၂ဝဝ၈ ခုနှစ်အတွင်း ရေးပြီးခဲ့သမျှ ဆောင်းပါးတွေ ဖြစ်ပါတယ်။

Tuesday, August 12, 2008

ဖုံးပြီးတော့ လိမ်၊ လိမ်ပြီးတော့ တောင်း၊ တောင်းပြီးတော့ …..

မြန်မာ့လေဘေးဒုက္ခကို ပြည်တွင်းပြည်ပမှ အမှန်တကယ် မသိအောင် နအဖက သတင်းအမှောင်ချသည်။ ဇာတိက မပျောက်။ ရနိုင်သမျှ ဖုံးဖိထားသည်။ ဘယ်လောက်ပင် ဖုံးဖုံး၊ သတင်း ဆိုသည်မှာ ဟုတ်လျှင် ကျော်သည်။ မဖုံးနိုင် မဖိနိုင်ဖြစ်လာရသောအခါ မဟုတ်တရုတ်များဖြင့် ပြည်တွင်းပြည်ပကို လိမ်လည် လှည့်စားသည့် သတင်းများ ထုတ်ပြန်ရန် ကြိုးစားကြည့်ပြန်သည်။

တင်း အမှောင်ချ၊ ဖုံးဖိ၊ ပိတ်ပင်သည့် ဥပမာတခုကို ဖော်ပြပါမည်။ ရေဘေးဒုက္ခများ ဖြစ်နေသည့် ဒေသများသို့ သွားရောက်သတင်းယူသည့် အယ်ဒီတာ ဦးဇော်သက်ထွေးနှင့်အဖွဲ့အား စစ်တပ်မှ တညတာ ဖမ်းဆီး ထိန်းသိမ်းပြီး ရိုက်ကူးထားသည့် သတင်းမှတ်တမ်း ဓါတ်ပုံများကို သိမ်းဆည်းသွားခြင်းနှင့် နောက်နောင်တွင် ခွင့်ပြုချက် အရင်တောင်း ခံရမည်ဟု ကြိုတင် ပိတ်ပင်တားမြစ်ခြင်းမျိုး ဖြစ်သည်။
ဤသို့သော အဖြစ်မျိုး မည်မျှရှိနေခဲ့သည်ကို မသိရပါ။ သို့သော အများအပြား ရှိနေမည်ဆိုတာကတော့ အလွန်သေချာသည်။ အကြောင်းမှာ အာဏာရှင်စနစ်ဆိုးကြောင့် ဖြစ်သည်။

အာဏာရှင်တို့မည်သည် အမှန်တရားကို ဖုံးကွယ်၍ အာဏာကို ဖက်တွယ်နေရသူများ ဖြစ်၍ သတင်း မီဒီယာ လွတ်လပ်ခွင့်ကို ပေးရိုးထုံးစံ မရှိ။ အာဏာရှင်တို့ အုပ်စိုးသည့် တိုင်းပြည်များတွင် ဖြစ်ပျက်နေကျ အမှန်တရား ဖြစ်သည်။

ဗိုလ်ချုပ်သန်းရွှေ အုပ်စိုးသည့် ခေတ်တလျှောက်လုံးသာ မဟုတ်သေး။ သူ့အရင်က အာဏာရှင်ကြီး ဖြစ်ခဲ့သော ဗိုလ်ချုပ်နေဝင်း လက်ထက်ကတည်ကပင် သတင်းမီဒီယာ လွတ်လပ်ခွင့် မရှိခဲ့။ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် စွန့်စားတိုက်ပွဲဝင်သူများမှာ နိုင်ငံရေးသမားများနည်းတူ အဖမ်းခံရသည်။ ဘဝပျက် အောင် ချေမှုန်းခံရသည်။

မုန်တိုင်း တိုက်ခတ်ပြီးခါစ ရက်ပိုင်းအတွင်း လူ တသောင်းကျော် သေဆုံး၍ လေးသောင်းကျော် ပျောက်ဆုံး နေသည်ဟု နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းက တရားဝင်ကြေညာချက် ထုတ်ပြန်သည်။ အတည်ပြုရန် မလွယ်ကူသည့် အရပ်ဖက် သတင်းများအရ ထိုအချိန်တွင် သေဆုံးသူပေါင်း ၆ သောင်းအထက်မှာ ရှိနေ သည်။ ယခုနောက်ဆုံးအချိန်ထိ နအဖက တရားဝင်ထုတ်ပြန်ထားသော စာရင်းအရ လူအသေအပျောက် စာရင်းမှာ တသိန်း သုံသောင်း လေးထောင် (၁၃၄ဝဝဝ) ဖြစ်သည်။

