတွင်း ရေးပြီးခဲ့သမျှ ဆောင်းပါးတွေ ဖြစ်ပါတယ်။

Tuesday, August 12, 2008

နအဖအနေဖြင့် ပြည်သူနဲ့ နိုင်ငံရဲ့ ကျေးဇူးသစ္စာကို စောင့်သိဖို့ လိုပြီ

(ဝေဖန်သုံးသပ်ချက် ဆောင်းပါး)

.

အခုဆိုရင် အမေရိကန်စစ်တပ်က မြန်မာစစ်အစိုးရကို မုန်တိုင်းကယ်ဆယ်ထောက်ပံ့ရေးမှာ သုံးဖို့ ရဟတ်ယာဉ် (၂၂)စီး ကမ်းလှမ်းထားပါတယ်။ ဆာလောင်မွတ်သိပ်နေတဲ့ အိမ်ခြေမဲ့ ဒုက္ခသည်တွေဆီကို ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းတွေ ပေးနိုင်ဖို့ အဲဒီ ရဟတ်ယာဉ်တွေနဲ့ သုံးရက်အတွင်း သယ်ယူပို့ဆောင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နအဖက ခုထိ ဘာမှအကြောင်းမပြန်သေးပါဘူး။

ဆိုင်ကလုန်းမုန်တိုင်း ဝင်မွှေသွားတာ အခုဆိုရင် တလကျော်သွားပါပြီ။ နအဖ ခေါင်းဆောင်တွေက ဒုက္ခသည်တွေကို စစ်တပ်ပိုင် ရဟတ်ယာဉ်တွေနဲ့ ဘေးကင်းရာဒေသ တွေဆီကို သယ်ယူပို့ဆောင်ပေးတာ မကြားမိသေးပါ။

အခုအချိန်ထိ မြစ်ဝကျွန်းပေါ် တောင်ဖက်အစွန်အဖျား အရပ်ဒေသတွေမှာ ကယ်ဆယ်သူ ရောက်မလာနိုင်သေးပဲ ရှိနေပါသေးတယ်။ သွားလာရ ခက်ခဲလို့ မရောက်နိုင်တာနဲ့ သွားခွင့် ပိတ်ပင်ထားလို့ မရောက်နိုင်တာ တခုခုပါပဲ။

တကယ်လို့ သွားလာရ ခက်ခဲလို့ ဆိုရင်တော့ အဲဒီနေရာတွေကို ရဟတ်ယာဉ်နဲ့ သွားမှ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ကယ်ဆယ်ထောက်ပံ့သူတွေ မသွားနိုင်အောင် ပိတ်ဆို့ဟန့်တားထားတယ် ဆိုရင်တော့ နအဖရဲ့ လူထုအပေါ်ထားတဲ့ သဘောထားကို လူထုက ဆုံးဖြတ်မှာပဲ ဖြစ်ပါတယ်။

တကယ်လို့များ ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတွေမှာလို မြန်မာပြည်သူလူထုကို ရဟတ်ယာဉ်တွေ ပျံသန်းမောင်းနှင်ခွင့် ပေးလိုက်မယ်ဆိုရင် စေတနာရှင် ပြည်သူတွေက အခုလိုကပ်ဘေးကြီးကျရောက်ချိန်မှာ အဲဒီဒေသတွေအထိ ရောက်အောင်သွားပြီး ကယ်ဆယ် ထောက်ပံ့လိမ့်မယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါ။

စစ်တပ်ပိုင် ရဟတ်ယာဉ်ဆိုတာ စစ်တပ်ပိုက်ဆံနဲ့ ဝယ်ထားတာဖြစ်လို့ စစ်ရေးကိစ္စမှာပဲ သုံးမယ်၊ ပြီးတော့ စစ်တပ်က ရာထူးကြီးကြီးတွေပဲ စီးခွင့်ရှိတယ်လို့ ပုံသေ မသတ်မှတ်ရပါဘူး။ အဲဒီစစ်တပ်ပိုင် ငွေကြေးဆိုတာ ပြည်သူ့ဘဏ္ဍာထဲက ယူရတာပါ။ ပြည်သူတွေဆီက အခွန် ကောက်လို့ ရတာမျိုး၊ နိုင်ငံပိုင် သယံဇာတတွေ ရောင်းချလို့ ရတာမျိုးနဲ့ စစ်တပ်ဘဏ္ဍာအဖြစ် သုံးစွဲစေရတာပါ။ နိုင်ငံသား ပြည်သူတွေ ဒုက္ခရောက်ချိန်မှာ စစ်တပ်က ရဟတ်ယာဉ်တွေနဲ့ ကူညီပေးမှလည်း ပြည်သူနဲ့ နိုင်ငံရဲ့ ကျေးဇူးသစ္စာကို စောင့်သိရာ ရောက်ပါတယ်။

