၂ဝဝ၈ ခုနှစ်အတွင်း ရေးပြီးခဲ့သမျှ ဆောင်းပါးတွေ ဖြစ်ပါတယ်။

Tuesday, August 12, 2008

လမ်းဆုံလမ်းခွရောက်လျှင် ဆုံးဖြတ်ရတော့မည်

မြန်မာပြည်သူနှင့် ပြည်သူတို့ ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များ မပါပဲ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို နအဖက သူတို့ကိုယ်တိုင် တဖက်သပ် စိတ်ကြိုက် ရေးဆွဲထားခဲ့သည်။

မူကြမ်းရေးဆွဲသည်ကိုက အများလက်ခံနိုင်စရာ ဖြစ်သင့်ဖြစ်ထိုက်သော အနေအထားမျိုး မဟုတ်သဖြင့် လွန်ခဲ့သော (၁၄)နှစ်ကျော်မှ စတင်၍ ရေးဆွဲကတည်းကပင် ပြင်းပြင်းထန်ထန် ကန့်ကွက် ဝေဖန်ခြင်း ခံရသည်။

မူကြမ်းကို နအဖ စိတ်ကြိုက် ရွေးချယ်ထားသူများသာ ပါဝင်သည့် အမျိုးသားညီလာခံတွင် ၎င်းတို့အလိုကျ စည်းကမ်းများအောက်၌သာ အတင်းအကြပ် ရေးဆွဲသည်။ အမျိုးသား ညီလာခံမှ နိုင်ငံတော်၏ ဦးတည်ချက်များ၊ အခြေခံမူများကို စိတ်ကြိုက်သတ်မှတ်ပြီး ရေးဆွဲသည်။ မည်သူတဦးတယောက်မျှ မဝေဖန်နိုင်အောင် ကြီးလေးသော ပြစ်ဒဏ်များ ချမှတ် အရေးယူနိုင်သည့် တချက်လွှတ်အမိန့် (၅/၉၆)ကို ထုတ်ပြန်ထားသည်။ ထို့နောက် ညီလာခံမှ ယင်းကို အတည်ပြုသည်။

ရလဒ်ကား နိုင်ငံရေး သဘောအရ လက်မခံနိုင်သည့် မူကြမ်းတခု ဖြစ်လာသည်။ တိုင်းပြည်အနာဂတ် အတွက် အလွန်အမင်း စိုးရိမ်ဖွယ်ရာ ကောင်းလှသည့် မူကြမ်း ဖြစ်နေသည်ကို တွေ့ရသည်။ မြန်မာပြည်သူ လူထုက တောင့်တနေသည့် ဒီမိုကရေစီ စနစ်၏ အခြေခံမျှပင် မရှိပဲ စစ်တပ်အကြီးအကဲတို့မှ လွှမ်းမိုး ချယ်လှယ် ချုပ်ကိုင်ထားနိုင်မည့် မူကြမ်း ဖြစ်နေသည်။ ယင်းကိုပင် အခြေခံ၍ နအဖမှ စိတ်ကြိုက် ရွေးထားသည့် ပုဂ္ဂိုလ် (၄၅)ဦးတို့က အခြေခံမူကြမ်းကို ရေးဆွဲထားသည်ဟု အမည်တပ်ပေးလိုက်ခြင်း ဖြစ်သည်။

ထိုမူကြမ်းကို လူထု ထောက်ခံမှု ရှိမရှိ သိရန် ၂၀၀၈ မေလတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် လူထုဆန္ဒ ခံယူပွဲ လုပ်ပြီး ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု နအဖ စစ်အစိုးရက ၉-၂-၂၀၀၈ နေ့တွင် ရုတ်တရက် ကြေညာခဲ့သည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူတို့ ရွေးချယ် တင်မြှောက်ထားသော နိုင်ငံရေးပါတီများကို ကြိုတင် တိုင်ပင် နှီးနှောဖလှယ်ခြင်း မရှိပဲ တဖက်သပ် အချိန်ဇယား သတ်မှတ်ကာ ဇွတ်အတင်း ကြေညာခဲ့သည်။ နအဖ အာဏာပိုင်တို့သည် ၎င်းတို့၏ အာဏာရှင် မျက်နှာဖုံးကို မချွတ်နိုင်သေးကြောင်း သက်သေ ပြလိုက်ခြင်းပင်။