နိုင်ငံ့အခွန်ငွေနှင့် တိုင်းပြည် အရင်းအမြစ်များကို အသုံးချ၍ သတင်းမီဒီယာကို လည်ပတ်အောင် လုပ်ပေး နေသည့် အစိုးရ အဖွဲ့အစည်းတခု၌ ပုဂ္ဂလိက အဖွဲ့အစည်းများထက် လူအင်အား၊ ငွေအင်အား၊ ပစ္စည်း အင်အား၊ လမ်းပန်း အဆက်အသွယ် အစစအရာရာ သာလွန်အောင် လုပ်နိုင်စွမ်းရှိသည်။ အမှန်စင်စစ် မလုပ်နိုင်၍ မဟုတ်။ ပြည်တွင်း ပြည်ပကို သတင်းလိမ်ထုတ်ရန် ကြိုးစားကြည့်ခြင်းမျှသာ ဖြစ်သည်။

ထို့ထက်ပို၍ ယုတ္တိမတန်အောင် လိမ်လည်လှည့်ဖျားသော သတင်းတပုဒ်မှာ နအဖ ဝန်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန်၏ ပါးစပ်ပေါက်မှ ထွက်လာသော စကားဖြစ်သည်။ ထိုင်းဝန်ကြီးချုပ်က မြန်မာ့လေဘေးဒုက္ခ ကယ်ဆယ်ရေးအတွက် မြန်မာနိုင်ငံသို့ ရောက်လာသောအခါ ဗိုလ်ချုပ်သိန်းစိန်က ယခုအခါတွင် လေဘေး ကိစ္စများကို ထိန်းချုပ်နိုင်လိုက်ပါပြီဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ထိုင်းဝန်ကြီးချုပ်မှတဆင့် ထိုစကားက ကမ္ဘာသို့ ပျံ့နှံ့သွားရာ မြန်မာ့အရေး စောင့်ကြည့်နေသူများနှင့် ကပ်ဘေးဒုက္ခ ကျွမ်းကျင်သူတို့ ပါးစပ် အဟောင်းသား ဖြစ်သွားရသည်။

၁၂ ပေခန့်မြင့်သည့် ရေလှိုင်းကြီးများက ရွာလုံးကျွတ်ပျောက်သွားအောင် အကြီးအကျယ် ဝါးမြိုဖျက်ဆီးပစ် လိုက်သည့် နေရာများ၌ ရက်ပိုင်းအတွင်း ထိုမျှမြန်ဆန်အောင် ထိန်းချုပ်နိုင်လိုက်ပြီ ဆိုသည်မှာ မည်သည့် စူပါ ပါဝါများ ရထားပါသနည်း။

ထိန်းချုပ်ရသည့် နယ်မြေများမှာ သေးသေးကွက်ကွက်မျှသာ မဟုတ်။ ဟိုင်းကြီးကျွန်းမှသည် ရန်ကုန်တိုင်း အထိ အလွန်အမင်းကျယ်ပြန့်သည်။ လူသေအလောင်းများကို ရှင်းပစ်ရန်၊ အသက်မသေ ကျန်ရစ်သူများကို ကယ်ဆယ်ရန်၊ စားဝတ်နေရေးနှင့် ကျန်းမာရေး၊ လုံခြုံရေး တာဝန်ယူ စောင့်ရှောက်ပေးရန် အစရှိသည့် ကနဦး မဖြစ်မနေ လုပ်ရမည့် အလုပ်များကို မလုပ်ပဲထားဦး။ ထိုရေလွှမ်းဒေသများသို့ သွားကြည့်ရန်ကိုပင် ရဟတ်ယာဉ်ဖြင့် သွားမှရသည်။