လေပြင်းမုန်တိုင်းတိုက်တဲ့အခါဖြစ်ဖြစ်၊ ရေကြီးလို့-ရေလွှမ်းမိုးလို့ပဲ ဖြစ်ဖြစ်၊ ငလျင်လှုပ်လို့ မြေကြီးတွေပြို- တောင်တွေပြိုတဲ့အခါဖြစ်ဖြစ် ဒုက္ခရောက်နေသူတွေကို ကယ်ဆယ်ပေးတဲ့ နေရာမှာ ရဟတ်ယာဉ်တွေက အလွန် အသုံးကျပါတယ်။ မီးလောင်တဲ့အခါမှာ၊ မီးတောင်တွေ ပေါက်ကွဲတဲ့အခါမှာ၊ သင်္ဘောတွေ-လှေတွေ ရေနစ်မြှုပ်တဲ့အခါမှာလည်း ရဟတ်ယာဉ်တွေကို လိုသလို အသုံးချရင် မြန်မြန်ဆန်ဆန် ကယ်ဆယ်ပေးနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ရဟတ်ယာဉ်ဟာ လွတ်နေတဲ့ မြေကြီးပေါ်မှာ ရပ်နိုင်သလို ကောင်းကင်မှာလည်း ရပ်နိုင်လို့ ဖြစ်ပါတယ်။ ပြီးတော့လည်း သစ်ပင်၊ တောင်၊ မိုးမျှော် တိုက်ကြီးတွေ အစရှိတဲ့ အဆီးအတားတွေ ရှိနေရင်တောင် ကွေ့ဝိုက်ပြီးတော့ ပျံသန်းနိုင်ပါ တယ်။ ဒုက္ခသည်တွေကို ဆေးရုံ၊ ဆေးပေးခန်းနဲ့ ဘေးကင်းရာကို ကောင်းကင်ကနေ မြန်မြန် ဆန်ဆန် ပို့ဆောင်ပေးနိုင်ပါတယ်။ လိုအပ်ရင် ကယ်ဆယ်ရေးလုပ်သားတွေ၊ ဆရာဝန်တွေ၊ ကျွမ်းကျင်သူတွေကို ရဟတ်ယာဉ်နဲ့ သယ်ဆောင်လာပြီး ဘေးဒုက္ခဖြစ်နေတဲ့ နေရာကို ပို့ဆောင်ပေးနိုင်ပါတယ်။

ဒါကြောင့် နိုင်ငံတကာမှာ သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်လာတဲ့အခါဖြစ်စေ၊ မတော် တဆမှုတွေ ဖြစ်ပွားတဲ့အခါဖြစ်စေ ရဟတ်ယာဉ်ကိုသုံးပြီး ဒုက္ခရောက်နေသူတွေကို ကယ်တင် ကြပါတယ်။

မြန်မာနိုင်ငံမှာလည်း အခုလိုအချိန်မှာ ရဟတ်ယာဉ်ကိုသုံးပြီး မုန်တိုင်းဒုက္ခရောက်နေသူ တွေကို ကယ်ဆယ် ထောက်ပံ့ပေးသင့်ပါတယ်။ မြန်မာစစ်တပ်က ရဟတ်ယာဉ်ကိုပဲ သုံးသုံး၊ အမေရိကန် ကမ်းလှမ်းတဲ့ ရဟတ်ယာဉ်ကိုပဲ သုံးသုံး၊ ဒုက္ခရောက်နေသူတွေကို အမြန်ဆုံး ကူညီကယ်ဆယ်ပေးနိုင်တာဖြစ်လို့ ကောင်းတဲ့ကိစ္စပါပဲ။

