မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် နိဂုံးချုပ်တော့မည်။
တကမ္ဘာလုံးက မျှော်လင့်ခြင်းကြီးစွာဖြင့် စောင့်ကြည့်နေသည်။
ပြည်တွင်းပြည်ပ လုပ်နိုင်သူတွေက ၀ိုင်းလုပ်ပေးနေသည်။
အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရေးကို မြန်မာပြည်သူတရပ်လုံး၊ တကမ္ဘာလုံးက မျှော်လင့်ထားသည်။
-------------------
အပေါ်ယံကြည့်လျှင် နအဖ စစ်ခေါင်းဆောင်များက တိုင်းပြည်ကို ထိန်းနိုင်သယောင်ယောင်တော့ ရှိသည်။
တကယ်တမ်းမှာ အခြေမခိုင်တော့။
စစ်ခေါင်းဆောင်တို့အနေဖြင့် လူသတ်လက်နက်မပါပဲ ဘာမှ မလုပ်တတ်တော့။
မတရားသည့် အမိန့်များ၊ ဥပဒေ မဟုတ်သည့် ဥပဒေများ မပါပဲ ဘာမှ မလုပ်တတ်တော့။
နအဖ စစ်ဗိုလ်ချုပ်တို့၏ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုများတွင် အားနည်းချက် များစွာ ရှိနေသည်။
ထိုအားနည်းချက်များကို သိရှိ အသုံးချခြင်းဖြင့် လူထုဘက်မှ အားသာအောင် လုပ်ယူနိုင်သည်။
- စနစ်တကျ လုပ်တတ်ဖို့လိုသည်။
- စုစုစည်းစည်း လုပ်တတ်ဖို့လိုသည်။
- စာတွေ့-လက်တွေ့ ဆက်စပ် လုပ်တတ်ဖို့လိုသည်။
- ခေတ်မီနည်းပညာနှင့် အသုံးအဆောင်များကို ရနိုင်သမျှ အသုံးချ၍ လှုပ်ရှားမှုကို လျင်မြန် သွက်လက်စေဖို့၊ လုံခြုံစိတ်ချရဖို့ လိုသည်။
- အချိန်အခါကိုက် ဖြစ်စေရန် နိုင်ငံရေး အကွက်အကွင်းကောင်းကို ဖန်တီးဖို့ လိုသည်။
နအဖသည် ပြည်သူတို့ လက်မခံနိုင်သော အမှားများကို ပြင်ရန် မကြိုးစားပဲ နောက်ထပ် တခုပြီးတခု ကျူးလွန်လျက်သာ ရှိနေသည်။
အလုံးစုံ ပျက်သုန်းရေးကို နအဖကသာ ဦးတည်ပြီး တိုင်းပြည်နှင့် အမျိုး-ဘာသာ-သာသနာ တခုလုံးကို ဖျက်ဆီးရန် ရည်ရွယ်နေသည်။
- တိုင်းပြည်ပိုင် သယံဇာတများကို ရေရှည်ထိန်းသိမ်းရန် မျှော်မှန်းချက် မရှိပဲ ရသမျှ သိမ်းကြုံး ထုတ်ယူ ရောင်းစားပစ်ပြီး ကိုယ်ကျိုးအတွက်သာ အသုံးချနေသည်။
- လောင်စာဆီဈေးများကို (၅)ဆအထိ မြှင့်တက်ပြီး လူထု စားဝတ်နေရေးကို ပိုမိုကျပ်တည်း စေကာ လူထု အုံကြွလာအောင် တမင်တကာ ဖန်တီးနေသည်။ (မကြာမီအချိန်အတွင်း လောင်စာဆီ ခွဲတမ်းများကို တ၀က်လျှော့ချမည်ဟု ကြားသိနေရပြန်သည်။ လူထုအပေါ် နောက်ထပ် ထိုးနှက်ချက်တခု ဖြစ်သည်။)
- ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များကို ကာယကံ၊ ၀စီကံ၊ မနောကံဖြင့် ဘာသာမဲ့များပမာ ရက်ရက်စက်စက် ကျူးလွန်နေသည်။
- နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းများဖြင့် ဂုဏ်သိက္ခာရှိရှိ အမြော်အမြင်ရှိရှိ ဖြေရှင်း ရန် မကြိုးစားပဲ ရက်စက်ကောက်ကျစ်စွာ အဆင်အခြင်မဲ့ ပရမ်းပတာ တုန့်ပြန်နေခြင်းဖြင့် ပြဿနာများကို ပိုမို ကြီးမား ရှုပ်ထွေးနေစေသည်။
- ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာနှင့် မြန်မာပြည်သူ လူထုက တောင်းဆိုနေသည့်
- လူ့အခွင့်အရေးများ ပြည့်ဝရေး၊
- တရားဥပဒေ စိုးမိုးရေး၊
- ဒီမိုကရေစီ ဖော်ဆောင်ရေး၊
- အမျိုးသား ပြန်လည် သင့်မြတ်ရေး၊
- ကလေးစစ်သားများ အသုံးချမှု ရပ်ဆိုင်ရေး၊
- အဓမ္မ လုပ်အားခိုင်းစေမှု ပပျောက်ရေး၊
- အေအိုင်ဒီအက်စ် ၊ ငှက်ဖျား၊ တီဘီရောဂါ အပါအ၀င် ကလေးသူငယ်များ အဟာရဓါတ် မပြည့်ဝမှု၊ မွေးကင်းစ ကလေးများ သေဆုံးနှုန်း မြင့်တက်နေခြင်း၊ လူထုကျန်းမာရေး အထောက်အပံ့များ စသည့် အဓိက ကျန်းမာရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ရေး၊
- သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊
- လူကုန်ကူးမှု ပပျောက်ရေး၊
- မူးယစ်ဆေးဝါးများ ထိန်းချုပ်ရေး၊
- အိုးအိမ်မဲ့ စွန့်ခွာ ထွက်ပြေးရသည့် အဖြစ်များ မရှိအောင် ထိန်းချုပ်တားဆီးရေး၊
- အထက်အမိန့်အရ ဆိုသည့်စကားဖြင့် အစဉ်အလာ စီပွားရေးများအား အဓမ္မ ဖျက်သိမ်း၊ ပိတ်ဆို့၊ ပြောင်းလဲ လုပ်ကိုင်စေခြင်းများကို ရပ်ဆိုင်းရေး၊
- ငွေကြေးဖောင်းပွမှုကို စိစစ် ထိန်းချုပ် ပြုပြင်ပြောင်းလဲရေး
- တရားမျှတမှု မရှိသော အခွန်များကို အဓမ္မ ကောက်ခံခြင်းများမှ ရပ်ဆိုင်းရေး၊
- လွတ်လပ်စွာ ခရီးသွားလာ နေထိုင်မှုများအပေါ် ပိတ်ပင်နှောင့်ယှက် တားဆီးမှုများ ကင်းဝေးရေး၊
- လွတ်လပ်စွာ ရေးသား ပြောဆို ဖော်ထုတ်မှုများကို ကန့်သတ် ပိတ်ပင်ခြင်းများ မရှိစေရေးနှင့် သတင်းမီဒီယာ လွတ်လပ်ခွင့် ရှိရေး၊
- နိုင်ငံရေး အကျဉ်းသမားများအား မတရား ဖမ်းဆီးထားခြင်းမှ အမြန်ဆုံး လွှတ်ပေးရး၊
- နိုင်ငံရေးပါတီများ၏ လှုပ်ရှားခွင့်များကို ပိတ်ပင်တားဆီးထားခြင်းများမှ ရုပ်သိမ်းရေး၊
- လူသားချင်း စာနာထောက်ထားမှုဖြင့် နိုင်ငံတော်မှ ပြည်သူများကို ထောက်ပံ့ကူညီရေး၊ နိုင်ငံတကာ အကူအညီများကို လွတ်လပ်စွာ ခွင့်ပြုရေးနှင့် ပြည်တွင်း-ပြည်ပ လူမှုဝန်ထမ်း အသင်းအဖွဲ့များကို လွတ်လပ်စွာ လုပ်ဆောင်ခွင့်ပေးရေး၊
အစရှိသည့် ကိစ္စများစွာတို့ကို နအဖ ခေါင်းဆောင်တို့က လစ်လျူရှုနေသရွေ့ ကာလပတ်လုံး မြန်မာနိုင်ငံတွင် ပြဿနာများ မုန့်လုံစက္ကူကပ် ဖြစ်နေပေလိမ့်မည်။