ဗိုလ်ချုပ်သိန်းစိန်က မည်သည့်အချက်များကို ကိုးကား၍ အခြေအနေများကို ထိန်းချုပ်နိုင်ပြီဆိုသည့် စကားကို ပြီးစလွယ် ပြောဆိုရသနည်း။ သူ့ရာထူးအဆင့်အတန်းအရ စကားတခွန်းကို လက်လွတ်စပယ် ပြောဆို၍ မရနိုင်။ နားထောင်ရသည့် ထိုင်းဝန်ကြီးချုပ်က ထိုစကားမျိုးကို ကမ္ဘာက မသိအောင် နှုတ်လုံ နေမည်ဟု ထင်နေ၍ပေလော။

သို့တည်းမဟုတ် ဝန်ကြီးချုပ်အား ချောက်တွန်းလိုသည့် သဘောဖြင့် သူ့လက်အောက်က ပြန်ကြားရေး ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီး၊ ထောက်လှမ်းရေးချုပ် အစရှိသူတို့က မမှန်သတင်းများ တင်ပြလိုက်ခြင်းပေလော။ နအဖ စစ်ကောင်စီ (သို့) ဗိုလ်ချုပ် သန်းရွှေထံမှ တိုက်ရိုက် ယူသုံးသည့် စကားလုံးပင် ဖြစ်သလော။

သူတို့အရှုပ်တော်ပုံကို သူတို့သာ သိပေလိမ့်မည်။

ရက်အနည်းငယ်အတွင်းမှာပင် သူတို့နအဖအတွင်း၌ အခြေအနေများ ပြောင်းလဲသွားပြန်သည်။ လေဘေး ဒုက္ခအတွက် နိုင်ငံတကာမှ အလွန်အမင်း ကူညီချင်နေကြသည်ကို သိထားသဖြင့် နအဖ ဗျူဟာအသစ် တခု ခင်းကျင်းလာသည်။ လူအသေအပျောက်စာရင်းကို ကိန်းဂဏန်း အတိအကျဖြင့် နှစ်ဆ သုံးဆ တင်ပြ လိုက်သည်။ ထို့နောက် အပျက်အစီးများအတွက် ကယ်ဆယ်ထောက်ပံ့ရေးနှင့် ပြန်လည် ပြုပြင် တည် ဆောက်ရေး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁ဝ)ဘီလျံ ရှိသည်ဟု ကြေညာ၍ နိုင်ငံတကာ အကူအညီများ တောင်းခံလာသည်။

ကပ်ဆိုးဘေးဒုက္ခများ ဖြစ်ပေါ်လာသောအခါ လတ်တလော ကာကွယ်စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး အပြင် ပြန်လည်ပြုပြင် တည်ဆောက်ရေးများအတွက် ရေတိုစီမံကိန်းများ လိုအပ်သည်။ ရေရှည်စီမံကိန်း လည်း ထားရှိကျင့်သုံးရမည်။

နအဖ အာဏာပိုင်တို့က အမှန်တကယ် တွက်ချက်ပြီးစီးနိုင်သည့်သဘောတော့ ရှိဟန်မတူပါ။ တိုင်းပြည် အတွင်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် အရေးပေါ်အခြေအနေကို ကြေညာထားရသည်။ ထိုအတောအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်နေရသည်။ ထိုအထဲ ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကြီးကို မဖြစ် ဖြစ်အောင် ကျင်းပလိုက်သေးသည်။ နိုင်ငံတကာ ပြည်ပအဖွဲ့အစည်းများက ကယ်ဆယ်ထောက်ပံ့ရေး အကူအညီများ ကမ်းလှမ်းလာနေသည်ကို တုန့်ပြန် ငြင်းဆိုနေရသည်။

သည်မျှ အလုပ်များနေသည့် အစိုးရ တရပ်အဖို့ ရက်အနည်းငယ်အတွက် ဆုံးရှုံးမှု ပမာဏများကို တွက်ချက်၍ ရေတို-ရေရှည်စီမံကိန်းများဖြင့် ပြန်လည်ပြပြင်တည်ဆောက်ရေးအတွက် တန်ဖိုးပမာဏကို တွက်ချက်နိုင်သည်ကတော့ ယုတ္တိမတန်လှပါ။

ယခုနောက်ဆုံး ထုတ်ပြန်သည့် ငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံနှင့် သန်းတရာထိပင် ရှိလာသည်။ ဤပမာဏထက်ပိုလျှင် မယုံသင်္ကာ ဖြစ်မည်စိုး၍ လျှော့ပေါ့ ပြောဆိုလိုက်လား၊ သို့တည်း မဟုတ် ဒူးလောက်တင်မှ ရင်လောက်ကျသည်ဟု သဘောထား၍ ပိုပိုသာသာ တောင်းခံခြင်းပင်လား ထင်မှတ်ရသည်။