အဆိုပါ အချက်များက မြန်မာ စစ်အစိုးရသည် သူတို့ကိုယ်တိုင် ကျင်းပပေးခဲ့သော ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို အတည်ပြုပေးရန် ကတိက၀တ်ကို တမင်တကာ ဖျက်ပစ်လိုက်ကြောင်း အထင်အရှား ဖော်ပြနေသည်။

သမာသမတ်ရှိလှသော ရွေးကောက်ပွဲတရပ်ကို ကျင်းပပေးနိုင်သည့် အစိုးရ (သို့) အာဏာပိုင်တဖွဲ့အနေဖြင့် မိမိတို့လုပ်ရပ်ကို ဂုဏ်သိက္ခာရှိရှိဖြင့် သမိုင်းမှတ်တမ်း တင်လိုက်ကြသည်သာ ဖြစ်သည်။ ရွေးကောက်ပွဲ ကတိက၀တ်ကို ဖျက်ကာ အနိုင်ရပါတီအား အာဏာလွှဲပြောင်းခြင်းမပြုပဲ နောက်ထပ် ရွေးကောက်ပွဲ အသစ် ကျင်းပလိုသည်မှာ အာဏာမက်မောမှု အကြောင်းရင်းခံမှလွဲ၍ အခြားရှိနိုင်မည် မဟုတ်ပါ။

လူထုဆန္ဒခံယူပဲ ကျင်းပ၍ ရွေးကောက်ပွဲအသစ် ကျင်းပပေးမည်ဟု နအဖတို့က ရုတ်တရက် ကြေညာရသည်မှာလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအ၀င် တရုတ်နှင့် နိုင်ငံတကာ ဖိအား၊ ပြည်တွင်းဖိအားများကို ရှောင်ထွက်လို၍ ဖြစ်ကြောင်း သိသာလှသည်။

တရုတ်နိုင်ငံမှာ မကြာခင် နိုင်ငံတကာ အိုလံပစ် အားကစားပြိုင်ပွဲကြီးကို ငွေကုန်ကြေးကျခံ၍ ကျင်းပတော့မည်ဖြစ်ရာ ဒေသန္တရ နိုင်ငံရေး သဘောအရ ဒေသတွင်း တည်ငြိမ်ရေးက အထူး အရေးကြီးနေသည်။ အိမ်နီးချင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးက တရုတ်တို့၏ ရည်မှန်းချက်အား ခြိမ်းချောက်လာနေသည့် အဖြစ်မျိုးကို တရုတ်က လိုလားနှစ်သက်မည် မဟုတ်သလို လက်ပိုက်ကြည့်နေမည်လည်း မဟုတ်ပေ။

တရုတ်အနေဖြင့် သူ့အကျိုးစီးပွားကို မထိခိုက်စေရန်အတွက် ကာကွယ်မည်သာ ဖြစ်သည်။ မည်သည့် နိုင်ငံပင် ဖြစ်စေကာမူ တရုတ်က သူတတ်နိုင်သည့်ဘက်မှ ဖိအားပေး တောင်းဆိုမည်လည်း ဖြစ်သည်။

တရုတ်အား အရင်းနှီးဆုံး မဟာမိတ်အဖြစ် အသိအမှတ်ပြု မှီခိုနေရသည့် နအဖ စစ်တပ်ဗိုလ်ချုပ်ကြီးများမှာ လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာ သုံးနိုင်သော တရုတ်ကို ကျောခိုင်း၍ မဖြစ်နိုင်ကြောင်း ကောင်းကောင်း သဘောပေါက်ထားသည်။ အခြားတဖက်တွင်လည်း မြန်မာနိုင်ငံ၌ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီများ ရှိနေသည့်တိုင်အောင် မတရား သိမ်းပိုက်ရယူထားသည့် အာဏာကို စွန့်လွှတ်ရန် ဗိုလ်ချုပ်ကြီးများက ၀န်လေးနေပြန်သည်။

သို့ဖြစ်၍ နအဖက ဓါတ်ပြားဟောင်းကြီးဖြစ်သော လမ်းပြမြေပုံကို ထုတ်သုံးလာသည်။ နအဖ၏ လမ်းပြမြေပုံသည် သူတို့ အချိန်ဆွဲရန် လှည့်စားနေကျဖြစ်ကြောင်း၊ နိုင်ငံတကာ ဖိအားများကို ရှောင်ထွက်ရန် သုံးနေကျဖြစ်ကြောင်း နိုင်ငံတကာမှ သဘောပေါက်ထားသည်။