ခက်တာက နအဖဆိုတဲ့ စစ်ဗိုလ်ချုပ်ခေါင်းဆောင်ကြီးတွေဟာ အင်မတန်မှ တလွဲဆံပင် ကောင်းတတ်ကြပါတယ်။ အများက အကောင်းမြင်ရင် သူတို့က အဆိုးမြင်လေ့ ရှိတတ်ကြ ပါတယ်။ ဒီတော့ အများသူငါ လုပ်ရပ်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် သူတို့ဟာ ခါးတောင်ကျိုက် တခြား၊ ဖင်တခြား ဖြစ်နေတတ်ပါတယ်။ အခုလည်း ကောင်းတဲ့ကိစ္စကို သူတို့အကျင့်ပါနေတဲ့ အတိုင်း မကောင်းမြင် ရှုထောင့်ကနေ ကြည့်ဦးမယ်ဆိုရင်တော့ နတ်လူ သာဓုခေါ်ခံရမယ့် အခွင့်အရေးကို အဆုံးရှုံးခံလိုက်သလို ဖြစ်နေပါမယ်။

နအဖကိုယ်တိုင်က စစ်တပ် ရဟတ်ယာဉ်တွေကို သုံးဖို့ လောင်စာဆီ အခက်အခဲ၊ ကျွမ်းကျင် သူ အခက်အခဲ၊ ဘဏ္ဍာရေးအခက်အခဲ ရှိနေတယ်ဆိုရင်လည်း အလကား လာပေးတဲ့ အမေရိကန် အကူအညီကို ယူလိုက်လို့ ရပါတယ်။ ကိုယ့်အိတ်ကပ်ထဲက တပြားမှ မကုန်တဲ့ အပြင် ကိုယ့်ကိုတောင် ကျေးဇူးတင်သွားဦးမယ့် အဖြစ်ပါ။ အမေရိကန်နဲ့ အဆင်ပြေရင် နအဖ ထိပ်တန်းခေါင်းဆောင်တွေနဲ့ သူတို့ရဲ့အဆက်အနွယ် ဝိသမ စီးပွားရေးသမားတွေအပေါ် အမေရိကန်က စီးပွားပိတ်ဆို့ အပြစ်ဒဏ်ခတ်ထားတာကိုတောင် ပြန်စဉ်းစားလာဖို့ ရှိချင်ရှိနိုင် ပါတယ်။

တကမ္ဘာလုံးမှာ လောင်စာဆီတွေ ဈေးတက်ချိန်မှာ၊ စားသောက်ကုန်ဈေးတွေ မိုးထိုးနေချိန်မှာ နိုင်ငံတကာက အကုန်အကျခံ လာရောက် ကယ်ဆယ်ထောက်ပံ့ပေးနေတာဟာ အင်မတန် ကောင်းတဲ့ အခွင့်အရေးကြီးပါ။ ဆင်းရဲတွင်းနက်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ ကယ်ဆယ် ထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို နိုင်ငံတကာအကူအညီ မပါပဲ လုပ်မယ် ဆိုရင် အတော်ကို ခက်ခဲနိုင်ပါတယ်။

တိုင်းပြည်ဘဏ္ဍာငွေကို ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူဦးရေအလိုက်၊ ဒေသအလိုက် အချိုးကျ သုံးစွဲရပါတယ်။ အခုဆိုရင် မုန်တိုင်းဒဏ်ကို အကြီးအကျယ် ခံလိုက်ရတဲ့ ဧရာဝတီ မြစ်ဝ ကျွန်းပေါ်ဒေသနဲ့ ရန်ကုန်တိုင်းမှာ အပျက်အစီးတွေကို ပြန်လည်ထူထောင်ဖို့အတွက် နိုင်ငံ့ ဘဏ္ဍာတွေကို ခါတိုင်းထက်ပိုပြီး သုံးစွဲရပါတော့မယ်။ ဒီတော့ အခြားဒေသတွေမှာ အထိုက် အလျောက် လျော့နည်းသွားရမှာ သေချာပါတယ်။ ဒါဆိုရင် အဲဒီဒေသတွေရဲ့ တိုးတက် ဖွံ့ဖြိုးရေးကို အနည်းအများ ထိခိုက်နိုင်စရာ ရှိလာနိုင်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်ဆိုတာ နိုင်ငံကို အဖက်ဖက်က တိုးတက်လာအောင် စဉ်းစားလုပ်ဆောင်ပေးရပါတယ်။ အဖက်ဖက်က ချွတ်ခြုံကျ မွဲတေလာရင် နိုင်ငံကို ဖျက်ဆီးတာ ဖြစ်သွားပါပြီ။