အခြေခံဥပဒေမူကြမ်း ရေးဆွဲနေသည်ဟု အကြောင်းပြကာ အမျိုးသားညီလာခံကို (၁၄)နှစ်တိုင်အောင် အချိန်ဆွဲ ကျင်းပ၍ အာဏာ သက်ဆိုးရှည်နေခဲ့သည့် နအဖလို အာဏာပိုင်မျိုးက ယခု နိုင်ငံတကာက ဆိုင်ကလုန်းမုန်တိုင်းအတွက် အကူအညီပေးမည့်ကိစ္စတွင် ရက်ပိုင်းအတွင်း ဒေါ်လာ (၁၁.၁)ဘီလျံ တောင်းခံသည်ကတော့ အတော့်ကို မြန်ဆန်လွန်းနေသည်။

မည်သို့ပင်ဖြစ်စေ၊ ဆိုင်ကလုန်း မုန်တိုင်း မတိုင်ခတ်မီ ကြိုတင်သတိပေးရန် ပျက်ကွက်ခြင်းနှင့် မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး အကူအညီများ ချက်ချင်း လုပ်ဆောင်မပေးခြင်း၊ အကူအညီ မရရှိ၍ သေဆုံးရခြင်းများအတွက် နအဖ အာဏာပိုင်တို့တွင်သာ တာဝန်ရှိသည်။ လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့သည့် ရာဇဝတ်မှု ဖြစ်သည်ဟု သတ်မှတ်ခံရနိုင်သည်။

ယူဖို့ မြန်သလောက် ပေးဖို့ နှေးနေသော နအဖ အာဏာရှင်ကြီးများအဖို့ နိုင်ငံတကာ ငွေကြေး အကူအညီ မရမှာကို စိုးရိမ်နေရန် မရှိပါ။ မုချ ပေးပါလိမ့်မည်။ အကြောင်းမှာ လူသားချင်းစာနာထောက်ထားမှုကြောင့် ဖြစ်သည်။ နိုင်ငံရေးကို ယာယီအားဖြင့် ဘေးချိတ်ထားကောင်း ထားပါလိမ့်မည်။

သို့သော် မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်သန်းရွှေ ဦးဆောင်သော နအဖ အာဏာရှင်များ ရှိနေသရွေ့ မြန်မာ ပြည်သူများကို နိုင်ငံတကာမိသားစုက မျက်ခြေမပြတ်တမ်း စောင့်ကြည့်နေပြီး လိုအပ်သည့်အတိုင်း လူမှုရေးအရဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ တာဝန်မပျက်တမ်း ကူညီနေမည်သာ ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများ၏ ဤသို့သော ရပ်တည်ချက်မှာ ပြောင်းလဲမည် မဟုတ်ကြောင်း နအဖ သိထားရန် လိုအပ်ပါမည်။

လွင်အောင်စိုး
၂၆ မေလ ၂ဝဝ၈

0 comments:

Blog Archive

About Me

အာဏာရှင်စနစ်ကို တော်လှန်တဲ့ နိုင်ငံရေးစာတွေ ရေးပါတယ်။ အာဏာရှင်စနစ်ကို ချုပ်ငြိမ်းအောင် လုပ်နိုင်မှ ဒီမိုကရေစီ အစစ်အမှန် ပေါ်ထွန်းလာမှာ ဖြစ်တယ်လို့ ယုံကြည်ထားသူပါ။ အာဏာရှင် စနစ်အောက်မှာ လူဖြစ်ရှုံးနေရတဲ့ မြန်မာပြည်သူ လူထုတရပ်လုံး နိုင်ငံရေး အသိတရားတွေ တိုးပွားလာအောင်၊ နိုင်ငံရေး စိတ်ဓါတ်တွေ နိုးကြားလာအောင် ပါဝင် ကူညီပေးပါတယ်။ ဒီဆောင်းပါးတွေကို “Save Burma” နဲ့ “Burma Digest” ဘလော့ဂ်တွေမှာလည်း ဖော်ပြထားပြီး ဖြစ်ပါတယ်။