နအဖတွင် အကြောက်တရားများ ကြီးမားစွာ ရှိနေသည်။ ဥပမာဆိုလျှင် အာဏာစွန့်လွှတ်ရေးကို နံပါတ်တစ် ကြောက်သည်။ ထို့ပြင် နိုင်ငံတကာမှ စီးပွားပြစ်ဒဏ်ခတ် ပိတ်ဆို့မှုများကို ကြောက်သည်။ ပြည်တွင်းမှ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးရမှာကို ကြောက်သည်။ ပြည်သူလူထု၏ အကြမ်းမဖက် နိုင်ငံရေး လှုပ်ရှားမှုများကို ကြောက်သည်။ တမျိုးသားလုံး ပြန်လည် သင့်မြတ်သွား၍ တပ်မတော်နှင့် နိုင်ငံဝန်ထမ်းများက တိုင်းရင်းသား ပြည်သူ လူထုတရပ်လုံးနှင့် တသားတည်း ဖြစ်သွားမှာကိုလည်း ကြောက်သည်။

နအဖတွင် အကြောက်တရားများက လွန်ကဲစွာ လွှမ်းမိုးနေသောကြောင့်လည်း ခြေမကိုင်မီ လက်မကိုင်မီ ပျာရာခတ်သည့် အဖြစ်ကို ရောက်နေသည်ဟု ဆိုရပေလိမ့်မည်။

အကြောင်းမှာ နအဖ စစ်အာဏာပိုင်တို့အား ရဲရဲဝံ့ဝံ့ တောင်းဆို ဆန္ဒပြသော ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကြီးက မြန်မာနိုင်ငံ အနှံ့အပြားတွင် အကြီးအကျယ် ပေါ်ထွက်လာခဲ့အပြီး (၅)လ မရှိတရှိတွင် နအဖသည် လူထုဆန္ဒ ခံယူပွဲနှင့် ရွေးကောက်ပွဲ အချိန်ဇယား အကြမ်းဖျဉ်းကို ကြေညာလိုက်သောကြောင့် ဖြစ်သည်။

စက်တင်ဘာ အရေးအခင်းတွင် ရက်ရက်စက်စက် နှိပ်ကွပ်ဖြိုခွဲခံလိုက်ရသော လူထု၏ မကျေနပ်မှုနှင့် စိတ်နာကျည်းမှုများမှာ အဆိုပါ (၅)လတာအတွင်း မည်သို့မျှ ပြေပျောက်သွားနိုင်စရာ မရှိသေး။ ထို(၅)လ အတွင်း နိုင်ငံရေးဖိနှိပ်မှုများနှင့် စီးပွားရေး ချွတ်ခြုံကျမှုများကလည်း ပိုမိုလွန်ကဲ လာနေပြန်သည်။ နောက်ဆက်တွဲ အကျိုးတရား အဖြစ် လူထုထောက်ခံမှုကို နအဖအနေဖြင့် မည်သည့်နည်းနှင့်မျှ ရနိုင်စရာ အကြောင်းမရှိသေးပေ။ ယင်းသို့သော နိုင်ငံရေး နောက်ခံအနေအထားကို နအဖ စစ်ဗိုလ်ချုပ်ကြီးများ သိကောင်းသိထားပေလိမ့်မည်။

အရူး မီးဝိုင်းသည့် မြန်မာစကားရှိသည်။ ထိုအရူးသည် ထွက်ပေါက် ရှိနေလင့်ကစား ထွက်ပေါက်ဟု နားမလည်နိုင်။ မီးထဲသို့ တိုးရန်သာ ကြိုးစားနေတတ်သည်။ အမှန်တကယ် တိုးကြည့်သောအခါ ပူသည့်ဒဏ်ကို မခံနိုင်သဖြင့် ဟိုဘက် သည်ဘက် ပြေးနေရတော့သည်။