အထက်ပါ ပြဿနာများကို အပြုသဘောဆောင်သည့် (လက်တွေ့ အကျိုးဖြစ်ထွန်းလာသည့်) နည်းလမ်းများဖြင့် မဖြေရှင်းသရွေ့ နအဖ စစ်ခေါင်းဆောင်များ ဘာလုပ်လုပ် မြန်မာပြည်သူတရပ်လုံးနှင့် နိုင်ငံတကာမှ လက်မခံနိုင်သည့် အနေအထား ဖြစ်နေသည်။
လက်မခံနိုင်သရွေ့ နအဖကို မည်သူမျှ ထောက်ခံပေးမည် မဟုတ်။ ယိုင်းပင်းကူညီပေးမည်လည်း မဟုတ်။
ထောက်ခံသူ၊ ယိုင်းပင်းကူညီသူ မရှိလျှင် မည်သည့်အာဏာရှင်မှ မရပ်တည်နိုင်။
နအဖ သက်ဆိုးရှည်ရန် ထောက်တိုင်အဖြစ် အသုံးချခံနေရသူများတွင် အပြောင်းအလဲများ မကြုံစဖူး ဖြစ်ပေါ်လာနေသည်။
နအဖအား ထောက်ခံ-ယိုင်းပင်းကူညီနေသူများက နအဖအပေါ် စိတ်ပျက်နေကြသည်၊ ပိုမိုကောင်းမွန်သော ပြည်သူ့အကျိုးပြု အစိုးရ တရပ်၏ ခေါင်းဆောင်မှုကို မျှော်လင့်နေကြသည်ဟု ဆိုလိုသည်။
နအဖ၏ အသုံးချခံရသူမှန်သမျှ မည်သည့်နေ့တွင် မိမိတို့အလှည့်ရောက်လာမည်ကို စိုးရိမ် ကြောင့်ကျ ပူပန် နေရသည်။
အထက် အထက် မှန်သမျှ လာဘ်ပေး၍ မဆုံး၊ မတရား အနိုင်ကျင့်နေမှန်းသိလျက် ခေါင်းငုံ့ခံ၍ မဆုံး ဖြစ်နေရတော့သည်။
အသက်ရှင် ရပ်တည်ရန် အခြားလုပ်စရာများကို ရွေးချယ်ခွင့်မရှိ၍သာ (သို့) လမ်းစ မတွေ့၍သာ လက်ရှိ အလုပ်တွင် စိတ်မပါပဲ၊ မပျော်ပိုက်ပဲ မှေး၍ လုပ်နေရသူများ ဖြစ်လာသည်။
အထက်ကလူ စိတ်ထဲရှိသရွေ့ ပြောလိုက်သည့်စကားမှန်သမျှ အမိန့်ဖြစ်နေခြင်းသည် တိုင်းပြည်ကို စနစ်တကျ ရေရှည် အုပ်ချုပ်ရန် မလွယ်သည့် အဓိပ္ပာယ်ဖြစ်သည်။
အထက်အမိန့်အရဆိုလျှင် ကိုယ့်သေတွင်း ကိုယ်တူး၍ သေပေးရမည့်သဘော ရှိနေသည်။
ယနေ့ခေတ်ကာလကား ထိုသို့သော အမိန့်ပေးသူကိုပင် ပြန်လည် တရားစွဲဆိုနိုင်သော ခေတ်ဖြစ်သည်။
လူ့အခွင့်အရေး ပြည့်ဝသောခေတ် ဖြစ်သည်။
တရားဥပဒေ စိုးမိုးမှု ရှိသော ခေတ်ဖြစ်သည်။
မီဒီယာ လွတ်လပ်ခွင့်ရှိသော ခေတ်ဖြစ်သည်။
ကမ္ဘာတွင် ဖြစ်ပျက်နေသမျှ မိနစ်ပိုင်း နာရီပိုင်းအတွင်း သိရှိနိုင်သည့် ခေတ်မီအသုံးအဆောင်များကို အလွယ်တကူ အသုံးချနိုင်သောခေတ် ဖြစ်သည်။
မြန်မာတို့ မျက်စိပွင့်နေပြီ။
တိုင်းပြည်တွင် စစ်မှန်သော ဒီမိုကရေစီ ရှိမှသာ တရားဥပဒေ စိုးမိုးမှု ရှိမည်၊ လူ့အခွင့်အရေး ပြည့်ဝမည် ကို လူတိုင်းက သဘောပေါက်နေသည်။
မြန်မာတို့ မျက်စိ မပွင့်နိုင်အောင်၊ နားမစွင့်နိုင်အောင်။ ခေတ်နှင့်အညီ အသိဥာဏ် မတိုးတက်နိုင်အောင် နအဖ စစ်ခေါင်းဆောင်တို့က ဖိနှိပ်ချုပ်ချယ်ထားသည်။
မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု မရှိအောင် စစ်ဗိုလ်ချုပ်များက ချယ်လှယ်ဖန်တီးနေသည်။