နအဖနဲ့ နိုင်ငံတကာ အလှူရှင်တွေရဲ့ ကွန်ဖရင့်မှာ နအဖက အမေရိကန်ဒေါ်လာ (၁၁ ဒဿမ ၁)ဘီလျံ တောင်းပေမယ့် မရလိုက်ပါဘူး။ ဒါကြောင့် နိုင်ငံတကာက ကပ်စီးနည်းတယ်လို့ စစ်အစိုးရပိုင် သတင်းစာကနေ ရေးသားပါတယ်။

အမှန်တော့ နိုင်ငံတကာက ကပ်စီးမနည်းပါ။ ဘေးဒုက္ခတွေ ကြီးသည်ဖြစ်စေ၊ ငယ်သည် ဖြစ်စေ ရက်ရက်ရောရော ပေးကမ်းထောက်ပံ့လေ့ ရှိပါတယ်။ အထူးသဖြင့် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေဖြစ်ရင် ထောက်ပံ့ပေးကမ်းတာအပြင် ဘဏ်ကြွေးတွေတောင် လျှော်ပစ်လိုက်ပါသေး တယ်။ နိုင်ငံတကာက ကပ်စီးနည်းရင် အဲဒီလို လုပ်ပါ့မလားလို့ တွေးကြည့်နိုင်ပါတယ်။ နအဖ ဘက်က တောင်းတာ မူမမှန်လို့၊ လုပ်နေတာ မူမမှန်လို့ နိုင်ငံတကာက မပေးပဲ စောင့်ကြည့် နေတာ ရှင်းပါတယ်။

အနီးကပ်ဆုံး နိုင်ငံတကာ အကူအညီကို ကြည့်ရင် မနှစ်က စက်တင်ဘာမှာ ဘင်္ဂလာဒက်ရှ် လေမုန်တိုင်းကြောင့် လူတသိန်းကျော် သေကြေပျောက်ဆုံးသွားတုန်းက နိုင်ငံတကာက ဘင်္ဂလာဒက်ရှ်ကို အမေရိကန်ဒေါ်လာ ()ဘီလျံပေးမယ်လို့ တပါတ်အတွင်း ကတိပေးခဲ့ဖူး ပါတယ်။ တပါတ်အတွင်း ဖြစ်အောင်လုပ်နိုင်တာကတော့ ဘင်္ဂလာဒက်ရှ်မှာ မုန်တိုင်းဒဏ် ခံရတဲ့အချိန်ကစပြီး အစိုးရဟာ ချက်ချင်းကို ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးတွေ လုပ်ပေး နေတော့ နိုင်ငံတကာ အကူအညီတွေလည်း တပါတ်အတွင်း ရလာတာပါပဲ။ ဒီတော့ မုန်တိုင်းကြောင့် အသက်မသေပဲ ကျန်ရစ်နေသူ ထောင်သောင်းချီပြီး အသက်ကယ် ပေးလိုက် နိုင်ခဲ့ပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုလည်း မြန်မြန်ဆန်ဆန် မီးရှို့သဂြိုဟ် ပေးနိုင်တော့ ရောဂါဘယတွေ မပြန့်နှံ့အောင် အတော်အတန် ထိန်းပေးနိုင်ခဲ့ပါတယ်။ အလှူရှင်တွေအဖို့ သံသယကင်းကင်းနဲ့ ရက်ရက်ရောရော ပေးကမ်းထောက်ပံ့နိုင်ခဲ့တာ မဆန်းပါ။