နအဖ စစ်ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့၏ အတုအယောင် အမျိုးသားညီလာခံနှင့် အာဏာရှင် သက်ဆိုးရှည်ရေး ဖွဲ့စည်းပုံ အခြေခံဥပဒေဘက်တွင်သာ တ၀ဲလည်လည် ဖြစ်နေသည်မှာ အမှန်တကယ် လုပ်သင့်သည်များကို လုပ်ရန် ဆန္ဒမရှိသောကြောင့် (သို့) နားမလည်နိုင်သောကြောင့်ဟုသာ ဆိုရပေလိမ့်မည်။

နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ရေးဆွဲကြသူတို့ကို ရွေးချယ်ရာတွင် တိုင်းပြည်၏ နိုင်ငံရေး နောက်ခံပေါ် မူတည်သည်။ အကောင်းဆုံး ဖြစ်သင့် ဖြစ်ထိုက်သည်များကို လူထုအလိုကျ ဆောင်ရွက်ပေးရသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်၍ကား ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအရ ပြည်သူတို့ ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များ ရှိနေနှင့်ပြီး ဖြစ်၍ အထူးတလည် အချိန်ကုန်ခံ၊ ငွေအကုန်ခံကာ ထပ်မံ ရွေးချယ်စရာမလို။ ထို့ပြင် တရားဝင် ရပ်တည်နေသော နိုင်ငံရေးပါတီများလည်း ရှိနေနှင့်ပြီး ဖြစ်နေသည်။

နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းရေးဆွဲပြီးလျှင် ယင်းကို တနိုင်ငံလုံးရှိ ပြည်သူအားလုံးက ကျေညက်စွာ သဘောပေါက် နားလည်အောင် ဖြန့်ချိ ဝေငှပေးရသည်။ နိုင်ငံအတွင်း၌ အဓိက ဘာသာစကားအပြင် အခြား လူမျိုးစုနွယ်ဖွားတို့၏ ဘာသာစကားများအတိုင်း အတိအကျ ဘာသာပြန်၍ လူတိုင်း ဖတ်ရှုလေ့လာ သိရှိအောင် လုပ်ပေးရသည်။ ပြည်သူတို့က ထိုမူကြမ်းကို ပွင့်လင်းစွာ ဝေဖန်ဆွေးနွေး၊ အကြံပြု၊ ပြင်ဆင်နိုင်ခြင်းများကို တလေးတစား လက်ခံပေးရသည်။

ထို့ပြင် ပြည်သူလူထု၏ အခြေခံ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေး၊ အစိုးရကောင်းတရပ် ပေါ်ထွက်လာနိုင်ရေးနှင့် တိုင်းပြည်ယန္တရား ချောမွေ့စွာ လည်ပတ်နိုင်ရေး၊ နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် အထောက်အကူ ပြုမည့် ဥပဒေများ ပြုနိုင်ရေး စသည်တို့အတွက် မူကြမ်းကို အကောင်းဆုံး ဖြစ်နိုင်သမျှ ဖြစ်နေအောင် ကြိုတင်ပြင်ဆင် ပေးထားရသည်။

နိုင်ငံတခုတွင် ထိုနိုင်ငံကို မည်သို့မည်ပုံ ဖွဲ့စည်းတည်ဆောက်ရမည် ဆိုသည့် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေလောက် အရေးကြီးသောအရာ မရှိတော့ပြီ။ ပြည်သူတိုင်း၏ အနာဂတ်ကို ပုံသွင်း ဖန်တီးတော့မည် ဖြစ်၍ ဤမျှလောက် အရေးပါသော နိုင်ငံရေးကိစ္စတရပ်ကို ပေါ့ပေါ့တန်တန် သဘောထား၍ မရ။ လက်ရှိအာဏာပိုင်တို့က “ငါ အာဏာပိုင်ပဲ၊ လုပ်ချင်ရာ လုပ်မည်”ဟု သဘောထားပါက ဒီမိုကရေစီစနစ်ကို မရောက်ပဲ အာဏာရှင်စနစ်ဆီကိုသာ ပြန်လည် ရောက်ရှိသွားမည် ဖြစ်သည်။

အခြေခံဥပဒေ မူကြမ်းရေးဆွဲခြင်း၊ လူထုဆန္ဒခံယူပွဲ ကျင်းပခြင်း၊ ရွေးကောက်ပွဲ ကျင်းပခြင်း၊ လူထုက ရွေးချယ် တင်မြှောက်ထားသူတို့အား နိုင်ငံရေးအာဏာ လွှဲအပ်ခြင်း စသည်တို့မှာ အတတ်နိုင်ဆုံး အမြော်အမြင် ကြီးမားစွာဖြင့် သမာသမတ်ဖြစ်အောင် လုပ်ပေးရသည့် အရေးကြီးလှသော နိုင်ငံရေးကိစ္စများ ဖြစ်သည်။