မြန်မာပြည်သူများ၌ လူ့အခွင့်အရေး ပြည့်ပြည့်၀၀ ရှိလာမည်ကို စစ်အာဏာရှင်တို့က ပိတ်ပင်တားဆီး နေသည်။
နအဖ အကြောက်ဆုံး ရန်သူများ စာရင်းတွင် လွတ်လပ်သော မီဒီယာ၊ လူထုကို အလုပ်အကျွေးပြုသော မီဒီယာလည်း ပါဝင်သည်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းအောင် ပြည်သူတို့က မီဒီယာဖြင့် ၀ိုင်းဝန်းပံ့ပိုးဖို့ လိုသည်။
အသိပညာနှင့် ဗဟုသုတများ ပြန့်နှံ့အောင် တတ်စွမ်းသမျှ ဖြန့်ချိပေးဖို့ လိုသည်။
ကြောက်တတ်သဖြင့် ဖြဲခြောက်နေသည့် နအဖကို ကြောက်နေရသည့် အဖြစ်ဆိုးမှ ရုန်းထွက်နိုင်အောင်
အကြောက်တရား ကင်းဝေးရေးကို လေးလေးနက်နက် စဉ်းစားဆင်ခြင်သင့်ပြီ။
ဒါသည်ပင် အာဏာရှင် ဗိုလ်ချုပ်များ၏ အကြောက်တရား ဖြစ်သည်။
- စစ်မှန်သောနိုင်ငံရေးသမားများကို အမှန်တကယ် နိုင်ငံရေး မလုပ်ဖူးသည့် နအဖ စစ်ဗိုလ်ချုပ် များက ကြောက်နေသည်။
- ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာနေသော မျိုးဆက်သစ် နိုင်ငံရေးသမားများကို စစ်ဗိုလ်ချုပ်ကြီးများက ကြောက်နေသည်။
- ခေတ်သစ်-စနစ်သစ်က လွတ်လပ်ခွင့်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြည့်ဝမှုကို တောင်းဆို နေသည့်အတိုင်း လူထုက တောင်းဆိုလာမည်ကို မြန်မာဗိုလ်ချုပ်များက ကြောက်နေသည်။
------------
ပြည်သူတို့အနေဖြင့် မဟာဗျူဟာမြောက် အကြမ်းမဖက် လူထုလှုပ်ရှားမှုများကို အချိန်အခါကိုက် စနစ်တကျ အပြည့်အ၀ ဆင်နွှဲကြရန် လိုသည်။ ဒါသည် နိုင်ငံရေးလမ်းစဉ်တခုသာ ဖြစ်သည်။
စစ်ခေါင်းဆောင်တို့အပေါ် ရန်ငြိုး ကလဲ့စားဖြင့် ချေမှုန်းပစ်ရန် လုံးဝမဟုတ်။
သူတို့တွင်လည်း လူ့အခွင့်အရေးများကို အပြည့်အ၀ ခံစားခွင့် ရှိထိုက်သည်။
နိုင်ငံရေးသည် စစ်မြေပြင် မဟုတ်။
တွေ့ဆုံညှိနှိုင်း ဆွေးနွေး အဖြေရှာရေးသည်သာ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ရေး လမ်းစဖြစ်သည်။
အမျိုးသား ပြန်လည်သင့်မြတ်ရေးသည်သာ ဒီမိုကရေစီ ရရှိရေး၏ ငြိမ်းချမ်းသော နိုင်ငံရေးနည်းလမ်း ဖြစ်သည်။
လူထုလှုပ်ရှားမှုသည် အာဏာရှင်စနစ်ကို အပြီးတိုင် ချုပ်ငြိမ်းစေ၍ ဒီမိုကရေစီ ထွန်းကားရန်သာ ရည်ရွယ်သည်။
ပြည်သူ့အောင်ပွဲသည် ပြည်သူတို့၏လက်တကမ်းမှာ ရှိနေပြီ။
မြန်မာပြည်သူတိုင်း နိုင်ငံတကာ ပြည်သူများကဲ့သို့ ဒီမိုကရေစီကို မုချမသွေ ခံစားနိုင်ခွင့် ရှိလာတော့မည်။
လွင်အောင်စိုး
၂၀၀၈ ဇန်န၀ါရီလ (၁)ရက်
0 comments:
Post a Comment