နအဖ စစ်အစိုးရက “အစိုးရ”ပါလို့ ကိုယ့်ကိုယ်ကို ကြွေးကျော်နေရင် အစိုးရပီသတဲ့အလုပ်ကို လုပ်မှ သဘာဝကျပါမယ်။ ဘင်္ဂလာဒက်ရှ် အစိုးရက အစိုးရတရပ်အနေနဲ့ လုပ်သင့် လုပ်ထိုက်တာကို လုပ်သွားနိုင်လို့ နိုင်ငံတကာက အကူအညီတွေ မြန်မြန်ဆန်ဆန်ကြီး ရက်ရက်ရောရောကြီး ပေးလိုက်တာပဲလို့ သဘောပေါက်ရပါမယ်။ သူ့လိုမျိုး ဖြစ်ချင်ရင် သူလိုမျိုး အစိုးရပီသတဲ့ အလုပ်ကို ရိုးရိုသားသား လုပ်ပြဖို့ လိုတာပါပဲ။

နှောင်ကြိုးတွေ ပါလာမှာ ကြောက်လို့ ဆိုတဲ့ ဆင်ခြေကတော့ ရိုးလွန်းပါတယ်။ ဒီအချိန်မှာ တကမ္ဘာလုံးက မြန်မာနိုင်ငံကို မကြုံစဖူး တစက္ကန့်မပြတ် စောင့်ကြည့်နေတာဖြစ်လို့ ဘယ်နိုင်ငံမှ မရိုးမသား မလုပ်ရဲပါဘူး။ ဒါပေမယ့် ကိုယ်က မရိုးမသား လုပ်နေရင်တော့ နိုင်ငံတကာက တခါတည်း သိသွားမှာ ဖြစ်ပါတယ်။

ခုလည်း နအဖဘက်က မရိုးမသား လုပ်နေပြီလား ဆိုတာ တကမ္ဘာလုံးက စောင့်ကြည့်နေပါတယ်။ ဒုက္ခသည်တွေကို ကယ်ဆယ်ထောက်ပံ့ဖို့ ဘယ်နိုင်ငံသားကိုမဆို မြန်မာနိုင်ငံ လာရောက် ကူညီခွင့်ပေးပါ့မယ်လို့ နအဖ ခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဆီမှာ ကတိပေးထားပါတယ်။ အဲဒီကတိကို တည်ရဲ့လား ဆိုတာလည်း အလှူရှင်နိုင်ငံတွေရော၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကပါ မျက်ခြေမပြတ် စောင့်ကြည့်နေကြပါတယ်။ နိုင်ငံ့ဂုဏ်သိက္ခာကျအောင် လုပ်နေတာ တကယ်တော့ နအဖပါပဲ။ ဒါကြောင့် နအဖအနေနဲ့ “နောက်ထပ် သိက္ခာကျလည်း ကိစ္စမရှိဘူးဟေ့” ဆိုပြီး မထူးဇာတ်ကို ဆက်မခင်းပဲ မြန်မာပြည်သူလူထုနဲ့ မြန်မာနိုင်ငံရဲ့ ကျေးဇူးသစ္စာကို ရနိုင်သရွေ့ စောင့်သိဖို့ လိုအပ်နေပါပြီ။


လွင်အောင်စိုး

- ဇွန် -၂ဝဝ၈ ခုနှစ်

Download file : 2-spdc-should-dedicate-itself-to-protecting-burmese-people-and-burma


0 comments:

Blog Archive

About Me

အာဏာရှင်စနစ်ကို တော်လှန်တဲ့ နိုင်ငံရေးစာတွေ ရေးပါတယ်။ အာဏာရှင်စနစ်ကို ချုပ်ငြိမ်းအောင် လုပ်နိုင်မှ ဒီမိုကရေစီ အစစ်အမှန် ပေါ်ထွန်းလာမှာ ဖြစ်တယ်လို့ ယုံကြည်ထားသူပါ။ အာဏာရှင် စနစ်အောက်မှာ လူဖြစ်ရှုံးနေရတဲ့ မြန်မာပြည်သူ လူထုတရပ်လုံး နိုင်ငံရေး အသိတရားတွေ တိုးပွားလာအောင်၊ နိုင်ငံရေး စိတ်ဓါတ်တွေ နိုးကြားလာအောင် ပါဝင် ကူညီပေးပါတယ်။ ဒီဆောင်းပါးတွေကို “Save Burma” နဲ့ “Burma Digest” ဘလော့ဂ်တွေမှာလည်း ဖော်ပြထားပြီး ဖြစ်ပါတယ်။