အနည်းဆုံး လူထု ကျေနပ်အောင် လုပ်ပေးရန် သက်ဆိုင်သည့် အာဏာပိုင်တို့နှင့်တကွ နိုင်ငံရေးသမားများတွင် တာဝန်အပြည့်အ၀ ရှိသည်။ ဤသည်မှာ လွန်ခဲ့သည့် နှစ် (၂၀၀)ကျော်ကစ၍ ယနေ့တိုင် တကမ္ဘာလုံးက လက်ခံထားသည့် ထုံးစံဖြစ်သည်။

ဤအချက်အလက်များကို မြန်မာပြည်သူတို့ မသိဟု အထင်သေး၍မရ။ တိုင်းပြည်က မည်မျှပင် ဆင်းရဲနေစေကာမူ၊ သတင်း အမှောင်ချထားစေကာမူ ပြည်သူတို့၌ နိုင်ငံရေး ဗဟုသုတများ ရှိသင့်သလောက် ရှိနေသည်။ ခေတ်အမြင် ခေတ်အတွေးများ လက်လှမ်းမီလျက် ရှိနေသည်ဟု ဆိုနိုင်သည်။ လူထုတွင် နိုင်ငံရေး နိုးကြားမှုများ စဉ်ဆက်မပြတ် ရှိနေကြောင်း ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးက အတိအလင်း သက်သေပြခဲ့ပြီး ဖြစ်သည်။

သို့ဖြစ်၍ မြန်မာနိုင်ငံကို လက်ရှိ အုပ်စိုးနေသော တပ်မတော် အစိုးရ အမည်ခံ နအဖ အာဏာပိုင်တို့က တိုင်းပြည်အတွက် အများလက်ခံသော ထုံးစံအတိုင်း လုပ်သင့်လုပ်ထိုက်သည်များကို မရှက်မကြောက် အနစ်နာခံ၍ လုပ်ပေးရန် မဖြစ်မနေ လိုအပ်နေသည်။ သို့မဟုတ်ပါက တိုင်းပြည် နစ်နာဆုံးရှူံးမည်။ တပ်မတော်လည်း နာမည်ပျက်မည်။ အာဏာပိုင်တို့ ကိုယ်တိုင်လည်း သမိုင်းတရားခံအဖြစ် ဖျောက်ဖျက် မရသော အမဲစက်ကြီး ပေကျံရစ်တော့မည်။

ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံကိုကြည့်ကြည့်၊ အစိုးရတရပ်အနေဖြင့် တာဝန်ကျေအောင် လုပ်ပေးနိုင်ခြင်း မရှိလျှင် အခြားအစိုးရတရပ် ပေါ်ထွက်လာသည်ပင်။ ဤသည်မှာ အသစ်ထွက်ပေါ်လာသော အခြားအစိုးရကြောင့် မဟုတ်၊ လက်ရှိအစိုးရ၏ တာဝန်မဲ့မှုကြောင့်၊ အရည်အချင်း မပြည့်သောကြောင့်သာ ဖြစ်ရသည်။

တာဝန်မဲ့၍ အရည်အချင်းမမီသော အစိုးရတရပ်ကို နိုင်ငံရေးအသိစိတ် နိုးကြားသော လူထုက လက်မခံ၊ အနစ်နာခံ စွန့်စားနိုင်သော နိုင်ငံရေးသမားတို့ လက်ပိုက်ကြည့်မနေ။ တိုင်းပြည်အတွက် တာဝန်ရှိသည် ဖြစ်၍ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားမှုများ ထွက်ပေါ်လာတတ်သည်။

မည်သူ့အပြစ်နည်း။ တာဝန်မဲ့၍ အရည်အချင်း မရှိသူတို့၏ အပြစ်သာ ဖြစ်ကြောင်း လူတိုင်းပင် အလွယ်တကူ သိရှိနိုင်ကြသည်။

မိမိ၏ တာဝန်မဲ့သည့်အဖြစ်၊ အရည်အချင်း မမီသည့်အဖြစ်ကို ဖုံးကွယ်၍ အာဏာဖြင့် ဇွတ်အတင်း ကာကွယ် ပိတ်ဆို့ထားလျှင် အာဏာမက်သူအဖြစ် သမုတ်ခြင်း ခံရသည်။ လိုအပ်သည်ထက် ပို၍ လောဘကြီးသူဆိုလျှင် ရွံရှာခံရသည်မှာ လောက ဓမ္မတာပင်။

နအဖသည် အာဏာမက်မောသည့် အစိုးရတရပ်အဖြစ် ပြည်သူတို့၏ တံတွေးခွက်တွင် ပက်လက် အမျောခံမည်လော။

နအဖ အာဏာပိုင်တို့သည် စစ်တပ်အကြီးအကဲများ ဖြစ်၍ တပ်မတော်တခုလုံးကို အပေါ်စီးမှ လုံးဝ ချုပ်ကိုင်ထားသည်။ သို့ဖြစ်၍ တပ်မတော်သည် အာဏာမက်မောသူတို့၏ လက်ကိုင်တုတ်အဖြစ် အသုံးချခံ၍ သမိုင်းတွင် နာမည်ဆိုးဖြင့် ဂုဏ်သိက္ခာ အမဲ့ခံမည်လော။

နိုင်ငံရေး အလုပ်တွင် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက် ထိန်းသိမ်းရေး၊ နိုင်ငံသားတို့၏ အကျိုးစီးပွားကို တရားမျှတစွာ အာမခံ တာဝန်ယူပေးနိုင်ရေးတို့က အဓိက အချက်များအဖြစ် ပါဝင်နေကြသည်။ အဆိုပါကိစ္စများကို အချိန်ပြည့် တာဝန်ယူရန် ပြည်သူအချို့တို့က နိုင်ငံရေးလောကသို့ ခြေစုံပစ် ၀င်လာတတ်ကြသည်။ ပြည်သူတို့၏ ယုံကြည်ကိုးစားမှုကို ခံယူ၍ မိမိတို့ဘ၀များကို အနစ်နာခံပြီး နိုင်ငံရေးတာဝန်ကို မြင့်မြတ်သော အသိစိတ်ဖြင့် ထမ်းဆောင်ကြသည်။ လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေတွင် နိုင်ငံရေးသမားတို့သည် ပြည်သူတို့ အားကိုးယုံကြည် လေးစားခံရသည့်ဘ၀မှ အလျှောကျခံမည် မဟုတ်သည်မှာ သေချာသည်။

မြန်မာပြည်သူတို့၏ အခြေခံ လူ့အခွင့်အရေးများမှာ နိုင်ငံတကာ ကြမ်းခင်းအဆင့်ကို မီရန် ဝေးစွ။ လူ့အခွင့်အရေး အချိုးဖောက်ခံရသည့် ကမ္ဘာ့နိုင်ငံများ၏ အောက်ဆုံးအဆင့်တွင် ရှိနေသည်။ ထို့ပြင် မြန်မာအာဏာရှင်တို့က တနေ့တခြား ပိုမို၍ တင်းကြပ်စွာ ရက်ရက်စက်စက် အုပ်ချုပ်နေသည့်အတွက် လူ့အခွင့်အရေးကို လေသံမဟရဲအောင်ပင် ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံနေကြရသည်။

မြန်မာနိုင်ငံကို တိုင်းတပါးသားတို့က ကျူးကျော်တိုက်ခိုက် ၀င်ရောက် အုပ်ချုပ်နေသည် မဟုတ်ပဲ မိမိတို့ မြန်မာလူမျိုး အချင်းချင်း တမြေတည်းနေ တရေတည်းသောက်သည့် သွေးသားရင်းတို့က အာဏာရှင် စိတ်ရူးပေါက်၍ ထင်တိုင်းကြဲ အုပ်ချုပ်နေခြင်းသာ ဖြစ်သည်။ ပြည်သူတို့သည် အာဏာရှင်တို့၏ နင်းပြားဘ၀ဖြင့် ဆက်လက်၍ နစ်နာဆုံးရှူံး ခံနေဦးမည်လော။ စိတ်ချလုံခြုံမှု မရှိသော အနာဂတ်ကို သားစဉ်မြေးဆက်တို့အား အမွေပေးခဲ့တော့မည်လော။ မေးရပါတော့မည်။ သို့သော် ဤမေးခွန်းများကား ပြည်သူတို့၌ ခိုင်ခံ့သော အကျိုးစီးပွား ဖြစ်ထွန်းစေရန် တွန်းအားတရပ်အဖြစ် နှိုးဆော်လိုက်ခြင်းသာ ဖြစ်သည်။

အားလုံးကပင် အလေးအနက် စဉ်းစားကြရန်နှင့် တိုင်းပြည်အနာဂတ်အတွက် လုပ်သင့် လုပ်ထိုက်သည့် ကိစ္စများကို ရဲဝံ့ပြတ်သားစွာ အချိန်မနှောင်းမီ ပြင်ဆင် လုပ်ကိုင်ကြရန် လိုအပ်နေသည်။

အားလုံးဟုဆိုရာတွင် အဓိကအားဖြင့် ပါဝင်နေရမည့် အုပ်စုကြီး (၃)ခုကို ဆိုလိုသည်။ (၁) လက်ရှိ နအဖ စစ်အစိုးရနှင့်တကွ တပ်မတော် တခုလုံးနှင့် နိုင်ငံ့ဝန်ထမ်းများ အားလုံး၊ (၂) နိုင်ငံရေးပါတီများ၊ နိုင်ငံရေး လှုပ်ရှားသူများနှင့် တိုင်းရင်းသား မျိုးနွယ်စုတို့၏ ကိုယ်စားလှယ်များ၊ (၃) မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသား ပြည်သူတရပ်လုံးတို့ဖြစ်သည်။

တဦးနှင့် တဦးသည် ရန်သူများ မဟုတ်ကြပါ။ တိုင်းခြားပြည်ခြား နိုင်ငံခြားသားများလည်း မဟုတ်ကြပါ။ မြန်မာနိုင်ငံအရေးအတွက် လူမျိုးတူအချင်းချင်း ပူးပေါင်းညှိနှိုင်း လက်တွဲလုပ်ဆောင်ကြရမည့် သူများသာ ဖြစ်သည်။

စစ်အစိုးရဘက်တွင် မဖြစ်မနေ လုပ်သင့်သည်များ ရှိနေသည်။ အနာဂတ် တိုင်းပြည်အရေးကို မြော်မြင်၍ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အရင်ဆုံး ဦးစားပေး တည်ဆောက်သင့်သည်။ ယင်းမှတဆင့် ပြည်သူတို့၏ ဆန္ဒ သဘောထားများကို လေးစားလျက် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား ကိုယ်စားလှယ် အစစ်အမှန်များဖြင့် တွေ့ဆုံဆွေးနွေး သင့်သည်။ ထို့နောက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကြားကာလအတွက် လူထုလက်ခံနိုင်သော နိုင်ငံရေးလမ်းစဉ်များကို စနစ်တကျ အကောင်အထည်ဖော်ရန် တာဝန်ရှိသင့်သည်။ အထက်ပါ လုပ်ငန်းစဉ်များကို တားဆီး ပိတ်ဆို့နေသော ကိစ္စမှန်သမျှ ဖယ်ရှားသင့်သည်။ ဥပမာအားဖြင့် နိုင်ငံရေးပုဒ်မများ၊ သတင်းမီဒီယာ ပိတ်ဆို့မှုများ ဖြစ်သည်။

ထိုနည်းတူစွာ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများနှင့်တကွ မြန်မာပြည် အနေအထားအရ မပါမဖြစ်သော တိုင်းရင်းသား မျိုးနွယ်စုတို့၏ ကိုယ်စားလှယ်များကလည်း အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တွေ့ဆုံ ဆွေးနွေးရေး၊ လူထုလိုလားသည့် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ အစစ်အမှန်ထွက်ပေါ်လာရေး စသည့် အရေးကြီးကိစ္စများကို ပြတ်သားစွာ ပါဝင်လုပ်ဆောင်နိုင်မည့် နည်းလမ်းများကို ရှာဖွေ လုပ်ဆောင်ရန် လိုအပ်သည်။

ဥပမာ- ကိုယ်ရေးကိုယ်တာ ကိစ္စဖြင့် မလာရောက်နိုင်သော တာဝန်ရှိသူ တဦးကြောင့် အစည်းအဝေး တခုလုံးကို ဖျက်သိမ်းပေးရခြင်းသည် ဒီမိုကရေစီ ကျင့်စဉ် မဟုတ်ကြောင်း အသိအမှတ်ပြုကာ လုပ်စရာ ရှိသည်ကို ဆက်လုပ်သွားရန် လိုအပ်ခြင်းမျိုးဖြစ်သည်။ အစည်းအဝေးလည်း မတက်၊ အများသဘောတူ ဆုံးဖြတ်ချက်အတိုင်း လက်တွဲပါဝင် လုပ်ဆောင်ရန်လည်း ဆန္ဒမရှိသူတဦးအား စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေရသည့် အခြေအနေမျိုး မြန်မာနိုင်ငံတွင် ရှိမနေသင့်တော့ပြီဖြစ်ကြောင်း ဂရုပြုရပါတော့မည်။

တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းများသည်လည်း နိုင်ငံ့အနာဂတ်ကို အဆုံးအဖြတ်ပေးရာတွင် မိမိတို့ကိုယ်တိုင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေကြောင်း အသိအမှတ်ပြုလျက် အမိန့်နာခံခြင်းနှင့် အကြောက်တရားကို လေးနက်စွာ စဉ်းစားသုံးသပ်ကာ ရဲဝံ့ပြတ်သားစွာ ဆုံးဖြတ်ရန် လိုအပ်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးကလည်း လက်ရှိ ဆုံးရှူံး နစ်နာမှုများမှ လွတ်မြောက်စေရုံမက စိတ်ချလုံခြုံရသော မိမိတို့အနာဂတ်ကိုပါ ဖန်တီးပေးနိုင်မည့် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ် ပေါ်ထွက်လာနိုင်ရေးအတွက် နိုင်ငံရေး အသိတရားများ နိုးကြားစွာဖြင့် တညီတညွတ် ပါဝင် လုပ်ဆောင်ရန်၊ ခေါင်းဆောင်ကောင်းတို့၏ ကြိုးပမ်းချက်များကို အချိန်မဆိုင်း တခဲနက် ထောက်ခံကြရန် လိုအပ်သည်။

ယနေ့မြန်မာနိုင်ငံတွင် တိုင်းပြည်ချစ်သူ တဦးတယောက်သည် လက်ရှိ ပစ္စုပ္ပန်နှင့် အနာဂတ်ကာလများ အတွက် ပူပင်သောက ကင်းဝေးစွာ နေနိုင်ပါမည်လားဟု သံသယ ၀င်စရာ ကောင်းလောက်အောင် ဖြစ်ပျက်နေသည်။ အဆိုပါ အခြေအနေမျိုးကို မည်သူ တဦးတယောက်မှ ကျေနပ် နှစ်သိမ့် စိတ်ချနိုင်မည် မဟုတ်ချေ။ သို့ဖြစ်လျှင် မိမိအတွက်လည်း အကျိုးရှိ၊ အများအတွက်လည်း အကျိုးရှိမည့် နိုင်ငံရေးအလုပ် တခုခုကို အုတ်တချပ် သဲတပွင့်အဖြစ် ပါဝင် လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ရပါတော့မည်။

လွင်အောင်စိုး

၂၀၀၈ မတ်လ (၂)ရက်

Download this article: right-decision-at-the-crossroads.pdf

0 comments:

Blog Archive

About Me

အာဏာရှင်စနစ်ကို တော်လှန်တဲ့ နိုင်ငံရေးစာတွေ ရေးပါတယ်။ အာဏာရှင်စနစ်ကို ချုပ်ငြိမ်းအောင် လုပ်နိုင်မှ ဒီမိုကရေစီ အစစ်အမှန် ပေါ်ထွန်းလာမှာ ဖြစ်တယ်လို့ ယုံကြည်ထားသူပါ။ အာဏာရှင် စနစ်အောက်မှာ လူဖြစ်ရှုံးနေရတဲ့ မြန်မာပြည်သူ လူထုတရပ်လုံး နိုင်ငံရေး အသိတရားတွေ တိုးပွားလာအောင်၊ နိုင်ငံရေး စိတ်ဓါတ်တွေ နိုးကြားလာအောင် ပါဝင် ကူညီပေးပါတယ်။ ဒီဆောင်းပါးတွေကို “Save Burma” နဲ့ “Burma Digest” ဘလော့ဂ်တွေမှာလည်း ဖော်ပြထားပြီး ဖြစ်ပါတယ်။